အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်နှင့် အဖွဲ့ဝင် ဦးသန်းဌေးတို့ကို နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးက ထောင် ၃ နှစ်စီ အမိန့်ချလိုက်ကြောင်း နီးစပ်သူတဦးက ပြောသည်။
၎င်းတို့ အနေဖြင့် စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-က အရ တရားစွဲဆိုခံရကာ ယနေ့တွင် ထိုသို့ အမိန့်ချမှတ်ခံရခြင်း ဖြစ်သည်။
ဦးလှသိန်း ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ထိန်းချုပ်မှုများကြားကပင် အောင်မြင်စွာကျင်းပခဲ့ပြီး ပြည်သူအများကလည်း မဲထွက်ပေးခဲ့ကြသည်။
အဆိုပါ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အာဏာရပါတီ NLD က မဲ အပြတ်အသတ်ဖြင့် ထပ်မံ အနိုင်ရခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ရွေးကောက်ပွဲ၌ အားနည်းချက်အချို့ ရှိခဲ့သော် လည်း တရားမျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ် ပြုခဲ့ကြသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲကို မဲစာရင်း မှားယွင်းမှုများနှင့် မသမာမှုများ ရှိသည်ဟုဆိုကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီးကာ ထောင်ဒဏ်များ ချမှတ်ထားသည်။
ထို့ပြင် အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးချုပ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဖမ်းဆီးခဲ့ပြီး စွပ်စွဲချက်မျိုးစုံဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်များ ချမှတ်လျက် ရှိသည်။
ထို့နောက် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းခဲ့ပြီး မသမာမှုများစွာဖြင့် မှတ်တမ်းဆိုး ရှိထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ဦးစီးကျင်းပခဲ့သော စစ်တပ်အရာရှိဟောင်း ဦးသိန်းစိုးအား ကော်မရှင်ဥက္ကဋ္ဌအသစ် ခန့်အပ်ခဲ့သည်။
စစ်တပ်အရာရှိဟောင်း ဦးသိန်းစိုး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အကြောင်းပြု ပြီး နိုင်ငံတဝှမ်းရှိ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်တွင် တာဝန်ယူခဲ့သည့် အရပ်သားကော်မရှင် အဖွဲ့ဝင်ဦးရေ ၂၄၀၀ ကျော်ကို တရားစွဲအရေးယူကာ ငွေဒဏ်များ ချမှတ်ခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၃၀-က အရ တရားစွဲ ဆိုထားသည့်အပြင် အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ ဝင်များ စသည့် လူဦးရေ ၅၀၀ ခန့်ကိုလည်း တရားစွဲဆိုထားပြီး ၁၇၀ ဦးအား ပြစ်ဒဏ်များ ချမှတ်ထားပြီ ဖြစ်ကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောထားသည်။
သို့သော် ထိုသို့ အရေးယူ ပြစ်ဒဏ်ချသူများတွင် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှုပြုလုပ်ရန် မဲတံဆိပ်တုံး အတုများ ဖြင့် လက်ပူးလက်ကြပ်မိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မဲရုံးကိုယ်စားလှယ်များ ပါဝင်ခြင်း ရှိမရှိ ရှင်းလင်းစွာ ပြောဆိုခြင်း မရှိဘဲ ထိမ်ချန်ထားသည်။
ထို့ပြင် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကျင်းပရန် ၎င်းတို့ ပြောဆိုထားသည့် ရွေးကောက်ပွဲတခု ဖြစ်မြောက် ရေးအတွက်လည်း ပြင်ဆင်လျက် ရှိသည်။