စစ်ကိုင်းတိုင်း တမူးမြို့သို့ အလည်လာသည့် အိန္ဒိယနိုင်ငံသား ၂ဦးကို စစ်ကောင်စီ ကျောထောက်နောက်ခံပြုထား သည့် ပျူစောထီးလက်နက်ကိုင်များက သတ်ဖြတ်လိုက်ပြီးနောက် မိုးရေးမြို့ရှိ အိန္ဒိယဒေသအာဏာပိုင်တို့က တမူးမြို့ သို့ ပေးသော လျှပ်စစ်မီးကို ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
တမူးဒေသခံများနှင့် မဏိပူပြည်နယ် မိုးရေးဒေသခံများမှာ ယခင်က အပြန်အလှန်ကူးလူး ဆက်ဆံကြသော်လည်း ယခုဖြစ်ရပ်ကြောင့် ကန့်သတ်မှုများ၊ စိုးရိမ်ပူပန်မှုများနှင့် ကြုံရသလို လျှပ်စစ်မီးပါ ဖြတ်တောက်ခံရသည့် အခြေအနေ သို့ ရောက်လာကြောင်း တမူးဒေသခံများက ဆိုသည်.
“တမူးကို မီးပေးတာက မိုရေးမြို့က မီးပေးတာ အခုဖြစ်တဲ့ အခင်းအကျင်းကစပြီး တမြို့လုံးကို မီးပါဖြတ်ပစ်လိုက်ပြီ၊ ကိုယ့် မြန်မာပြည်နဲ့ အချေအတင် ဖြစ်လာတော့ ဒဏ်ခတ်တဲ့အနေနဲ့ မီးဖြတ်ပစ်လိုက်တာ နှစ်ရက်ရှိပြီ” ဟု တမူးမြို့မှ ဒေသခံ တဦးကဆိုသည်။
လက်ရှိတွင် အိန္ဒိယဘက်မှ မီးဖြတ်သဖြင့် တမူးမြို့ခံများသည် အခက်ကြုံနေရပြီး လျှပ်စစ်မီးဖြင့် လုပ်ရမည့် အလုပ်များ ကို ရပ်ထားရကြောင်း တမူး ဒေသခံအချို့ ကပြောသည်။
ယင်းအပြင် အိန္ဒိယဒေသအာဏာပိုင်များသည် မြန်မာနိုင်ငံသားများ မိုရေးမြို့ဘက်သို့ မလာရန် တားမြစ်ထားပြီး အိန္ဒိယနိုင်ငံသားများလည်း မြန်မာဘက်သို့ မကူးရန်လည်း ကန့်သတ်ထားကြောင်း မိုရေးနှင့် တမူးမြို့မှ မြန်မာ နိုင်ငံသား အချို့က ဆိုသည်။
“တမူးက ဈေးသည်အများစုက မိုရေးမြို့ကိုပဲ အားကိုးနေရတယ်။ နယ်စပ်က ဂိတ်တွေကို ပိတ်ထားတယ်။ မြန်မာပြည် ဘက်က လူတွေ တရားမဝင် ဝင်လာတာတွေ့ရင် ရိုက်တယ် မောင်းထုတ်တယ်၊ တချို့ မိုးရေးမြို့ထဲမှာ အရင်ကတည်း က အေးအေးဆေးဆေး တိုက်ခန်းတွေဘာတွေ ငှားပြီးနေတဲ့ မြန်မာပြည်သားတွေကိုတောင် လိုက်ရှာပြီး မောင်းထုတ် တဲ့အထိ ဖြစ်လာတယ်။ မိုးရေးမြို့ထဲမှာ မြန်မာနိုင်ငံသားတွေ မသွားလာရဲအောင် ဖြစ်သွားတယ်” ဟု တမူးမြို့ခံ တဦးက ဆိုသည်။
အိန္ဒိယနိုင်ငံ မိုရေးမြို့သို့ ရောက်နေသည့် မြန်မာနိုင်ငံသား အမျိုးသမီးတဦးကလည်း တမီလ်လူမျိုး မိုရေးဒေသခံ လူငယ် ၂ ဦး တမူးမြို့ထဲတွင် အသတ်ခံလိုက်ရပြီးနောက် တမီလ်လူမျိုးအများစုပါဝင်သည့် မိုရေးမြို့ခံများက စိတ်ဆိုး နေကြပြီး တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသားများကို ရန်ပြုမည်ဟု သတင်းများထွက်နေကြောင်း ဧရာဝတီသို့ ပြောသည်။
