ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်ပညာရေးမှူးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဒေသခံ ကန်ပက်လက် CDF တပ်ဖွဲ့ဝင်များက ၂ ရက်ဆက်တိုက်ခိုက်သဖြင့် စစ်သား တချို့ ထိခိုက် သေဆုံးမှု ရှိကြောင်း သိရသည်။
ဇူလိုင် ၁၁ရက်နှင့် ၁၂ရက်တွင် ကန်ပက်လက် ထွေ/အုပ်ရုံးနှင့် ပညာရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးကို သေဆုံးကြောင်း ကန်ပက်လက် CDF တပ်ဖွဲ့မှ ခေါင်းဆောင် ဆလိုင်းထွန်းလိန်းထလ်း က ပြောသည်။
၎င်းက “ဇူလိုင် ၁၁ ရက်မြို့နယ် ထွေအုပ်ရုံးမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ကို စီးနင်းတိုက်ခိုက်တဲ့ ဖြစ်စဉ်မှာတော့ သူ တို့ဘက်က ထိခိုက်ကျဆုံးမှုကို မသိရဘူး။ မနေ့က ပညာရေးမှူးရုံးနဲ့ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို စီးနင်းတိုက်ခိုက်တဲ့ ဖြစ်စဉ်မှာတော့ ကျနော်တို့ဘက်က စနိုက်ပါနဲ့ ပစ်ခတ်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၂ ယောက် သေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၁၁ ရက် တိုက်ပွဲမှာ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ဖြစ်ပွားခဲ့သလို ယမန်နေ့ ဇူလိုင်လ ၁၂ ရက် တိုက် ပွဲမှာလည်း မနက် ၁၁ နာရီမှနေ ညနေ ၂ နာရီအထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း မြို့ခံများ ထိခိုက်မှုရှိမည်ကို စိုးရိမ်သည့် အတွက် လက်နက်ကြီးများ မသုံးဘဲ လက်နက်ငယ်များဖြင့်သာ ပစ်ခတ်တ်ိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကန်ပက်လက် CDF ခေါင်းဆောင်များက ပြောသည်။
မြို့တွင်းတိုက်ပွဲ ဖော်ဆောင်ရခြင်းမှာ မြို့ပေါ်တွင် တပ်စွဲနေထ်ိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် စစ်ဆေးမှုများ တင်း ကျပ်ခြင်း၊ စစ်ရှောင်သွားသည့် မြို့ခံတချို့၏ နေအိမ်များရှိ ပစ္စည်းများကို ညအချိန်ဝင်ရောက် ဖောက်ထွင်း ခိုးယူခြင်း ပြု လုပ်နေသည့်အတွက် ထိုသို့ ဝင်ရောက် စီးနင်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း ကန်ပက်လက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ထိုသို့ မြို့တွင်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လက်ရှိ အခြေအနေတွင် ကန်ပက်လက်မြို့ပေါ်တွင် ဈေးများကို ပိတ်ထားပြီး မြို့ခံ များလည်း နေအိမ်မှ အပြင်မထွက်ရဲဘဲ အခြေအနေ စောင့်ကြည့်နေကြကြောင်း ကန်ပက်လက် မြို့ခံတဦးက ဆိုသည်။
၎င်းက “မြို့ထဲမှာ ၂ ရက်ဆက်တိုက် အပြန်အလှန်ဖြစ်တဲ့ ပစ်ခတ်မှုဖြစ်တယ်ဆိုတော့ အားလုံးက စိုးရိမ်တာပေါ့။ အရပ်သား တွေ ထိခိုက်မှုရှိတယ်လို့တော့ မကြားဘူး။ ဒီနေ့လည်း ဆက်ဖြစ်ကြမလားဆိုပြီး မြို့ လူထုကတော့ အိမ်အပြင်မထွက်ရဲဘူး။ စစ်ကောင်စီတပ်ကလည်း အပြင်ထွက်ပြီး စစ်ဆေးတာ၊ ကင်းလှည့်တာ မတွေ့ဘူး။ သူတို့လည်း အပြင်ထွက်ရင် ပစ်ခတ်ခံရ မှာကို စိုးရ်ိမ်တယ်နဲ့ တူတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော ဇွန်လအတွင်း၌ ကန်ပလက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ CDF တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ စစ်ကူ မလာနိုင်ရန် ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်တို့ တွင် ကန်ပက်လက်မြို့ပေါ် တပ်စွဲနေထိုင်သည့် တပ်မ ၅၅ လက်အောက်ခံ စစ်ကောင်စီတပ်ကို CDF တပ်ဖွဲ့ဝင်များက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားသည် လုံးဝ မလည်ပတ်နိုင်တော့သည့်အခြေအနေ ဖြစ် ပေါ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အုပ်ချုပ်မှု နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်အထိ စိုးမိုးထား၍ CDM မလုပ်ဘဲ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်း တချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းကာ နယ်နှင်ဒဏ်ပေးခြင်းဖြင့် စစ် ကောင်စီ ယန္တရားကို ဖြိုထားကြောင်း သိရသည်။
ယင်းပြင် မြို့ပေါ်ရပ်ကွက်မှလွဲပြီး နယ်ဘက်ရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများထံမှလည်း စစ်ကောင်စီ ထုတ်ပေးထားသည့် တံဆိပ်တုံးများကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သိမ်းဆည်းရယူကာ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရား အစားထိုးရယူထား ကြောင်း ကန်ပက်လက် CDF ခေါင်းဆောင်များက ပြောသည်။
You may also like these stories:
မင်းတပ်နှင့် မတူပီဒေသခံများ ရိက္ခာပြတ်နေ၊ ကျေးရွာတွေလည်း တိုက်ခိုက်ခံနေရ
နိုင်ငံသား ၂ ဦး အသတ်ခံရပြီးနောက် အိန္ဒိယက တမူးသို့ ပေးသည့် လျှပ်စစ်မီးဖြတ်တောက်