မျက်နှာကို ခွဲခြားသိရှိနိုင်သည့် စွမ်းရည်ရှိ တရုတ်လုပ်ကင်မရာများကို မြန်မာစစ်ကောင်စီက နိုင်ငံတဝှမ်း မြို့ကြီးများတွင် ပိုမိုတပ်ဆင်လာကြောင်း ထိုကိစ္စကို သိရှိသူ သုံးဦးက ပြောသည်။
လုံခြုံရေး ကင်မရာနှင့် မျက်နှာကို ခွဲခြားသိရှိနိုင်သည့် နည်းပညာများ ဝယ်ယူတပ်ဆင်ရေး တင်ဒါများတွင် ထိုစီမံကိန်းများသည် လုံခြုံမှုထိန်းသိမ်းရန် ရည်ရွယ်သည့် ဘေးအန္တရာယ်ကင်းသော မြို့ကြီးများ စီမံကိန်းအတွက်ဟု ဖော်ပြထားပြီး လူမှုငြိမ်းချမ်းရေးအတွက်လည်း ဖြစ်သည်ဟု ဖော်ပြကြောင်း ထိုစီမံကိန်းများတွင် ပါဝင်သူများက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ဒေသအာဏာပိုင်များသည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သော မော်လမြိုင် အပါအဝင် မြို့ကြီးအနည်းဆုံး ၅ မြို့တွင် ကင်မရာထောက်လှမ်းရေး စီမံကိန်းများ စတင်ကြသည်ဟု စစ်ကောင်စီ၏ လက်စားချေမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသော လူ သုံးဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ယခင်အစိုးရက တပ်ဆင်ခဲ့ သို့မဟုတ် စီစဉ်ခဲ့သည့် ရာဇဝတ်မှု တိုက်ဖျက်ရေး ကင်မရာများ တပ်ဆင်ထားသည့် မြို့ကြီး ၅ မြို့အပြင် နောက်ထပ်မြို့ကြီးများတွင် ထိုစီမံကိန်းသစ်များကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များနှင့် မီဒီယာများက ပြောသည်။
ထိုကိစ္စကို ဝေဖန်ပြောကြားပေးရန် Reuters သတင်းဌာနက တောင်းဆိုသောအခါ စစ်ကောင်စီ ပြောခွင့်ရသူက ဖြေကြားခြင်း မရှိပေ။ စစ်ကောင်စီက ထိန်းချုပ်ထားသည့် ဒေသဆိုင်ရာအစိုးရများ၏ ၁၀ ခုအနက် မည်သူကမျှလည်း ပြန်လည်ဖြေကြားခြင်း မရှိကြေပေ။ Reuters သတင်းဌာနအနေဖြင့် တင်ဒါခေါ်ယူမှုများကို ပြန်လည် လေ့လာသုံးသပ်နိုင်ခြင်း မရှိသလို ကင်မရာတပ်ဆင်ထားမှုကို အတည်ပြုရန် ထိုမြို့ကြီးများသို့ သွားရောက်နိုင်ခြင်းလည်း မရှိပေ။
စစ်ကောင်စီသည် မြန်မာ၏ ပြည်နယ် ၇ ခုနှင့် တိုင်း ၇ ခုမှ မြို့ကြီးများ အားလုံးတွင် ထောက်လှမ်းရေး ကင်မရာများ တပ်ဆင်ရန် စီစဉ်နေသည်ဟု စစ်ကောင်စီ၏ ထိုစီမံကိန်းများနှင့် ပတ်သက်ပြီး နှစ်ကြိမ်တိုင် ရှင်းလင်းပြောကြားခံရသည့် ရင်းမြစ်တခုက ဆိုသည်။
စစ်ကောင်စီက ထောက်လှမ်းရေး ကင်မရာများ တပ်ဆင်နေသည့် အတိုင်းအတာကို ယခင်က သတင်းဖော်ပြခြင်း မရှိသေးပေ။
ထိုတင်ဒါများကို အောင်မြင်သူများတွင် Fisca Security & Communication နှင့် Naung Yoe Technologies Co အပါအဝင် ပြည်တွင်း ဝယ်ယူဖြန့်ချိသည့် လုပ်ငန်းများဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ် ၃ ခုက ပြောသည်။
