စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးနှင့် ဗန်းမောက်မြို့နယ်များတွင် စစ်ကောင်စီ၏ တပ်များနှင့် ရှမ်းနီအမျိုးသား များ တပ်မတော် (SNA)တို့ ပူးပေါင်း၍ စစ်ရေးလှုပ်ရှားနေကြောင်း ယင်းဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့က ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၆ ရက်က ပင်လည်ဘူးမြို့နယ်၊ ပလူသာရွာအနီး PDF နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသာမက SNA တပ်ဖွဲ့ဝင် ၂၀ လည်း ပါဝင်ကြောင်း ပင်လည်ဘူး PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။
အလားတူ ဇွန် ၂၇ ရက်က ဗန်းမောက်မြို့နယ် ပေပင်ရွာ၊ ကျောက်အိုင်ရွာ စသည့် ရွာများဝန်းကျင်တွင် SNA တပ်နှင့် စစ်ကောင်စီတပ် ပူးပေါင်းထားသည့် စစ်ကြောင်းအား ဗန်းမောက် PDF က ကြားဖြတ် တိုက်ခိုက်ခဲ့သေးကြောင်း PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
“စစ်ကောင်စီ လက်ဝေခံတွေက SNA ဗဟိုကော်မတီထဲမှာ ပါနေတယ်။ ဒါက ငြင်းလို့မရဘူး။ မြို့ကြီးကတော့ တပ်က ထိန်းထားတာပဲ။ ဗန်းမောက်နယ်မှာရှိတဲ့ တချို့မြို့ရွာတွေ၊ စာသင်ကျောင်းတွေကိုတော့ SNA က ဝင်ပြီး စစ်ကောင်စီ အကူအညီနဲ့ နယ်မြေစိုးမိုးထားတဲ့ အခြေအနေပေါ့။ စစ်တပ် ဝင်လာတာကြောင့် SNA က အဲဒီဘက်မှာ ခေါင်းထောင် ပြီး စိုးမိုးလာနိုင်တာ။ စစ်တပ်မဝင်ခင်က သူတို့စခန်းနဲ့သူတို့ အခွန်ကောက်တာလောက်ပဲ။ နယ်မြေချဲ့တာ မရှိဘူး” ဟု PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းနေခြင်းသည် SNA ဗဟိုကော်မတီထဲတွင် စစ်တပ် လိုလားသူများ စိမ့်ဝင် ရောက်ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“အောက်ခြေမှာ စစ်တပ်နဲ့ SNA ပူးပေါင်းနေတာက ဗဟိုကော်မတီ တဦးတယောက်ရဲ့ အမိန့်လည်း ပါကောင်းပါလိမ့် မယ်။ အားလုံးရဲ့ သဘောတော့ မဖြစ်နိုင်ဘူး ထင်တယ်။ တချို့ SNA ဗဟိုထဲမှာ တော်လှန်ရေးကို အားပေးတဲ့ ပုဂ္ဂိုလ် တွေလည်း ရှိနေတယ်လို့ ကျနော်တို့ သိထားတယ်” ဟု PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောပြသည်။
SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကမူ ပင်လည်ဘူးမြို့နယ်နှင့် ဗန်းမောက်မြို့နယ်ထဲတွင် SNA သည် စစ်ကောင်စီတပ်နှင့် စစ်ရေး ပူးပေါင်းလှုပ်ရှားမှု မရှိဘဲ ကောလာဟလများသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။
“စစ်ကောင်စီတပ်နဲ့ ပူးပေါင်းစစ်ရေးလှုပ်ရှားတယ် ဆိုတာက ကောလာဟလတွေပါ။ ပြောရရင် လေလှိုင်းထဲက တိုက် တဲ့သဘော ပါချင်ပါမှာပေါ့။ ကျနော်တို့ အဖွဲ့အစည်းကို မနာလိုလို့၊ မရှုစိမ့်လို့ ပြောတာလို့ပဲ ထင်ပါတယ်။ ဒါတွေက မဟုတ်ပါဘူး” ဟု ၎င်းက ငြင်းဆိုသည်။
သို့သော် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ရှမ်းနီတိုင်းရင်းသား အများစုနေသည့်ဒေသတွင် PDF များကို ရှေ့တန်း တင်ကာ ၎င်းတို့၏ဩဇာကို ထူထောင်ရန် ကြိုးပမ်းနေကြောင်း ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောသည်။
