စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာနေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ် အလုပ်အမှုဆောင်တဦးဖြစ်သည့် ဦးကျော်မြင့်ကို ဇွန်လ ၈ ရက်တွင် ပျုစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား မိသားစုထံ ပြန်မပေးဘဲ စစ်ကောင်စီ အစီအစဉ်ဖြင့် သင်္ဂြိုဟ်ခဲ့သည်။
“ကန့်ဘလူ NLD အလုပ်အမှုဆောင် ဦးကျော်မြင့်ကို ရွာခံပျုစောထီးအဖွဲ့ကပဲ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ကြတာ။ ရုပ်အ လောင်းကို မိသားစုဆီ ပြန်မပေးဘဲ သူတို့ဘာသာ သင်္ဂြိုဟ်လိုက်ကြတာ။ အခုလို လုပ်တာမျိုးကတော့ အတော်ကြီးကို လူမဆန်တဲ့ လုပ်ရပ်တွေပဲလို့ မြင်တယ်” ဟု ကန့်ဘလူမြို့နယ် စစ်ဘေးရှောင်များ ကူညီပေးနေသူတဦးက ပြောသည်။
တောက္ကရှပ်ကျေးရွာရှိ ပျုစောထီး အဖွဲ့ခေါင်းဆောင်တဦး၏ သားဖြစ်သူအပါ လူငယ် ၃ ဦးကို ဇူလိုင်လဆန်းပိုင်း၌ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တဖွဲ့မှ ဖမ်းဆီးလိုက်သည့်ဖြစ်စဉ်တွင် ဦးကျော်မြင့်အား သတင်းပေးဆိုသော စွပ်စွဲချက်ဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခံရခြင်းဟု သိရသည်။
“ဦးကျော်မြင့်က NLD အလုပ်အမှုဆောင်ဆိုပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရွာမှာပဲ အေးအေး ဆေးဆေး နေနေတာ။ ဒါကို ရန်ရှာပြီး အကြောင်းမဲ့ လုပ်သွားတာ။ တောက္ကရှပ်က ဝါသဝဆိုတဲ့ မဘသ ဘုန်းကြီး ကောင်းမှုနဲ့ ပျုစောထီးတွေ အားကောင်းတဲ့ ရွာပေါ့။ သူတို့လူကို PDF အဖွဲ့တခုက ဖမ်းသွားတာမှာ ဦးကျော်မြင့်က သတင်းပေးလို့ လက်ထောက်ချလို့ ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ပစ်လိုက်ကြတာပဲ” ဟု ဒေသခံတဦးက ပြောသည်။
ဦးကျော်မြင့်၏ ရုပ်အလောင်းအား ကန့်ဘလူ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှတဆင့် ဇူလိုင်လ ၉ ရက်က ကန့်ဘလူမြို့နာရေး ကူညီမှုအသင်းများမှ ပို့ဆောင်ကာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များက NLD လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်အမှုဆောင်များ၊ ပါတီဝင်များနှင့် ဝန်းရံသူများကိုပါ ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ဆက်တိုက်ဆိုသလို ပြုလုပ် လျက်ရှိကြောင်း သိရသည်။
ယခုလပိုင်းအတွင်း ဖမ်းဆီး သတ်ဖြတ်ခံရမှုများအနေဖြင့် မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် NLD လွှတ်တော် ကိုယ်စား လှယ်ဖြစ်သူ ဦးကျော်မျိုးမင်း၊ ရပ်ကျေး NLD ပါတီဝင်များ ဖြစ်သည့်အသက် ၅၅ နှစ်အရွယ် ဦးပန်းမြင့်၊ အသက် ၅၂ နှစ်အရွယ် ဦးကိုကိုမောင် တို့ကို ပြီးခဲ့သည့်ဇွန်လ၌ စစ်တပ်က ဖမ်းဆီး၍ သတ်ဖြတ်ခဲ့ကြသေးသည်။
ဦးကျော်မျိုးမင်း၊ ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့သည် ဇွန်လ ၂၂ ရက်က ဆိုင်ကယ်များဖြင့် ခရီးသွားလာစဉ် ဘီးလင်း မြို့နယ်၊ ပေါ်ခီးကျေးရွာအနီး၌ စစ်ကောင်စီတပ် စစ်ကြောင်းဖြင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ညှဉ်းပန်းနှိပ် စက် ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသော ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့၏ ရုပ်အလောင်းများကို ဇူလိုင်၂ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မင်းစောကျေးရွာ အနီးတွင် ပြန်လည် တွေ့ရှိခဲ့သည်။