ထိုပြည်တွင်းလုပ်ငန်းများက ကင်မရာများနှင့် ဆက်စပ်နည်းပညာများကို တရုတ်ထောက်လှမ်းရေး နည်းပညာ လုပ်ငန်းကြီးများဖြစ်သော Zhejiang Dahua Technology (Dahua), Huawei Technologies Co Ltd နှင့် Hikvision တို့ထံမှ ဝယ်ယူကြောင်း အထက်ပါ သတင်းရင်းမြစ် သုံးခုက ပြောသည်။
ရန်ကုန်တွင် အခြေစိုက်သော Fisca နှင့် Naung Yoe တို့ကို ဆက်သွယ် မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။
Huawei နှင့် Dahua တို့ကို ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းမပြန်ပေ။ Hikvision ကမူ ၎င်းတို့သည် မြန်မာအစိုးရ အာဏာပိုင်များကို မည်သည့်အခါမျှ ရောင်းချခြင်း မရှိကြောင်းနှင့် ၎င်းတို့ထံမှ ဝယ်ယူသူများသည် ဖြန့်ချိသူများနှင့် ပေါင်းစပ် တပ်ဆင်ထုတ်လုပ်သူများသာ ဖြစ်ကြောင်း ကြေညာချက်တစောင်ဖြင့် အကြောင်းပြန်သည်။ ထို့အပြင် ၎င်းတို့သည် မြန်မာသို့ မျက်နှာကို ခွဲခြား သိရှိနိုင်သည့် နည်းပညာ မရောင်းကြောင်းလည်း ဖော်ပြထားသည်။
မျက်နှာကို ခွဲခြားသိရှိနိုင်သည့် ဆော့ဖ်ဝဲလ်များ မောင်းနှင်နိုင်သည့် ၎င်းတို့၏ စက်ပစ္စည်းများ မြန်မာသို့ ရောင်းချသည့် ကိစ္စများကို သိရှိပါသလားဟု မေးသောအခါ Hikvision ကလည်း အကြောင်းပြန်ကြားခြင်း မရှိတော့ပေ။
တရုတ်ဆော့ဖ်ဝဲလ် လိုင်စင်ကြေးသည် မြင့်မားသောကြောင့် မြန်မာမှ တင်ဒါရရှိထားသော ဝယ်ယူဖြန့်ချိရေး လုပ်ငန်းများသည် တခါတရံတွင် ပြည်တွင်းနှင့် ဒေသတွင်းမှ ထုတ်လုပ်သည့် မျက်နှာခွဲခြားသိရှိနိုင်သော ဆော့ဖ်ဝဲလ်များကို အသုံးပြုကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။
စောင့်ကြည့် ထောက်လှမ်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ
ရာဇဝတ်မှုများကို တားဆီးရန်အတွက် စီစီတီဗီများနှင့် ဗီဒီယို ထောက်လှမ်းရေးစနစ်များကို ကမ္ဘာတဝှမ်း မြို့ကြီးများတွင် အသုံးပြုကြသည်။ ပိုမို အငြင်းပွားဖွယ် ဖြစ်လာသည့် မျက်နှာကို ခွဲခြားသိရှိနိုင်သော ဆော့ဖ်ဝဲလ်များကိုလည်း အသုံးပြုလာကြပြီး အမေရိကန် ပြည်ထောင်စုတွင် ထိုနည်းပညာသည် တရားဥပဒေစိုးမိုးရေး နယ်ပယ်တွင် အခြေခိုင်လာသည်။
တရုတ်မြို့ကြီးများတွင် အသုံးပြုနေသည့် အဆင့်မြင့် စနစ်များသည် ပြင်ပတွင် ရိုက်ကူးထားသည့် ပုံများကို ပုံများသိုလှောင်ထားသော ဒေတာဘေ့စ်မှ ပုံများနှင့် နှိုင်းယှဉ်ခွဲခြားရန် ဉာဏ်ရည်တု နည်းပညာကို အသုံးပြုကြသည်။
ထိုစီမံကိန်းသစ်များဖြင့် တက်ကြွလှုပ်ရှားသူများနှင့် ခုခံရေးအင်အားစုများအား ဖြိုခွဲရာတွင် သုံးမည်ကို မြန်မာမှ ထိုစီမံကိန်းများကို တိုက်ရိုက်သိသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေကြသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တက်ကြွလှုပ်ရှားသူများနှင့် ခုခံရေးအင်အားစုများကို အကြမ်းဖက်သမားများအဖြစ် ကြေညာထားသည်။