ဗန်းမောက်မြို့နယ်ထဲတွင် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုတိုးတက်ရေးကော်မတီ တာဝန်ခံကို ဖမ်းဆီးခြင်း အပါအဝင် ဖားကန့်မြို့နယ်၊ ဟောင်ပါးရွာရှိ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကအား နေအိမ်တွင် လုပ်ကြံသတ်ဖြတ် ခြင်းများကို KIA က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဲဒီ နောက်ကွယ်မှာ KIA ပါ နေတယ်လို့ ကျနော်တို့ တွက်ဆတယ်။ ဘာကြောင့်လဲဆိုရင် KIA က ရှမ်းနီအမျိုးသား များတပ်မတော် SNA ထိန်းချုပ်တဲ့ နယ်မြေတွေထဲ ဝင်ရောက်ပြီး နယ်မြေ တိုးချဲ့ချင်နေတယ်။ သူတို့က PDF ကို ရှေ့က နေ ဦးတည်ပြီးမှ တိုက်ခိုင်းတဲ့သဘောနဲ့ လုပ်နေတယ်။ PDF နဲ့ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့အောင် လုပ်နေတယ်လို့ ပြောလို့ရတယ်” ဟု ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက KIA သည် ကချင်ပြည်နယ်ထဲရှိ ဟိုပင်၊ နမ္မား၊ မိုးညှင်း၊ ပင်းဘော၊ နမ္မတီး၊ မိုးကောင်း စသည့် မြို့နယ်များနှင့် စစ်ကိုင်းတိုင်းထဲရှိ အင်းတော်၊ ဗန်းမောက်နှင့် ပင်လည်ဘူး တို့တွင် တိုက်ပွဲများ ဖော်ဆောင်နေပြီး အဆိုပါ ဒေသများသည် ရှမ်းနီတိုင်းရင်းသားအများစု နေသည့်ဒေသများ ဖြစ် ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ရှမ်းနီ အပါအဝင် အခြားသော မျိုးနွယ်စုတွေ နေတဲ့နေရာမှာပဲ တိုက်ပွဲဖော်နေကြတော့ ပျက်စီး ရင် ကျနော်တို့ မြို့ရွာဒေသတွေပဲ ပျက်ဆီးမှာ။ အခု ဖြစ်တဲ့နေရာတွေက ကချင်မျိုးနွယ်စုတွေ သိပ်မရှိတဲ့ နေရာတွေ ပေါ့။ သူတို့ KIA ကတော့ နိုင်ငံရေး အမြတ်ယူမယ်ဆိုတဲ့ သဘောတရား ဖြစ်နေတယ်” ဟု ဆိုသည်။
SNA အနေဖြင့် ဗန်းမောက်မြို့နယ် အပါအဝင် ၎င်းတို့ထိန်းချုပ်ရာဒေသများတွင် မည်သည့် လက်နက်ကိုင်တပ်ကိုမျှ ဝင်ရောက်အခြေချ လှုပ်ရှားသည်ကို ခွင့်ပြုမည် မဟုတ်ကြောင်း၊ စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကြား ဖြစ်သည့် ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြစ်သော တွေ့ဆုံဆွေးနွေးရေးဖြင့်သာ ဖြေရှင်းကြစေလိုကြောင်း ၎င်းက ပြောသည်။
ဗန်းမောက်မြို့နယ်တွင် နေထိုင်သော ရှမ်းနီတိုင်းရင်းသားတဦးကမူ ဗန်းမောက်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်သည် SNA ကို ကူညီပံ့ပိုးမှုများ လုပ်ဆောင်နေသည်မှာ ထင်ရှားကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဗန်းမောက်မြို့နယ်မှာက နယ်မြေကျွမ်းကျင်တာက SNA ဖြစ်တော့ စစ်တပ်က SNA ကို အထိုင်ထားပြီး တော့ အနောက်ကနေ ပံ့ပိုးပေးနေတာပေါ့။ ဗန်းမောက်မှာ စစ်ကောင်စီက SNA က လူတွေကို PDF ကို တိုက်ခိုင်း တယ်လို့ သတင်းတွေလည်း ထွက်နေတယ်” ဟု ၎င်းက ဆိုသည်။
PDF ထဲတွင်လည်း ရှမ်းနီလူငယ် အများအပြားရှိနေပြီး SNA နှင့် PDF တိုက်ပွဲဖြစ်ပါက ရှမ်းနီတိုင်းရင်းသားများအတွက် သာ နစ်နာမှု ဖြစ်နိုင်ကြောင်း ဗန်းမောက်မြို့နယ်တွင် နေထိုင်သည့် ရှမ်းနီတိုင်းရင်းသားတဦးက ပြောသည်။
မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေးလေ့လာသူတဦးက “တဖက်ကလည်း စွပ်စွဲတယ်။ SNA ကလည်း တရား ဝင် ငြင်းတာတွေလည်း တွေ့ရတော့ အတည်ပြုလို့တော့ မရသေးဘူး။ ဒါပေမဲ့ ပြောလို့ရတာတခုက SNA က ရှမ်းနီအဖွဲ့ ဖြစ်တာကိုး။ KIA နဲ့က အရင်ကတည်းက မသင့်မြတ်မှုတွေရှိတဲ့ အခါကျတော့ ဒီအခြေအနေကို တပ်ဘက်က အသုံးချ ဖို့ ကြိုးစားနေတာတော့ သေချာပေါက် ရှိမယ်လို့ ပြောလို့ရတယ်” ဟု မှတ်ချက်ပေးသည်။
လက်ရှိတွင် SNA နှင့် PDF ကြား နယ်မြေအငြင်းပွားမှုပြဿနာ ဖြစ်နေပြီး စစ်ကောင်စီနှင့် SNA ကြားတွင်လည်း ပဋိပက္ခ ရှိနေကြောင်း ၎င်းက ပြောသည်။
၎င်းက “SNA အခြေချတာက ဗန်းမောက်တို့၊ ဟုမ္မလင်းတို့၊ ခန္တီးတို့ ဧရိယာမှာ။ ဆိုတော့ စစ်ကိုင်းတိုင်း အစွန်အဖျား ဧရိယာတွေမှာ အခြေချတာကိုး။ နောက်တိုးလာတဲ့ PDF တွေနဲ့ နယ်မြေအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပဋိပက္ခ တွေတော့ ရှိတယ်။ SNA ကတော့ သူတို့ကို တရားဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် အစိုးရဘက်က အသိ အမှတ် ပြုစေချင်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့၊ NCA တို့ဘာတို့မှာ ပါဝင်ချင်တဲ့ သဘောထား ရှိတယ်။ ဒါပေမဲ့ အစိုးရဘက်က SNA ကို အဲဒီလို အဖွဲ့အစည်းအဖြစ် သတ်မှတ်တာထက် ပြည်သူ့စစ်လို သူ့ရဲ့လက်အောက်ခံ အဖွဲ့ အစည်းအနေနဲ့ပဲ အသိအမှတ်ပြုချင်တာ တွေ့ရတယ်။ အဲဒါက အစိုးရနဲ့ SNA ကြားမှာ တည်ရှိနေတဲ့ ပဋိပက္ခပဲ” ဟု ရှင်းပြသည်။
လတ်တလောတွင် စစ်ကောင်စီတပ်သည် SNA နှင့် KIA အပါအဝင် PDF တို့ကြား ပဋိပက္ခ ပိုမိုကြီးထွားစေရန် ကြိုးပမ်း လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း၊ KIA အနေဖြင့် ရှမ်းနီလူမျိုး ရှိနေသည့် နေရာမှမဟုတ် ဗမာလူမျိုးများ ရှိသော စစ်ကိုင်းနှင့် မကွေးတိုင်းများတွင်လည်း စစ်ကောင်စီကို တိုက်နေပြီး စစ်နယ်ဝှန်းချဲ့သည့်သဘော ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မည်သို့ပင်ဖြစ်စေ SNA နှင့် KIA အပါအဝင် PDF တို့ကြား ပဋိပက္ခရှိနေသည်မှာ သေချာပြီး ယင်းပဋိပက္ခကို ဖြေရှင်းနိုင် ရေး စဉ်းစားကြခြင်းက သက်ဆိုင်ရာအဖွဲ့များအတွက် ပိုမိုသင့်လျော်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူတဦးက မှတ်ချက်ပေးသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို ၁၉၈၉ ခုနှစ်တွင် ရှမ်းနီတိုင်းရင်းသားများ၏ နိုင်ငံရေး တန်းတူညီမျှခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့ ရရှိရန်နှင့် ရှမ်းနီပြည်နယ် ထူထောင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း SNA ထံမှ သိရသည်။
SNA သည် ရှမ်းနီတိုင်းရင်းသားများ အများစု နေထိုင်သည့် ကချင်ပြည်နယ် ဖားကန့်၊ အင်းတော်ကြီးဒေသနှင့် စစ်ကိုင်း တိုင်းအတွင်းရှိ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ခန္တီး၊ ဖောင်းပြင်နှင့် တမူးဒေသ တဝိုက်တွင် စစ်ရေးလှုပ်ရှားသည်။
SNA သည် ခန္တီးမြို့နယ်တွင် တပ်မဟာ ၁ ခု၊ ဟုမ္မလင်းမြို့နယ်တွင် တပ်မဟာ ၁ ခု၊ ဗန်းမောက်တွင် တပ်မဟာ ၁ ခု အပါအဝင် ဗန်းမောက်နှင့် ဟုမ္မလင်းကြားတွင် တပ်မဟာ ၁ ခု စုစုပေါင်း တပ်မဟာ ၄ ခုဖြင့် ဖွဲ့စည်းထားကြောင်း စစ်ရေးလေ့လာသူများက ခန့်မှန်းသည်။