“အခုက အိန္ဒိယဘက်ကို ထောက်ခံစာ မပါဘဲဝင်လာ သူတွေကို သူတို့က တာဝန်မယူဘူး ဒီဘက်မှာ ဒုက္ခသည် တွေ လည်းရှိတယ်လေ။ ထောက်ခံစာမပါဘဲ လာတဲ့သူတွေကို သူတို့က အာမခံမပေးဘူး။ ရိုက်မယ်။ နှက်မယ်ပေါ့။ အဲဒီလို သတင်းတွေကြားတယ်။ မြန်မာပြည်က လာသူတွေဆိုရင် မိုးရေးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ မြန်မာဒုက္ခသည် တွေက ဒီဘက်က စကားလည်းမတတ်ဘူးဆိုတော့ အသွားအလာတော့ အခုဆင်ခြင်နေရတယ်။ အပြင်ထွက်လို့ မရဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိ မိုးရေးမြို့အတွင်းနှင့် နယ်စပ်တွင် အိန္ဒိယ အာသံရိုင်ဖယ်တပ်မှ နေ့စဉ်ကင်းလှည့်နေပြီး သေဆုံးသွားသည့် မိုရေးမြို့ခံ လူငယ် ၂ ဦး၏ အလောင်းပြန်ရရေး မိဘဆွေမျိုးများမှာ အိန္ဒိယ- မြန်မာ နယ်စပ်ဂိတ်အနီး လာရောက် စောင့်နေကြကြောင်း မိုရေးမြို့ရောက် မြန်မာနိုင်ငံသား အမျိုးသမီးတဦးက ပြောသည်။
“မိုရေးနယ်စပ်နားလေးမှာတော့ သေသွားတဲ့ အိန္ဒိယနိုင်ငံသား ၂ ယောက်ရဲ့ မိဘဆွေမျိုးတွေက အလောင်းများ လာပေးမလားဆိုပြီး ဒီနေ့အထိ စောင့်နေတုန်းပဲ။ ဟိုဘက်နဲ့ ဒီဘက်က လုံးဝသွားလို့မရတော့ဘူး။ ဘောလုံးကွင်း ပေါက်ဆိုတဲ့ နားမှာ စောင့်နေကြတယ်၊ မနေ့ကတော့ ဆန္ဒပြကြတယ်၊ ဒီနေ့ မပြဘူး” ဟု ဆိုသည်။
အိန္ဒိယနိုင်ငံ မိုးရေးမြို့သား ၂ ဦးဖြစ်သည့် Mohan (၂၈ နှစ်) နှင့် M Iyarnar (၃၅ နှစ်)တို့နှစ်ဦးသည် ဇူလိုင် ၅ရက်က တမူးမြို့ပေါ်ရှိ ၎င်းတို့သူငယ်ချင်း မွေးနေ့သို့ လာရောက်စဉ် တမူးမြို့လယ်ခေါင် စော်ဘွားရပ်ကွက်၊ အမက (၄) ကျောင်းအနီး ပျူစောထီးအဖွဲ့က ဦးခေါင်းကို သေနတ်ဖြင့် ပစ်သဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။
ထိုလုပ်ရပ်၏ လက်သည်မှာ မြန်မာစစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ ဖြစ်ကြောင်း တမူးမြို့ခံများနှင့် မိုရေးမြို့ခံများ၊ အိန္ဒိယအခြေစိုက်သတင်းမီဒီယာများက လက်ခံထားကြသော်လည်း စစ်ကောင်စီ ပြန်ကြားရေး ဒု ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ကျူးလွန်ခြင်းဖြစ်နိုင်ကြောင်း မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသို့ ဖြေကြားထားသည်။
ထို့အပြင် ထိုသူနှစ်ဦး၏ ရုပ်အလောင်းကို မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းခြင်း၊ မိဘဆွေမျိုး အသိမိတ်ဆွေများ အကြောင်းကြားသည် စောင့်ဆိုင်းခြင်းမရှိဘဲ လာရောက်ဆက်သွယ်ခြင်း မရှိဟု အကြောင်းပြကာ ဇူလိုင်လ ၆ ရက် နံနက် ၇ နာရီတွင် တမူးမြို့ သုဿာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အခင်းဖြစ်ပွားချိန်က တမူးမြို့ထဲတွင် PDF တပ်ဖွဲ့ဝင်များရှိမနေဘဲ စစ်ကောင်စီ၏ တပ်များနှင့် ပျူစောထီးများသာ ရှိနေကြောင်း၊ ယင်းပြစ်မှုကို ကျူးလွန်သူများက စစ်ကောင်စီထံ သတင်းပို့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆို ချက်ကို ကြည့်ခြင်းဖြင့် ထိုလုပ်ရပ်ကို ၎င်းတို့၏ လူများကသာ ကျူးလွန်သည်မှာ ထင်ရှားကြောင်း တမူး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ပြောသည်။