“စစ်ကောင်စီနှင့်ရဲများသည် ထောက်လှမ်းရေး ကင်မရာများဖြင့် တက်ကြွလှုပ်ရှားသူများ၏ လှုပ်ရှားမှုကို ခြေရာခံရန်၊ အဆက်အသွယ်များကို ဖော်ထုတ်ရန်၊ ခိုလှုံနေသော အိမ်များနှင့် အခြားစုဝေးသော နေရာများကို ဖော်ထုတ်ရန်နှင့် အသုံးပြုသော ကားများ၊ ဆိုင်ကယ်များကို သိရှိကြားဖြတ်ရန် သုံးသောကြောင့် ၎င်းတို့သည် မြန်မာဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများအတွက် အထူး အန္တရာယ်ဖြစ်စေသည်” ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန်က Reuters သတင်းဌာနသို့ ပေးသော ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။
မြန်မာစစ်ကောင်စီသည် စောင့်ကြည့် ထောက်လှမ်းသည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။ ၎င်းတို့သည် နိုင်ငံသားများ၏ ဆက်သွယ်မှုများကို ကြားဖြတ် ခိုးနားထောင်ရန်အတွက် ဆက်သွယ်ရေး လုပ်ငန်းများနှင့် အင်တာနက် ဝန်ဆောင်မှုပေးသော လုပ်ငန်းများတွင် သူလျှိုဆော့ဖ်ဝဲလ်များကို တပ်ဆင်ထားပြီး အွန်လိုင်းမှ အစိုးရဆန့်ကျင်သူများကို စောင့်ကြည့် တိုက်ခိုက်ရန်အတွက် သတင်းအချက်အလက် ထိုးစစ်ကိုလည်း အသုံးပြုနေကြောင်း Reuters သတင်းက ဖော်ပြခဲ့ပြီးဖြစ်သည်။
ထောက်လှမ်းရေး ကင်မရာများမှ ရရှိသော အချက်အလက်များကို သရုပ်ခွဲလေ့လာရန် စစ်တပ်တွင် အထူးလေ့ကျင့်ထားသည့် အရာရှိများရှိကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် စစ်တပ်မှ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးဟောင်း ညီသုတက Reuters သို့ ပြောသည်။
ထိုလုပ်ငန်းအတွက် အရာရှိမည်မျှအား တာဝန်ပေးထားသည်ကို သူမသိကြောင်း ပြောသော်လည်း မြို့တော် နေပြည်တော်မှ စစ်သားများကို တာဝန်ပေးထားသည့် စီစီတီဗီ ထိန်းချုပ်ခန်းသို့ သွားရောက်ခဲ့ပုံကို ပြန်ပြောပြသည်။ Reuters သတင်းဌာနအနေဖြင့် ထိုအချက်အလက်များကို သီးခြား အတည်ပြုနိုင်ခြင်းမရှိဘဲ စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိပေ။
မြို့ကြီး ၁၀ မြို့
အာဏာသိမ်းပြီးနောက် မကြာမီ ထောက်လှမ်းရေး ကင်မရာများ တပ်ဆင်ရန် မော်လမြိုင်မြို့တွင် တင်ဒါပွဲ ကျင်းပကြောင်း အထက်ပါသတင်း ရင်းမြစ် သုံးခုကပြောသည်။ ထိုနောက်လများတွင် တောင်ကြီးနှင့် ထားဝယ်အတွက် တင်ဒါခေါ်ကြောင်း အထက်ပါသတင်းရင်းမြစ် သုံးခုအနက် နှစ်ခုက ပြောသည်။
မော်လမြိုင်တင်ဒါကို Fisca နှင့် Naung Yoe တို့ ပူးတွဲရရှိကြောင်း ထိုသတင်းရင်းမြစ် နှစ်ခုကပင် ပြောသည်။ ထားဝယ်နှင့် တောင်ကြီးအတွက် တင်ဒါကို Fisca တခုတည်းက ရကြောင်း သတင်းရင်းမြစ် တခုကပြောပြီး ထိုမြို့တခုစီတွင် Dahua ကင်မရာ ရာပေါင်းများစွာကို ယခုနှစ်တွင် တပ်ဆင်ကြောင်းလည်း ပြောသည်။
