စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပမှ ကားနှင့်ကားအစိတ်အပိုင်းများ တင်သွင်းခွင့် ပိတ်ထားပြီးနောက် ဗဟိုဘဏ်ကလည်း သတ်မှတ်နှုန်းဖြင့် ဒေါ်လာငွေကိုင်ခွင့်ကို တင်းကျပ်ထားခြင်းတို့ကြောင့် လုပ်ငန်း လည်ပတ်ရန် အခက်အခဲများ ရှိလာ၍ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော နိုင်ငံခြားကား ထုတ်လုပ်ရေးကုမ္ပဏီများ ရပ် ဆိုင်းလာနေကြောင်း သိရသည်။
ပြည်တွင်း ဈေးကွက်အတွင်း နာမည်ကြီး ကားအမှတ်တံဆိပ်များ ဖြစ်သည့် ဂျပန်ကားကုမ္ပဏီ ဆူဇူကီး (Suzuki)၊ နစ်ဆန်း Nissan၊ ကိုရီးယားကားကုမ္ပဏီ KIA၊ ဟွန်ဒိုင်း၊ အမေရိကန်အခြေစိုက် FORD ကားကုမ္ပဏီ၊ တရုတ်ကားကုမ္ပဏီများ ဖြစ် သော SouEast၊ BAIC နှင့် JETOUR စသည့် ကားကုမ္ပဏီ တဒါဇင်ကျော် ထုတ်လုပ်မှု ရပ်နားထားရကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (YRAMDA) ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ဧရာဝတီသို့ အတည်ပြုသည်။
၎င်းက “SKD Brand တွေက အားလုံးနီးပါး ရပ်ထားနေရပြီ။ KIA ဆိုရင် အစောပိုင်းကတည်းက ရပ်ထားပြီ။ အခုနောက် ပိုင်းဟာတွေက နောက်ဆုံး သွင်းခွင့်ပါမစ် ရထားတာတွေနဲ့ ထုတ်ထားတာတွေပဲ ရှိတော့တယ်” ဟု ပြောသည်။
လတ်တလော ကားဈေးကွက် အခြေအနေအရ လူကြိုက်များသော ဆူဇူကီးအမှတ်တံဆိပ် ကားအမျိုးအစားတချို့နှင့် ကျပ် သိန်း ၁၀၀၀ အောက် ကားအမျိုးအစားများ ဈေးနှုန်း ဆက်တိုက် မြင့်တက်လျက်ရှိပြီး ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ရှိသော တန်ဖိုးမြင့် ကားအမျိုးအစားဘက်၌မူ ဈေးနှုန်းမြင့်တက်မှု သိပ်မရှိကြောင်း ၎င်းက ရှင်းပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရ လက်ထက်တွင် ပြည်တွင်း၌ ကားတပ်ဆင်ထုတ်လုပ်သော လုပ် ငန်း (SKD) များကို အားပေးသည့် အနေဖြင့် ၂၀၁၉ ကားတင်သွင်းခွင့် မူဝါဒ၌ ဘယ်မောင်းကား (၂၀၁၆ မှ ၂၀၁၉ မော် ဒယ်) များသာ တင်သွင်းခွင့်ပြုခဲ့ခြင်း၊ SKD ကားများကိုသာ ရန်ကုန်လိုင်စင် ထုတ်ပေးခြင်းတို့ကြောင့် ပြည်တွင်းသို့ ကား တပ်ဆင်ထုတ်လုပ်သော နိုင်ငံခြားကုမ္ပဏီ အများအပြား ဝင်ရောက်လာခဲ့သည်။
အဆိုပါ နိုင်ငံခြားကုမ္ပဏီများအနက် တရုတ်ကားကုမ္ပဏီ အများအပြား ဝင်ရောက်လာခဲ့သလို ဂျပန်ထိပ်တန်းကားကုမ္ပဏီ တိုယိုတာကလည်း သီလဝါအထူးစီးပွားရေးဇုန်တွင် ကားထုတ်လုပ်ရေးစက်ရုံ လာရောက် ရင်းနှီးမြှုပ်နှံခဲ့သည်။
စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တိုယိုတာက ၎င်း၏ လုပ်ငန်းများကို ရပ်နားထားခဲ့ပြီး လက်ရှိတွင် တခြားသော ပြည် တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် ကားစက်ရုံ အများအပြားမှာလည်း ယာယီရပ်နားထားလျက် ရှိခြင်းကြောင့် သီလဝါ အပါ အဝင် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများကို ၂၀၂၂ ဧပြီအတွင်းက ထုတ်ပြန်သော နိုင်ငံခြား ငွေ ကန့်သတ်ထိန်းချုပ်ထားသည့် ညွှန်ကြားချက်အား ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း ဇွန် ၂၉ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဘက်က ထုတ်ပြန်လာသည်။
သို့သော် တဖက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကားတင်သွင်းခွင့် ပါမစ်များ ပိတ်ထားဆဲ ဖြစ် သောကြောင့် ကားထုတ်လုပ်ရေး လုပ်ငန်းများအတွက် အခက်အခဲ ရှိနေဦးမည် ဖြစ်ကြောင်း ကားတင်သွင်းရောင်းချသူ တဦးက ဆိုသည်။
“အခုက ညွှန်ကြားချက်တွေ ထွက်လာတယ် ဆိုပေမယ့် ဘာမှ ရှင်းရှင်းလင်းလင်းလည်း မရှိသလို အခုက နိုင်ငံရေး၊ စီးပွား ရေး၊ ဘဏ်စနစ် ဒါတွေ အားလုံးကလည်း တည်ငြိမ်မှု မရှိဘူး။ နောက် ကားမူဝါဒကိုလည်း ဘယ်လို ပြောင်းမလဲတော့ SKD လုပ်ငန်းကဏ္ဍအတွက်က ခန့်မှန်းပြောဖို့ ခက်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကားဈေးကွက်အတွင်း လူကြိုက်များပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကိုရီးယားကားကုမ္ပဏီ ဟွန်ဒိုင်း (Hyundai) အမှတ်တံဆိပ် Accent ကားအမျိုးအစားမှာ ယခင် ကျပ်သိန်း ၃၅၀ ဝန်းကျင်သာရှိရာမှ ယခုအခါ ကျပ် သိန်း ၅၂၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာနေသလို ဂျပန်ကားကုမ္ပဏီ ဆူဇူကီး (Suzuki)မှ ထုတ်လုပ်သော Ertiga နှင့် Swift ကားများမှာလည်း ယခင် ကျပ် သိန်း ၃၀၀ မှ ၄၀၀ ကျော်သာ ရှိခဲ့ရာမှ ယခု ကျပ်သိန်း ၅၀၀ မှ ၆၀၀ ကျော်ထိ ဈေးမြင့်လာ နေကြောင်း ပြည်တွင်း ကားဈေးကွက်အတွင်းမှ သိရသည်။
You may also like these stories:
ကားတင်သွင်းခွင့်ပိတ်လိုက်လို့ ကားဈေးကွက် ကမောက်ကမ ဖြစ်လာနေ
တရုတ်နယ်စပ်လည်း ဒေါ်လာနှင့် ကုန်သွယ်ရန် စစ်ကောင်စီ ပြန်သတ်မှတ်
ပို့ကုန်ရငွေ စာရင်းရှင်းရန် ကျန်ရှိကုမ္ပဏီများကို စစ်ကောင်စီ ပြန်တောင်းနေ