အိန္ဒိယ-မြန်မာ နယ်စပ်အနီး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီလိုလားသော ပျူစောထီးများက အိန္ဒိယ နိုင်ငံသား နှစ်ဦးကို အင်္ဂါနေ့တွင် ပစ်သတ်လိုက်ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည်။
အသက် ၂၈ နှစ်နှင့် ၃၈ နှစ် အသီးသီးရှိသော တမီလ်လူမျိုးနှစ်ဦးသည် မိတ်ဆွေတဦး၏ မွေးနေ့ပွဲသို့ သွားရောက်စဉ် အင်္ဂါနေ့ မွန်းလွဲပိုင်းက တမူးမြို့နယ်တွင် ပစ်သတ်ခံရကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ် (PDF) က ပြောသည်။
၎င်းတို့သည် ပျူစောထီးများ စခန်းချထားသည့် ဟေဇင်ရွာအနီးတွင် ဆိုင်ကယ်စီးလာစဉ် သတ်ဖြတ်ခြင်း ခံရသည်။ ၎င်းတို့ကို ရပ်တန့်ရန် ပျူစောထီးများက ပြောသောအခါ ကြောက်လန့်မောင်းပြေးရာမှ လိုက်လံ သတ်ဖြတ်ခြင်းခံရကြောင်း တမူး PDF ပြောခွင့်ရသူတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“သူတို့ကို ပျူစောထီးတွေက တယောက်ကို ၃ ချက်စီ ပစ်လိုက်လို့ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟုလည်း ထိုပြောခွင့်ရသူက ပြောသည်။
၎င်းတို့ နှစ်ဦးလုံးသည် တမူးမြို့တဘက် အိန္ဒိယဘက်ခြမ်း မိုရေးမြို့မှဖြစ်သည်။ ၎င်းတို့သည် ကုန်သည်များဖြစ်ပြီး ငွေလဲလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။
တမူး-မိုရေး နယ်စပ်ဂိတ်သည် မြန်မာကုန်ပစ္စည်းများ အိန္ဒိယသို့ ပို့ရန် အဓိကလမ်းကြောင်း ဖြစ်သည်။
တမူးတွင်နေထိုင်သူ ၇၀ ရာခိုင်နှုန်းသည် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရပြီး နယ်စပ်မှ နေ့စဉ် လူအများအပြား ဖြတ်သန်းသွားလာကြသည်။ မိုရေးတွင် နေထိုင်သူ အများအပြားလည်း တမူးသို့ ဖြတ်သန်း သွားလာကြသည်။
သို့သော် အင်္ဂါနေ့ပစ်ခတ်မှု နောက်ပိုင်းတွင် မြန်မာကုန်သည်များနှင့် ဈေးသည်များသည် နယ်စပ်ကို ဖြတ်ကျော်ရန် ကြောက်လန့်နေကြောင်း တမူးမှ ကုန်သည်တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“သတ်ဖြတ်တဲ့သတင်းကြားပြီးနောက် အိန္ဒိယနိုင်ငံသားတွေ အရမ်းဒေါသထွက်နေလို့ လတ်တလော ဘယ်သူမှ မိုရေးကို မသွားရဲဘူး။ သွားရင် အရိုက်ခံ၊ အသတ်ခံရမယ်လို့ ထင်နေကြတယ်” ဟု ၎င်းက ပြောသည်။
ဗုဒ္ဓဟူးနေ့နံနက်တွင် တမီလ် ၂၀၀ နီးပါးသည် နယ်စပ် အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ ဘောလုံးကွင်းတခုတွင် စုဝေးပြီး ထိုသူနှစ်ဦး သေဆုံးခြင်းအတွက် လက်စားချေရန် တောင်းဆိုကြသည်။
“ဒီပြဿနာကို မရှင်းနိုင်မချင်း ကျနော်တို့ ဒုက္ခရောက်မှာပဲ” ဟု တမူးမှ ကုန်သည်တဦးက ပြောသည်။
ထိုသူ နှစ်ဦးကို မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် ခါးပိုက်ဆောင်တပ် ပျူစောထီးက သတ်ဖြတ်ခြင်း ဖြစ်ကြောင်း အိန္ဒိယအွန်လိုင်းသတင်းစာ Republic News India က ဖော်ပြသည်။
အိန္ဒိယစစ်တပ်သည် ထိုသူ နှစ်ဦး၏ အလောင်းများ ပြန်လည်ရရှိရေးနှင့် မည်သည့်အတွက် အသတ်ခံရသည်ကို သိရန် မြန်မာစစ်ကောင်စီတပ်များကို ဆက်သွယ်နေသည်။
You may also like these stories:
ရွာလုံးကျွတ်မီးတိုက်သည့် စစ်တပ်ကြောင့် ပြာပုံဘ၀ရောက်ကြရသူများ
တမူးခရိုင်တွင် သစ်ခိုးထုတ်ခံရမှု ဆိုးရွားစွာဖြစ်ပေါ်နေ
ကလေး-တမူး နယ်စပ်ကုန်သွယ်ရေးဂိတ် တပတ်ပိတ်