ယခုအခါ မော်လမြိုင်တွင် Dahua ကင်မရာ ၂၀၀ ကျော်ရှိပြီး နောက်ထပ် တပ်ဆင်ရန် အစီအစဉ်ရှိကြောင်း အခြားသတင်းရင်းမြစ်တခုက ပြောသည်။
Dahua ကင်မရာများကို ယခုနှစ်အတွင်း တိုင်းရင်းသားလှုပ်ရှားမှု ဖြစ်နေသော ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်လည်း တပ်ဆင်သည်ဟု ရင်းမြစ်တခုပြောပြီး ကရင်ပြည်နယ်၊ ဘားအံမှ အုပ်ချုပ်ရေးပိုင်းသည် ကင်မရာ စနစ်တပ်ဆင်ရေးကို စတင်ဆွေးနွေးနေကြောင်းလည်း သူကဆက်ပြောသည်။
စစ်အာဏာသိမ်းမှု မဖြစ်ပွားမီက ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် စီစီတီဗီ ကင်မရာများကို နေပြည်တော်နှင့် မြန်မာတွင် အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် တပ်ဆင်ခဲ့ပြီး မန္တလေးမြို့တွင် Huawei ကင်မရာများ တပ်ဆင်ရန် သဘောတူစာချုပ် ချုပ်ဆိုထားကြောင်း ပြည်တွင်းသတင်းဌာနများနှင့် အထက်ပါ ရင်းမြစ်နှစ်ခု၏ ဖော်ပြချက်များအရ သိရသည်။
Huawei ကင်မရာများကို နေပြည်တော်တွင် မျက်နှာခွဲခြားသိသော ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်ထားသည်ဟု ရင်းမြစ်များအနက် တခုကပြောသည်။ ရန်ကုန်ရှိ စောင့်ကြည့် ထောက်လှမ်းသောစနစ်တွင် Hikvision ယာဉ်ကြောထိန်းသိမ်းသည့် စနစ်ပါဝင်ပြီး ကင်မရာတံဆိပ် အများအပြားပါကြောင်း ရင်းမြစ်တခုက ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတွင် ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မန္တလေးတွင် ကင်မရာများ ပိုမိုလျင်မြန်စွာ တပ်ဆင်ရန် ခိုင်းသည်ဟု ရင်းမြစ် နှစ်ခုကပြောသည်။ အာဏာမသိမ်းမီက Huawei ကင်မရာ အနည်းဆုံး ၃၀၀ ကို တပ်ဆင်ထားပြီးဖြစ်ကြောင်းနှင့် နောက်ထပ် ရာချီတပ်ဆင်ရန် ရှိသေးကြောင်းလည်း သူကပြောသည်။
ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာ သမိုင်းဝင် ပုဂံတွင်လည်း ကင်မရာ ထောက်လှမ်းရေးစနစ် တပ်ဆင်ရန် အာဏာမသိမ်းမီကပင် ဆွေးနွေးမှုများရှိကြောင်း ရင်းမြစ် နှစ်ခုက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်နေသော ရခိုင်ပြည်နယ်တွင် Huawei ကင်မရာတပ်ဆင်ထားသော စီစီတီဗီစနစ်များကို စစ်တွေမြို့နှင့် ရွာအချို့တွင် ၂၀၁၉ ခုနှစ်က စတင်ပြီး စစ်တပ်က တပ်ဆင်ထားကြောင်း ရင်းမြစ်တခုက ပြောသည်။
(Reuters သတင်း Myanmar’s junta rolls out Chinese camera surveillance systems in more cities: Sources ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်
အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား
ရန်ကုန် ပြောက်ကျားသပိတ် လှုပ်ရှားသူများအပါအဝင် ၄၀ ကျော် ဖမ်းခံရ