သတင်း

မင်းတပ်နှင့် မတူပီဒေသခံများ ရိက္ခာပြတ်နေ၊ ကျေးရွာတွေလည်း တိုက်ခိုက်ခံနေရ

ချင်းပြည်နယ်တောင်ပိုင်း မတူပီနှင့် မင်းတပ် မြို့နယ်များသို့ စီးဆင်းသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို အာဏာသိမ်း စစ်ကောင်စီက ဖြတ်တောက်ပိတ်ဆို့ထားသဖြင့် တောင်ပေါ်ဒေသက ဌာနေ ချင်းတိုင်းရင်းသားများ ရိက္ခာပြတ်လက်မှုနှင့် ကြုံတွေ့နေကြရသည်။

မင်းတပ်နှင့် မတူပီမြို့နယ်တို့အတွက်အဓိက ကုန်စည်စီးဆင်းရာဖြစ်သည့် ပလက်ဝ – မတူပီ၊ မတူပီ – မင်းတပ်၊ မင်းတပ် – ကျောက်ထု စသည့်အဓိက လမ်းမကြီးများကို စစ်ကောင်စီက အာဏာသိမ်းမှု ဖြစ်ပွားသည့် နောက်ပိုင်းကတည်းက စစ်ရေးစိုးရိမ်ချက်ဖြင့် ဖြတ်တောက်ပိတ်ဆို့ထားခြင်း ဖြစ်သည်။

မတူပီမြို့နယ် အရပ်ဘက်အဖွဲ့အစည်းမှ အမျိုးသမီးတဦးက “အခုဆိုရင် ဆန်ကလုံးဝ မရှိတော့ဘူး။ ပိုက်ဆံရှိတဲ့ လူတွေကတော့ ဆန် ၁၀ အိတ်လောက်ဝယ်ယူစုထားကြတယ်။ ပိုက်ဆံမရှိတဲ့ လူတွေက တော့ ၁ အိတ်ပဲ ဝယ်နိုင်တယ်။ အဲဆန်ကို စားသောက်ပြီး ကုန်သွားရင်တော့ စားစရာမရှိတော့ဘူး။ ဆီ၊ ဆား၊ ငပိတွေလည်း ဒီလိုပဲ၊ စျေးကြီးတယ်။ ကြက်ဥဆိုလည်း ၃ လုံးကို ၁ ထောင်ပေးရတယ်။ ဒါတောင်မှ ရှားရှားပါးပါး ဝယ်ယူရတာ။ လူအများစု ကတော့ ကြက်ဥ ၃ လုံး ၁ ထောင်ဆိုတော့ မစားနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မင်းတပ်မြို့နယ်အတွင်းက ကျေးရွာများပေါ်သို့ လေယာဉ်ပေါ်မှ ကြဲချခဲ့သော ဗုံးများ (ဓာတ်ပုံ – HKL Mindat)

လတ်လောတွင် မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) များအကြား တိုက်ပွဲ ကြီးကြီးမားမား မရှိသော်လည်း စစ်ကောင်စီတပ်က လမ်းကြောင်းများပိတ်ဆို့ထားမှုကြောင့် ဆန်ဆိုင်များတွင် ပြတ်လတ်နေသဖြင့် ဆန်ကွဲ ၂၄ ပြည်ဝင် တအိပ်လျှင် ၄၅၀၀၀ ကျပ်ဖြင့် ဝယ်ယူပြီး မငတ်အောင် စားသောက်ရကြောင်း မတူပီဒေသခံများက ရှင်းပြသည်။

တိုင်းပြည်ကို စစ်တပ် အာဏာမသိမ်းမီက မတူပီမြို့နယ်တွင် ၂၄ ပြည်ဝင် ဆန်တအိတ်လျင် ကျပ် ၄၀၀၀၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် တအိတ်လျှင် ကျပ် ၆၆၀၀၀ မှ ကျပ် ၇၀၀၀၀ ဝန်းကျင်ထိ ရှားပါးစွာ ဝယ်ယူနေရကြောင်း မတူပီမြို့ နယ် အတွင်းက ဒေသခံများက ပြောသည်။

