သတင်း

ဆဲဗင်းဂျူလိုင် နှစ် ၆၀ တိုင်အောင် အာဏာရှင် တိုက်ဖျက်ရေး မပြီးဆုံးသေး ဟုဆို

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ကောင်စီက ရန်ကုန်တက္ကသိုလ် ကျောင်း သားသမဂ္ဂ အဆောက်အဦကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ် ၆၀ ပြည့်သည့်တိုင်ခဲ့သော်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေးမှာ မပြီးဆုံးသေးကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ယနေ့ ကြေညာချက်ထုတ်သည်။

ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်များသည် ၎င်းတို့၏ ဖက်ဆစ် အာဏာတည်မြဲရေးအတွက် ဖိနှိပ်ရေး ယန္တရားမျိုးစုံ သုံးကာ လူထုကို အရက်စက်ဆုံး ဖိနှိပ်နေပြီး အဆုံးမသတ်သေးသည့် တော်လှန်ရေး ကာလတလျှောက်တွင် ကျောင်းသားပြည်သူ များစွာ၏ အသက်သွေး စတေးခဲ့ရကြောင်း ပါရှိသည်။

အဖိနှိပ်ခံ လူထုလွတ်မြောက်ရေးအတွက် စစ်အာဏာရှင်၏ ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရမည် ဖြစ်သလို လူထုလွတ် မြောက်ရေး အဟန့်အတား ဖြစ်စေသည့် စေ့စပ်ဆွေးနွေးရေးကိုလည်း တိုက်ဖျက်ရမည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂက ဆိုသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေနှင့် ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကို ကိုင်စွဲကာ စစ်အစိုးရ၊ စစ်အုပ်စု အပါအဝင် စစ်ဗျူရိုကရေစီ ယန္တရားကို ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူတဦးကလည်း “ဆဲဗင်းဂျူလိုင် အရေးတော်ပုံဟာ စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံး ကျောင်းသား လှုပ်ရှားမှု ဖြစ်တယ်။ ဒီအရေးတော်ပုံမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရတယ်။ ဒီနေ့ဆို ဆဲဗင်းဂျူလိုင် နှစ် ၆၀ တိုင်ခဲ့ပြီ။ ဒါပေမယ့် ကျနော်တို့ရင်ထဲမှာ ဘယ်တော့မှ မမေ့ဘူး။ ဆဲဗင်းဂျူလိုင်ကတည်းက သန္ဓေတည်လာခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာလည်း ယနေ့အထိ အားကောင်းမောင်းသန် ရှိနေဆဲပဲ ဖြစ်တယ်။ လူထုကို နေ့စဉ် ဖိနှိပ်သတ်ဖြတ်နေတယ်။ ဒါကြောင့် ဆဲဗင်းဂျူလိုင် စိတ် ဓာတ်ကိုင်စွဲပြီး စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ ကြေညာချက် ထုတ်တာပါ” ဟု ဧရာဝတီ သို့ ပြောသည်။

ထို့ပြင် အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများက ထောင်တွင်း ဖိနှိပ်မှုများ ရှိနေသည့်ကြား ကပင် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် အခမ်းအနားတရပ်ကို ယနေ့တွင် ပြုလုပ်ခဲ့ပြီး လက်ရေးစာမူဖြင့် ကြေညာချက် တစောင် ရေးသားကာ အင်းစိန်ထောင်ပြင်ပသို့ လျှို့ဝှက်ပို့ဆောင်ခဲ့သည်။

အဆိုပါစာတွင် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော တိုင်းရင်းသား တော်လှန်ရေး အင်အားစုများကြား ညီညွတ်စွာ တိုက်ပွဲနိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း ပါရှိသည်။

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကလည်း ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် မဟာမိတ် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဇူလိုင်လ ၆ ရက်တွင် ရန်ကုန်မြို့၌ ပြောက်ကျား ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။

“ဆဲဗင်းဂျူလိုင် စိတ်ဓာတ် ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ” စာသားပါ ခေါင်းစီးစာတန်းနှင့် ရန်ကုန်တွင် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အလားတူ အာဏာသိမ်းမှု ဆန့်ကျင်သည့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့) ကလည်း ရန်ကုန်ရှိ YBS ဘတ်စ် ကားအချို့ပေါ် တက်ကာ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် ဟောပြောမှု အချို့ကို ဇူလိုင်လ ၆ ရက်တွင် ပြုလုပ်ခဲ့ သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ရန်ကုန်တက္ကသိုလ်ရှိ အာဏာရှင် ဆန့်ကျင်သော ကျောင်းသားများကို ပစ်သတ်ခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုလည်း ဗုံးခွဲ ဖျက်ဆီးခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖျက်ဆီးခံရမှုနှင့် သေဆုံးသွားသော ကျောင်း သားများကို ရည်စူးကာ အာဏာရှင်ဆန့်ကျင်သော ကျောင်းသားနှင့် ပြည်သူများက နှစ်စဉ် ဇူလိုင်လ ၇ ရက် ရောက်တိုင်း ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားများအား ဂုဏ်ပြုဆောင်ရွက်လေ့ရှိသည်။

ထို့အတူ ယနေ့တွင်လည်း မြန်မာနိုင်ငံရှိ မြို့အသီးသီးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်နေ သည့် သပိတ်စစ်ကြောင်းများမှ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုများကိုလည်း ပြုလုပ်လျက်ရှိသည်။

You may also like these stories:

သမဂ္ဂ ပြန်လည်တည်ဆောက်ရေး တပ်မတော်ကို ဖိတ်ကြားခြင်း

ဆိတ်ငြိမ်မျိုးဆက်ရဲ့ တော်လှန်ရေးမှသည်

တော်လှန်ရေး အင်အားစုများ ညီညွတ်မည်ဟု ယုံကြည်ကြောင်း ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများပြော

Loading