စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကြား တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိနေသလို၊ ကျေးရွာများအား ဝင်ရောက် စီးနင်းမီးရှို့ခြင်းများကို ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။
ဝက်လက်မြို့နယ် အရှေ့ခြမ်းသို့ အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင် ၂ ရက်မှ စတင် စစ် ကြောင်းထိုးပြီး ဝက်လည်ရွဲ၊ မိညိုကုန်း၊ ထန်းကြီးကုန်း၊ မင်းရွာ၊ လေးကုန်းလေး၊ အင်ကြင်းပင်၊ ရုံးပင်ကုန်း၊ ခွေးအတွင်း၊ ဖိုဝင်းတပ်၊ ငါးတိုက်တောင်(ရွှေသိုက်တောင်) ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ခြင်းများကြောင့် အိမ်ခြေ ၂၀၀ ခန့် မီးလောင်ခဲ့ကာ ဒေသခံ ၂ ထောင်ကျော်ထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က ရင်းတော၊ ထန်းကြီးဘက်ကို ထိုးလာတဲ့ စစ်ကြောင်းက ဝက်လက်နယ် အရှေ့ခြမ်းကို ပတ်မွှေ နေတာ ဒီလ၂ ရက်၊ ညနေပိုင်းက စပြီး စစ်ကြောင်းထိုးတာ၊ ဝက်လည်ရွဲရွာနားရောက်တော့ PDF အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရတယ်။ သူတို့အထိနာတော့ ရွာတွေကို ဝင်စီးပြီး အိမ်တွေကို မီးတိုက် နေကြတာ” ဟု မင်းရွာဒေသခံတဦးက ပြောသည်။
အင်အား ၁၀၀ ခန့် ပါသော စစ်ကြောင်းသည် ကမာ္ဘ့အမွေအနှစ် စာရင်းဝင် ဟန်လင်း ရှေးဟောင်းဇုန်အနီး လုံခြုံရေးယူရန် ရွှေဘိုမြို့ဘက်မှ လာသည့် စစ်ကြောင်းဖြစ်ကာ ခြေလျင်တပ်ရင်း ခလရ ၄၂ တပ်ရင်းမှ ဖြစ်ကြောင်း သိရသည်။
“ရှေးဟောင်းနယ်မြေ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့လာပြီးမှ ရင်းတောမှာ ၂ ရက် တပ်စွဲပြီး ရွာတွေကို ဝင်မွှေ လုယက် မီးရှို့ဖျက်ဆီးတာတွေကြောင့် တိုက်ပွဲ ဖြစ်တာ။ ကျနော်တို့ ဝက်လက် အရှေ့ခြမ်းမှာက အခုတိုက်ပွဲ မဖြစ်ခင်အချိန်ထိ ရပ်ရွာတွေကလည်း အေးအေးချမ်းချမ်း ရှိခဲ့တာပေါ့။ ပြီးတော့ ရှေးဟောင်းနယ်မြေကမာ္ဘ့အမွေအနှစ်ဇုန်ကြီး ရှိနေတာမို့ တိုက်ပွဲတွေ မဖြစ်ရအောင်လည်း ကျနော်တို့ ရှောင်ကြတယ်။ ဒါကို စစ်ကောင်စီတပ်တွေက အတင့်ရဲလာလို့ တိုက်ပွဲတွေ ဖြစ်ရတာ” ဟု ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦး က ပြောသည်။
တိုက်ပွဲ ဖြစ်ပွားမှုများ အနေဖြင့် ဇူလိုင်၂ ရက်က ဝက်လည်ရွဲကျေးရွာအနောက်ဘက်တွင် Tiger King (တပ်ရင်း ၁၅) အဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှ တပ်ရေးအရာရှိ အပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် စစ်ကြောင်းက ပစ်ခတ်ရာ လက်နက်အင်အားမမျှသဖြင် ပြန်လည် ဆုတ်ခွာခဲ့သည်ဟု Tiger King (တပ်ရင်း ၁၅) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဝက်လည်ရွဲကျေးရွာက CDM ကျောင်းဆရာတဦးရဲ့ နေအိမ်ကိုလည်း မီးရှို့သွားတယ်၊ ဝက်လည်ရွဲကျေးရွာနဲ့ လေးကုန်း လေးကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ၂ ရက်နေ့ ညပိုင်းမှာပဲ မင်းရွာထဲကို ဝင်တယ်။ ည ၁၂ နာရီလောက်မှာ မီးစရှို့တယ်၊ သူတို့ ဝင်ကတည်းက ရွာသားတွေက နီးစပ်ရာကို ပြေးကြရတာပေါ့” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက ပြောသည်။
ထို့နောက် ဇူလိုင် ၃ ရက် နံနက် ၆ နာရီခန့်အချိန်တွင် မင်းရွာကျေးရွာအား ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကာ မင်းရွာအရှေ့တောင် ဘက်သို့ စစ်ကြောင်းထိုးစဉ် နံနက် ၈ နာရီခွဲခန့်မှ စတင်ပြီး ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့များဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ ထို့နောက် ညနေပ်ိုင်းတွင် အင်ကြင်းပင်ကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြောင်း သိရသည်။
“မင်းရွာတိုက်ပွဲက ၁ နာရီခွဲကျော် ကြာခဲ့တယ်ဗျ၊ ခဲယမ်းအနေအထားနဲ့ လက်နက်အင်အား မမျှလို့ ကျနော်တို့ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေကနေ ၈ ဦး ပေးဆပ်လိုက်ရတယ်။ မင်းရွာထဲက ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်။ ကျနော်တ်ို့ဘက်ကနေ လက်နက်ကြီးနဲ့ ထုတာ စစ်ခွေးအုပ်စုအလယ်မှာ ကျပြီး ပေါက်ကွဲခဲ့တာကြောင့် စစ်ကြောင်းမှူးအပါ ထိခိုက်သေဆုံးသူ များတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် SKAT ဖောကားအဖြူရောင် တစီးနဲ့ ဒဏ်ရာရတဲ့သူတွေ၊ သေတဲ့သူတွေကို လာသယ် သွားပြီး ဝက်လက်ဆေးရုံကို ပို့ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကနေ ကျနော်တို့ဆီ သတင်းပို့လို့ သိရတယ်” ဟု Tiger King(တပ်ရင်း ၁၅) အဖွဲ့ဝင်တဦးက ပြောသည်။
မင်းရွာတိုက်ပွဲကို ပြည့်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း ၁၅ တပ်ခွဲ ၁ ၊ ၂ ၊ ၃၊ တပ်ရင်း ၁၇၊ တပ်ရင်း ၁၈၊ တပ်ရင်း ၂၊ တပ်ရင်း ၅၊ Tiger King (တပ်ရင်း ၁၅)၊ Black Wolf PDF၊ လျှပ်စီးပြောင်ကျားတပ်ဖွဲ့၊ မတ္တရာမြောက် ပကဖ၊ တောကြီးမြွေပွေး၊ ဗိုလ်ကျားကြီးအဖွဲ့၊ GZ Special Task Force-Wetlet ၊ ရွာသာကြီးတိုက်နယ် ဆရာစံ၊ ဂုဏ်မာန် ပကဖ၊ ပလိုရိုက် ပကဖ၊ Burmese Dragon Force နှင့် LPDF များ စသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက် ခဲ့ခြင်းဟု သိရသည်။
ထိုသို့ ၂ ရက် ဆက်တိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်များ၏ စနိုက်ပါ ပစ်ခတ်မှု အပါ အဝင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်မှ ၄၀ ဦးခန့်ထိ သေဆုံးကြောင်း Tiger King(တပ်ရင်း ၁၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း၌ စစ်ကောင်စီ၏ စစ်ကြောင်းက ဒေသခံကျေးရွာသားအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်ခြင်းများရှိကာ ဝက်လက် မင်းရွာတိုက်ပွဲအပြီး ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် သေဆုံးနေ သည့် ရုပ်အလောင်း ၁၃ လောင်း တွေ့ရှိခဲ့ကြောင်း၊ ရုပ်အလောင်းများတွင် ဒေသခံပြည်သူများလည်း ပါရှိနိုင်ကာ ကျေးရွာ သားများ ထွက်ပြေးနေရဆဲ ဖြစ်သောကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးဟု ဒေသခံများက ဆိုသည်။
ဇူလိုင် ၄ ရက်တွင် ရုံးပင်ကုန်းကျေးရွာနှင့် ဖိုဝင်းတပ်ကျေးရွာကို စီးနင်းမီးရှို့ခဲ့ကြပြီး စစ်ကောင်စီတပ်သည် ရုံးပင်ကုန်း ကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ စိတ်ဝေဒနာရှင် အမျိုးသားတဦးကို ရိုက်နှက် မီးရှို့ သတ်ဖြတ်ခဲ့ကြသလို ဇူလိုင် ၅ ရက်၌ ခွေးအတွင်း၊ ငါးတိုက်တောင် ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသခံ ပ.ဖ.က များအနေဖြင့် စစ်ကောင်စီကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြု ကြရန်၊ ပြောက်ကျားစနစ်ဖြင့်သာ ချုံခိုတိုက်ခိုက်ကြရန် ဝက်လက်မြို့နယ် ပ.က.ဖ မှ ညွှန်ကြားချက်ထုတ်ပြန်ထားသဖြင့် ဇူလိုင် ၆ ရက်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံက သိရသည်။
ဝက်လက်နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် မင်းရွာတိုက်ပွဲအပြီးတွင် ရှိုမ်းမကား ကျေးရွာ တဝိုက်တွင် စစ်အင်အားဖြည့်လျက်ရှိသလို အနီးနားရှိ ကျေးရွာများကိုလည်း လှည့်လည်လျက်ရှိကြောင်းကြောင်း ဒေသ ခံများက ပြောသည်။
ထို့အပြင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ရွာသာယာကျေးရွာတွင် သဲအိတ်များချကာ မြစ်အနောက်ဘက်သို့ ဦးတည်ကာ လက်နက်ကြီးများ တပ်ဆင်ထားသဖြင့် စစ်ရေး တင်းမာဆဲအခြေအနေတွင် ရှိနေကြောင်း သိရသည်။
You may also like these stories:
တိုက်ပွဲမဖြစ်ဘဲ မင်းတပ်မြို့နယ်မှ ရွာများအား လက်နက်ကြီးနှင့် ပစ်နေ
ဒီပဲယင်းတွင် ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့် ဒေသခံ ထောင်ချီထွက်ပြေး