“PDF တွေရော ပြည်သူတွေရော အခက်တွေ့အောင် တမင်လုပ်ကြံမှုလို့ မြင်တယ်။ မြို့ထဲမှာ ကျနော်တို့ PDF တွေ ဘယ်သူမှမရှိဘူး။ ကိုယ့် ပြည်သူကိုလည်း အကြမ်းဖက်လေ့မရှိဘူး။ ကျနော်တို့က စစ်ဆေးတယ်။ မေးမြန်းတယ်။ ပြီးရင် ပြန်လွှတ်တယ်။ ဒါက တရားဥပဒေအရလည်း ဖြစ်တယ်။ အခုဟာ နိုင်ငံခြားသားလည်းဖြစ်တော့ သတ်ဖို့ဆို တာက ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး။ ကျနော်တို့ ဒီလောက်ထိ အသိဉာဏ်မမဲ့ကြပါဘူး” ဟု တမူး PDF ပြန်ကြား ရေးတာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်သည် ရုပ်အလောင်းများ ၎င်းတို့ထံ ရှိနေပါလျက် မိသားစုဝင်များထံ ပြန်မပေးဘဲ မီးရှို့ပစ်လိုက်ခြင်း က တမင်အလောင်းဖျောက်လိုက်ခြင်းပင် ဖြစ်ကြောင်း ၎င်းက ထောက်ပြ သည်။
“သူတို့က အလောင်းတွေကို ဆွေမျိုးတွေဆီ ပြန်ပေးလိုက်ရင် မိုရေးမြို့ခံတွေက သူတို့တူသားတွေရဲ့ ရုပ်အလောင်း ကို ကြည့်ပြီး ဒေါသထွက်နိုင်တယ်၊ ဒီထက်မက အခြေအနေတွေ ပိုဆိုးနိုင်တယ်၊ အန္တရာယ်ရှိနိုင်တယ်လို့ တွက်ဆပြီး ဖျောက်လိုက်တာပဲ ” ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် မြန်မာစစ်ကောင်စီဘက်က အဆိုပါ အိန္ဒိယနိုင်ငံသား ၂ ဦး အသတ်ခံရသည့် ကိစ္စ အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနချင်းသော်လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ချင်း သော်လည်းကောင်း နှစ်ဖက်ညှိနှိုင်း ဖြေရှင်းနေကြောင်း သတင်းမီဒီယာများသို့ ဖြေကြားသည်။
ပြည်တွင်းအခြေစိုက် နိုင်ငံရေးလေ့လာသူ တဦးကမူ အိန္ဒိယအစိုးရနှင့် စစ်တပ်သည် မြန်မာစစ်ကောင်စီနှင့် ရင်းနှီး သည့် ဆက်ဆံရေးရှိသဖြင့် ယခုဖြစ်ပွားသည့် ပြဿနာကို မကြီးထွားရန် နှစ်ဖက်ညှိနှိုင်း ဖြေရှင်းကြမည်သာ ဖြစ်ကြောင်း ပြောသည်။
၎င်းက “အိန္ဒိယဗဟိုအစိုးရကတော့ ဒီကိစ္စကို သိပ်ပြီးရေးကြီးခွင်ကျယ် လုပ်လိမ့်မယ်တော့ မထင်ပါဘူး။ ဒီကိစ္စမှာ ဘယ်သူပစ်တယ်ဆိုပြီး စကစက လိမ်ပြောဦးတော့ အခိုင်အမာ သက်သေပြနိုင်တာလည်း ဘာမှမရှိဘူးလေ။ အဲဒီ တော့ ဟိုဘက်လည်း တော်တော့ ၊ ဒီဘက်လည်း ဒီလောက်နဲ့ ကျေနပ်တော့ ဆိုတာလောက်နဲ့ပဲ ပြီးလိမ့်မယ် ထင်ပါတယ်။ ဒီထက်ပိုပြီး ကြီးကျယ်တဲ့ ၂ နိုင်ငံ ပဋိပက္ခတော့ ဖြစ်လာလိမ့်မယ် မထင်ပါဘူး” ဟု မှတ်ချက်ပေးသည်။
You may also like these stories:
အိန္ဒိယနိုင်ငံသား၂ ဦး အသတ်ခံရမှုကြောင့် မိုးရေးမြို့ရှိ မြန်မာများ ရန်ပြုခံရမည်ကို စိုးရိမ်နေ
အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းသွား