စစ်ကောင်စီက ဖမ်းထားသော မော်ဒယ်သရုပ်ဆောင် သင်ဇာဝင့်ကျော် အပါအဝင် ၆ ဦးနှင့် ပတ်သက်၍ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA က တာဝန်ယူ ဖြေရှင်းနေကြောင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်း ဟန်က ဧရာဝတီကို ပြောသည်။
သင်ဇာဝင့်ကျော်သည် SSPP/ SSA ၏ ကမ်းလှမ်းချက်အရ ဇွန် ၃ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် အတွင်းရှိ ဟိုက်ပါရေတံခွန်နှင့် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး မှတ်တမ်းများကို သွားရောက် ရိုက်ကူးခဲ့ပြီး နောက် ၎င်းနှင့်အတူ အပေါင်းအပါ ၆ ဦးတို့ ရန်ကုန်မြို့သို့ ပြန်လာစဉ် ကျေးသီးနှင့် မိုင်းရယ်နယ်စပ်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ခေါ်ယူစစ်ဆေး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့က ဖိတ်တာဆိုတော့ ကျနော်တို့မှာ တာဝန်ရှိတယ်။ သူတို့တဖွဲ့လုံး လွတ်မြောက်ဖို့ အတွက် ကျနော်တို့ ကြိုးစားနေတယ်။ မိသားစုကလည်း စိတ်ပူနေမှာလေ။ ကျနော်တို့ ဖိတ်ကြားခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ကြိုးစားဆောင်ရွက်နေတယ်။ ဒီနေ့ကတော့ အဖြေတခုခုတော့ ထွက်မယ် ထင်ပါတယ်။ ဘာကြောင့် ဖမ်းတာလဲ ဆိုတာတော့ တပ်မတော်ကိုပဲ မေးရမယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ပြောသည်။
မော်ဒယ်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်း မာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော်မှ ကမ်းလှမ်းရိုက်ကူးနေခြင်း ဖြစ်ကြောင်းကိုလည်း SSPP/ SSA ဘက်မှ သင်ဇာဝင့်ကျော်၏ ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွက် ပျံ့နှံ့ခဲ့စဉ်ကတည်းက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
“သရုပ်ဆောင်ဆိုတာမျိုးက ပိုက်ဆံပေးပြီးငှားရင် သွားကြမှာပဲ။ ကျနော်တို့ အပေးအယူ လုပ်ဖို့တော့ မရှိပါဘူး။ သူတို့ ဖမ်းထားတာ သူတို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့ ငှားတာဆိုတော့ ကျနော်တို့ ပိုက်ဆံပေးဖို့ တာဝန်ရှိတယ်။ ဖမ်းသွားတယ်ဆိုတာက ဘာအကြောင်းကြောင့် ဖမ်းသွားတယ်ဆိုတာ သူတို့နဲ့ သက်ဆိုင်တယ်။ အပေးအယူတော့ မရှိဘူး။ တဖွဲ့လုံးရဲ့ လုံခြုံရေးကို ကျနော်တို့က တာဝန်ယူရမှာ ဖြစ်တယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။
SSPP သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးခဲ့သော်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်မူ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
SSPP သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေး နွေးပွဲသို့ တက်ရောက်ရန် စာရင်းပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ထဲတွင် ပါဝင်သော်လည်း စစ် ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိသေးကြောင်း သိရသည်။
ယခု လဆန်းပိုင်းအတွင်း မိုင်းရှူးနှင့် ကျေးသီးမြို့နယ်တို့တွင် စစ်ကောင်စီနှင့် SSPP တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး မိုင်းရှူးမြို့နယ်ရှိ SSPP စခန်း ၃ ခုကို ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး ရွှေ့ဆိုင်းပေးရန် စစ်ကောင်စီက အကြောင်းကြား ခဲ့သော်လည်း SSPP အနေဖြင့် ရွှေ့ပေးမည်မဟုတ်ဟု အကြောင်းပြန်ခဲ့သလို နှစ်ဖက်တပ်များကြား အင်အား တိုးချဲ့ခြင်း နှင့် ဇူလိုင်လဆန်းတွင် မိုးမိတ်မြို့နယ်အတွင်း SSPP နှင့် စစ်ကောင်စီကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။