ထို့အတူ ဦးကျော်မျိုးမင်း၏ ရုပ်အလောင်းကို ဇူလိုင် ၆ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မင်းစောကျေးရွာအနီး ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
NLD မှ ပြောရေးဆိုခွင့်ရှိသူတဦးက “လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေမှာ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှား သူတွေ၊ ဒီမိုကရေစီကိုခုခံကာကွယ်နေတဲ့သူတွေ၊ လူ့အခွင့်အရေးကို ခုခံကာကွယ်နေတဲ့သူတွေ၊ စာနယ်ဇင်းမဏ္ဍိုင်မှာ တည့်တည့်မတ်မတ် လျှောက်နေ တဲ့သူတွေအားလုံးကို အကြမ်းဖက် စစ်ကောင်စီ ဥက္ကဋ္ဌက အငြိုးတကြီးနဲ့ သတ်ဖြတ် တာတွေ ဖမ်းဆီးတာတွေ ညှဉ်း ပန်း နှိပ်စက်တာတွေဟာ မကြားချင်မှအဆုံး ဖြစ်နေပါတယ်။ အင်မတန်မှ ဝမ်းနည်း စရာ ကောင်းပါတယ်၊ အကြမ်းဖက် စစ်ကောင်စီ ဥက္ကဋ္ဌဟာ သူရှုံးမှာကို အရမ်းကြောက်နေတယ်။ အဲဒီ ကြောက်နေတဲ့ အတွက် ကြောက်ကန်ကန်ပြီး အကုန် လုပ်နေတယ်လို့ပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင် ၉၁၇ ဦးထိ ဖမ်းဆီးခံခဲ့ရ ပြီး၂၁၆ ဦး ပြန်လည် လွတ်မြောက်ခဲ့ကာ စစ်ကောင်စီ၏ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း စစ်ကြောရေး ကာလ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုနှင့် အကျဉ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်သဖြင့် လွှတ်တော် ကိုယ်စားလှယ်တဦး အပါအဝင် ၁၈ ဦး သေဆုံးခဲ့ကြောင်း NLD ပါတီက မေလ ၁၀ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD HRDT) ၏ ဇူလိုင် ၁ ရက်ထိ ကောက်ယူရရှိသော စာရင်းများအရ ဗဟိုရုံးချုပ် အပါအဝင် ပါတီရုံးများ ဖျက်ဆီးခံရမှု ၁၀၆ ကြိမ်၊ လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး အပါအဝင် ပါတီဝင် ၂၂၄ ဦးတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံထားရ ကြောင်း သိရသည်။
ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် NLD ပါတီဝင်များ၊ NLD ထောက်ပံ့သူများကို ရှင်းလင်းမည်ဆိုသော ထုတ်ပြန် ချက်နှင့် ဧပြီလ ၂၁ ရက်တွင် စတင် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွှန့်ပေါင်းနှင့် မျိုးချစ် မဟာမိတ် စသည့် အဖွဲ့များက ပါတီဝင်များ၊ ပါတီ အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိသားစုဝင်များနှင့် ပါတီ အားပေး ထောက်ခံသူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများကြောင့် မေလ ၅ ရက်ထိ ပါတီဝင် ၅ ဦး၊ ပါတီ အားပေး ထောက်ခံသူ ၇ ဦးကို သတ်ဖြတ်ကာ လမ်းဘေး၌ စွန့်ပစ်ခံထားရသည်ဟုလည်း ထုတ်ပြန်တွင် ပါရှိသည်။
ထိုသို့ ထုတ်ပြန်ထားသော်လည်း အနီရောင် စစ်ဆင်ရေး အမည်ဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် NLD ပါတီ အားပေး ထောက်ခံသူများကို သွေးသောက်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ဆက်တိုက် လုပ်နေလျက်ရှိရာ မန္တလေးတိုင်း အတွင်းမှ ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်ခံသူ ၂၀ ဦးအထက် ရှိလာကြောင်း သိရသည်။
You may also like these stories:
မန္တလေး၌ သွေးသောက်အဖွဲ့က လူငယ်တဦးကို သတ်ကာ စွန့်ပစ်ထား
ဘီးလင်း NLD အမတ်နှင့်အတူ ဖမ်းခံရသည့် ပါတီဝင်၂ ဦး ညှဉ်းပန်းသတ်ဖြတ်ခံရ
စစ်ကောင်စီ ဖမ်းဆီး စွပ်စွဲ ထောင်ချထားသည့် NLD အစိုးရ အဖွဲ့ဝင်များ
မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံနေရ