ပြည်ပနိုင်ငံများမှ ဆေးဝါးနှင့်ဆေးပစ္စည်းများအား တင်သွင်းခွင့်ပါမစ် ချပေးရာတွင် စစ်ကောင်စီ လက်အောက်ခံ ကော်မတီနှင့် ဌာနဆိုင်ရာများ၏ ခွင့်ပြုချက်ရရှိရေး အဆင့်ဆင့် တောင်းခံနေရသဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး ဆေးဝါးစျေးတက်နေသကဲ့သို့ ပစ္စည်းပြတ်လပ်မှုများပါ ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဆေးဝါး တင်သွင်းဖြန့်ဖြူးရောင်းချသူ တဦးက “အခုကတော့ သွင်းကုန်ပါမစ်ရဖို့ ခက်ခဲတာကြောင့် ဆေးဝါးတွေ ဈေး တက်သွားတယ်။ ခဏခဏ ဈေးအပြောင်းအလဲတွေ ဖြစ်တယ်။ တပတ်နဲ့တပတ် မတူဘူး။ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာ ခိုင်နှုန်းလောက်ထိ တက်တယ်။ အများဆုံး တက်တာကတော့ ၁၀ ရာခိုင်နှုန်းလောက် တက်တယ်။ ဈေးတွေက ထပ်ခါ ထပ်ခါ တက်နေတော့ ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။ ပုံမှန် မရှိဘူး။ တချို့ဆေးဝါးတွေလည်း ပစ္စည်းပြတ် တာတွေ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ဆေးဝါးဈေးကွက်အတွင်း ဆေးမျိုးစုံမှာ အနိမ့်ဆုံး ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်နေသလို ဆီးချိုရောဂါသည်များ သောက်သုံးသည့် ဆေးဝါးများ၊ အဆုတ်ရောဂါအတွက် သုံးသည့် ပိုးသတ်ဆေးများ၊ ဈေးကြီး သည့် နိုင်ငံခြားဆေးဝါးတချို့နှင့် ကလေးဖြည့်စွက်စာ စသည်တို့မှာ ပစ္စည်းပြတ်လုနီးပါး ဖြစ်နေကြောင်း ၎င်းက ရှင်းပြ သည်။
ဆက်လက်၍ ၎င်းက “လုံးဝကြီး ပြတ်တယ်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုဆေးမျိုးတွေက ဈေးကြီးကြီးပေးပြီး ရှာဝယ်ရတာမျိုးတွေ ရှိတယ်။ တချို့ အရမ်းကြီးတော့ တင်မရောင်းတော့ဘူးပေါ့။ ဥပမာ- အရင်က ဆေး ၁ လုံး ၅၀၀ ကျပ်နဲ့ ဝယ်ရင် ၇၀၀၊ ၈၀၀ ကျပ် ပေးရမယ်ပေါ့။ အဲဒီလိုတွေ ဖြစ်သွားတာ။ ဈေးတက်တဲ့ဆေးတွေက ပိုများတယ်။ တချို့ ဆေးရုံးသုံးတဲ့ ဆေးတွေဘာတွေဆို ရှားတယ်။ ဆိုင်မှာလာမှာတဲ့ အဆုတ်ပိုးသတ်ဆေးတို့ ဘာတို့ဆို ဝယ်လို့မရ ဘူးပေါ့” ဟု ပြောသည်။
ယခင်က ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့် ပါမစ်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့သာ တင်ပြရသော်လည်း ပြီးခဲ့သည့် ဧပြီလမှစပြီး စစ်ကောင်စီ၏ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန စသည်ဖြင့် သွင်းကုန်ပါမစ်များအား အဆင့်ဆင့် တင်ပြရပြီး ၎င်းတို့ ခွင့်ပြုမှသာ တင်သွင်းခွင့်ရခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
စစ်ကောင်စီ၏ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုဗိုလ် ချုပ်ကြီး မိုးမြင့်ထွန်းက ဦးဆောင်ပြီး လုပ်ငန်းကော်မတီတွင် ဥက္ကဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးညွန့်အောင်က ဦးဆောင် ပါဝင်သည်။
ထိုသို့သော အခြေအနေများကြောင့် ဈေးကွက်အတွင်း ဆေးဝါးဈေးနှုန်းများ တပတ်နှင့်တပတ် မတူအောင် မြင့်တက် လျက်ရှိပြီး တချို့ဆေးဝါးများမှာ ဆေးဆိုင်တိုင်း၌ပင် ဝယ်ယူ၍ မရနိုင်သည့် အခြေအနေ ဖြစ်လာကြောင်း ဆေးဝါး တင် သွင်းဖြန့်ဖြူးနေသူများက ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီက သွင်းကုန်တင်ပို့မှုတွင် အုပ်စု ၅ မျိုး ခွဲထားပြီး ယင်းအထဲမှ ဦးစားပေးကုန်စည်များ (စားသုံးဆီ၊ စက်သုံး ဆီ၊ ဆေးဝါး စသည်ဖြင့်) ကိုသာ သွင်းကုန်ပါမစ်များကို ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် တဦးက “ဦးစားပေးအနေနဲ့ သူတို့ (စစ်ကောင်စီ) အခေါ် ကုန်စည်စီးဆင်း မြန် ဆန်ရေးကော်မတီ ရှိတယ်။ ဒီကနေပြီးတော့ သွင်းကုန်ပါမစ်တွေကို စိစစ်ပြီး ချပေးတာ ရှိပါတယ်။ ချပေးလိုက်တဲ့ လုပ် ငန်းတွေ ဆိုရင်တော့ နိုင်ငံခြားငွေကို တခါထဲ ရောင်းပေးတယ် ဆိုတာမျိုး ရှိပါတယ်။ လက်ရှိ အဲဒီလိုတော့ သွားနေ တယ်။ သူတို့ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ဆိုတော့ လုပ်ငန်းတွေအနေနဲ့ နှေးကွေးမှုတွေတော့ ဖြစ်သွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ သွင်းကုန်များကို ဦးစားပေးကဏ္ဍအလိုက် ခွင့်ပြုသည့် အခါတွင်လည်း ယခင်နှစ်များက တင်သွင်းခဲ့သော ခွဲတမ်း အရ တင်သွင်းမှု ရှိမရှိ၊ တင်သွင်းနိုင်သည့်ပမာဏ စသည်တို့ကို ပြန်လည်စိစစ်မှုများကြောင့် အချိန်အားဖြင့် ကြန့်ကြာမှု များ ရှိလာခြင်းအပြင် နိုင်ငံခြားငွေ ဒေါ်လာ ရရှိမှုမှာလည်း သွင်းသည့် လိုအပ်ချက်ပမာဏကို လိုသလောက် မရနိုင် သဖြင့် အခက်အခဲများ ရှိလာနေကြောင်း ၎င်းက ရှင်းပြသည်။
၎င်းက “အဲဒီလို လုပ်ဆောင်ရတဲ့ အချက်တွေ ပိုလာတဲ့အခါကျတော့ ကြန့်ကြာမှုတွေ ရှိလာတော့ ချက်ချင်း မရဘူး။ အခက် အခဲတွေ ရှိတယ်။ ဒါမျိုးတွေ ဖြစ်လာတာ ရှိတယ်။ လုပ်ငန်းတွေ လုပ်ကိုင်ရ ခက်ခဲသွားတယ်” ဟု ဆိုသည်။
ထိုသို့ တင်သွင်းမှုများ ခက်ခဲလာခြင်းကြောင့် ပြည်တွင်းရှိ သွင်းကုန်ပစ္စည်းများတွင် ပြတ်လပ်မှု ဖြစ်ပေါ်လာပြီး လက် ဝယ် ရှိသူများကလည်း ဈေးနှုန်းမြှင့်တင် ရောင်းချလာမှုကြောင့် နောက်ဆုံးတွင် စားသုံးသူများကသာ ဈေးကြီးပေးဝယ် ရသည့် အနေအထား ဖြစ်လာကြောင်း ၎င်းက ပြောသည်။
ယခုကဲ့သို့ ဆေးဝါးနှင့်ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ်များ ခက်ခဲခြင်းအပြင် တခြားသော သွင်းကုန်ပါမစ် ရရှိမှုများပါ အခက်အခဲ ဖြစ်နေသဖြင့် လုပ်ငန်းရှင်းများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့ တင်ပြထားခြင်းများလည်း ရှိနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
အဓိကအားဖြင့် လက်ရှိအချိန်တွင် နိုင်ငံခြားငွေစီးဆင်းမှု နည်းပါးနေသဖြင့် လုပ်ငန်းများ လုပ်ကိုင်ရ ခက်ခဲနေခြင်း ဖြစ်ပြီး နိုင်ငံခြားငွေ အခက်အခဲကို ဖြေရှင်းနိုင်မှသာ လုပ်ငန်းများ အဆင်ပြေနိုင်မည် ဖြစ်သလို ကုန်ဈေးနှုန်း တည်ငြိမ် မှုကိုလည်း ရရှိစေမည် ဖြစ်ကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြည်တွင်းသုံးစွဲရန် လိုအပ်တဲ့ ကုန်ပစ္စည်းများ ပြည်ပ ကနေ ဝယ်ယူတင်သွင်းခြင်းတို့အတွက် နိုင်ငံတော်အတွက် အခြေခံမရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းများကို ဦးစားပေး စိစစ်ခွင့်ပြုလျက် ရှိပါတယ်။ တစ်ချို့သော ကုန်ပစ္စည်းများကိုတော့ ကန့်သတ်ထားတာ ရှိပါတယ်” ဟု ပြီးခဲ့သည့် ဇွန်လ အတွင်းက ပြောဆိုထားသည်။
နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီကို တင်ပြပြီး ခွင့်ပြုချက်ရပါက သွင်းကုန်လိုင်စင် ထုတ်ပေးလျက်ရှိပြီး ကော်မတီအစည်းဝေးကိုလည်း ၁ ပတ်လျှင် ၂ ကြိမ် ပြုလုပ်ကာ ပြည်တွင်းသုံးစွဲရန် လိုအပ်သော ကုန်ပစ္စည်းများကို ဦးစားပေး စိစစ်ခွင့်ပြုလျက် ရှိကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်း ဆေးဝါးဈေးကွက်ရှိ ၈၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းရခြင်းဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းမှာ ပြည်တွင်း ထုတ်များ ဖြစ်ကြောင်း၊ အများစုသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခြင်း ဖြစ်ကြောင်း သိရ သည်။
You may also like these stories:
ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား
ဒေါ်လာစနစ် ဖျက်သိမ်းခြင်းက ဘဏ္ဍာရေးအရ လည်ပင်း ကြိုးကွင်းစွပ်ခြင်းဖြစ်
ရွှေနှင့် စက်သုံးဆီဈေးကွက် ကောင်းစွာ မလည်ပတ်နိုင်သေး