ထိုအပြင် စစ်ကောင်စီက မတူပီမြို့နယ်အတွင်း ဒေသခံပြည်သူများကို ခရီသွားလာခွင့် ပိတ်ပင်ထားသဖြင့် အရေးပေါ် လူနာများပင် ဆေးရုံတင်ခွင့်မရတော့သည့် အခြေအနေများကြောင့် ကျန်းမာရေး ကုသခွင့် အခက်အခဲများလည်း ရှိနေကြောင်းသိရသည်။

မင်းတပ်မြို့နယ်အတွင်းက ကျေးရွာများပေါ်သို့ လေယာဉ်ပေါ်မှ ကြဲချခဲ့သော ဗုံးများ (ဓာတ်ပုံ – HKL Mindat)

ယခုလ လဆန်းပိုင်းတွင် အိမ်စီးကား တချို့ကို မြို့ဝင်၊ မြို့ထွက် ဖြတ်သန်း ခွင်ပြုထားသော်လည်း ကုန်ပစ္စည်း တင်ဆောင်သည့် ကားကြီးများကိုတော့ လုံးဝ ဖြတ်သန်း ခွင့်မပြုကြောင်းလည်း မတူပီမြို့ခံ အမျိုးသမီးတဦး ပြောသည်။

သူမက “အိမ်စီကားတချို့ကို ဖြတ်ခွင့်မပေးတာက လူနာတွေ၊ အရေးပေါ် လူနာတွေ ဆေးရုံတင်လို့ မရဖြစ်တဲ့ အတွက် လမ်းကြောင်းဖွင့်ပေးတဲ့ သဘောပဲ၊ အိမ်ကားလေးတွေ မြို့ထဲကို ဝင်လာတာတွေတာနဲ့ လူတွေက စားစရာလေးတွေ မှာပြီပေါ့၊ အဲဒီလို မျိုးမှာရင်တော့ ကြက်ဥလေးတွေ၊ ငါးခြောက်လေးတွေ သယ်လာပေးတယ်၊ ဆန်နဲ့ စားဆီ မသယ်လာနိုင်ဘူးလို့ ပြောတယ်။ ကျမ စားအုန်းဆီမှာ ထားတာ ၂ လ ရှိပြီ အခုထိ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ မတူပီမြို့နယ်ကဲ့သို့ပင် မင်းတပ်မြို့နယ်ကိုလည်း စစ်ကောင်စီက ကားလမ်းမများကို ပိတ်ဆို့ထားကာ တိုက်ပွဲ မရှိဘဲ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံ ကျေးရွာသားများမှာ စားနိပ်ရိက္ခာအတွက် ပူပင်ရခြင်းအပြင် အသက်ရှင်ရပ်တည်ရေး အတွက်ပါ ရင်ဆိုင်ဖြတ်သန်းနေကြရကြောင်း ဒေသခံများက ပြောသည်။

မင်းတပ်မြို့နယ်အတွင်းက ကျေးရွာများပေါ်သို့ လေယာဉ်ပေါ်မှ ကြဲချခဲ့သော ဗုံးများ (ဓာတ်ပုံ – HKL Mindat)

မင်းတပ်မြို့နယ်အတွင်းက ဒေသခံရွာသားတဦးက “တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက မြို့ပတ်ပတ်လည်မှာရှိတဲ့ ရွာတွေကို တချိန်လုံး လက်နက်ကြီးတွေနဲ့ လှမ်းထုနေတော့ ကျနော်တို့ ရွာမှာလည်း မနေရဲဘူး။ တောင်ယာလည်း မသွားရဲဘူး။ ဘယ်လောက်အထိ ခက်ခဲနေလဲဆိုတော့ အသက်ရှင်ဖို့ မသေဖို့ ရုန်းကန်နေရတဲ့ အနေအထားပဲ၊ အစားအသောက် အတွက်လည်း ပူရ၊ အသက်အန္တရာယ်လည်း စိုးရိမ်ကြ။ ရွာသားတွေအကုန်လုံးက စစ်ဘေးရှောင်၊ စစ်ဘေးသင့်တွေ ဖြစ် နေကြရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က အရပ်သား ကျေးရွာများပေါ်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေကြောင်း ဒေသခံကျေးရွာသားများနှင့် CDF မင်းတပ် တပ်ဖွဲ့ဝင်များ က ပြောသည်။

ဇူလိုင်လဆန်းပိုင်းကလည်း မင်းတပ်မြို့ပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင် စီတပ် ခလရ ( ၂၇၄ ) တပ်ရင်းမှ အမြောက်ကြီးများ အထိုင်ချ၍ မြို့၏ အရပ်လေးမျက်နှာတွင် တည်ရှိသည့် ကျေးရွာများပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း မင်းတပ် CDF တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းဟာအွမ်က ပြောသည်။

ကိုဆလိုင်း ဟာအွမ်က “ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ရွာတွေကို လက်နက်ကြီးတွေနဲ့ စိတ်ကြိုက် လှမ်းထုနေတော့ ရွာသားတွေက ရွာမှာလည်း မနေရဲကြဘူး။ စစ်ကြောင်းမလာတဲ့ အတွက် စစ်မရှောင်ရဘဲ လက်နက်ကြီး ပစ်နေတာကြောင့် အကုန်စစ်ဘေးသင့်၊ စစ်ဘေးရှောင်တွေ ဖြစ်နေတော့ လူသားချင်းစာနာတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း ကျနော်တို့ မင်းတပ်ကို ကူညီကြပါလို့ ပြောချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၅ ရက်နေ့ကလည်း မြို့ပေါ်တွင် အခြေစိုက်ထားသည့် ခလရ ( ၂၇၄ ) တပ်ရင်းမှနေ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ဇူလိုင်လ ၆ ရက်နေ့တွင်လည်း ၎င်းမြို့နယ် အတွင်း က ကျော့တော်ကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်ပြီး အမျိုးသား ၁ ဦးနှင့် အမျိုး သမီး ၁ ဦးကို ဖမ်း ဆီးကာ နေအိမ်ရှိ ပစ္စည်းများကိုလည်း ဝင်ရောက်ဖျက်စီးသွားခဲ့ကြောင်း မင်းတပ်ဒေသများက ပြောသည်။

မင်းတပ်မြို့နယ်အတွင်းက ကျေးရွာများပေါ်သို့ လေယာဉ်ပေါ်မှ ကြဲချခဲ့သော ဗုံးများ (ဓာတ်ပုံ – HKL Mindat)

ယင်းအပြင် ဇူလိုင်လ ၄ ရက်နေ့ကလည်း မင်းတပ်မြို့နယ်အတွင်းက ပူကွန်း ကျေးရွာဘက်သို့ လက် နက်ကြီး ၃ ချက်ပစ်ခတ်ခဲ့ပြီး ကျေးရွာအနီး ၂ လုံးကျရောက် ပေါက်ကွဲခဲ့သလို ဇူလိုင်လ ၂ ရက်နေ့ကလည်း မင်းတပ်မြို့နယ်အတွင်း ချပ်ကျေးရွာနှင့် စွန်တောင် ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာသားတချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုတွင် ချပ်ကျေးရွာနှင့်စွန်တောင်ကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်း၊ ဘုရား ကျောင်း ၁ ကျောင်းနှင့် နေအိမ် တချို့ထိခိုက်ပျက်စီးပြီး ကျေးရွာများမှာလည်း လက်ရှိ အချိန်အထိ တောတောင်ထဲသို့ အသက်လု ထွက်ပြေး နေရ ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် မင်းတပ်မြို့ပေါ်နှင့် မြို့ပေါ်နှင့်ကပ်လျှက်တွင်တည်ရှိသည့် ကျေးရွာတချို့မှ လွဲ၍ ကျန်ကျေးရွာ အုပ်စုများကို အုပ်ချုပ်မှုမလုပ်နိုင်တော့ဘဲ ဒေသခံ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်များလက်ထဲသို့ ကျရောက်သွားပြီ ဖြစ်သည့်အတွက် ထိုကျေးရွာများကို ယင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် နေခြင်း ဖြစ်ကြောင်း မင်းတပ် CDF တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်း ဟာအွမ်က ရှင်းပြသည်။

ထို့အပြင် အရပ်သားများကို ကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှု များပြုလုပ်နေသဖြင့် လက်ရှိတွင် ပခုက္ကူ အကျဉ်းထောင်တွင် မင်းတပ်မြို့နယ်အတွင်းမှ ဖမ်းဆီးခံထားရသည့် ချင်းတိုင်းသား ၆၀ ကျော်ရှိသလို မင်းတပ်မြို့ ခလရ ( ၂၇၄ ) တပ်ရင်းတွင်လည်း ဒေသခံ အရပ်သား ၃၀ နီးပါးကို ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။

Loading