စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးနှင့် မြို့မရဲစခန်းမှူးအဆင့်ရှိသူတို့နှင့် ဆွေမျိုးတော်စပ်သူတဦးအား သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုဖြင့် ကျွန်းလှမြို့ပျူစောထီးအဖွဲ့ဝင် ၇ ဦးကို စစ်ကောင် စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကျွန်းလှမြို့ခံတဦးက “အသတ်ခံရတဲ့သူက စစ်ဗိုလ်နဲ့ စခန်းမှူးရဲ့ အမျိုးအရင်းကြီး ဖြစ်နေတာမို့သာ ဖမ်းကြတာ။ အကြမ်း ဖက်စစ်တပ်ကပဲ လက်သပ်မွေးထားတဲ့ ပျူစောထီးအဖွဲ့ကပဲ သတ်လိုက်ကြတာ။ စစ်တပ်က ပျဉ်းမမြိုင်ရပ်ကွက်ရုံးကို ကား ၃ စီးနဲ့လာပြီး ပျူခေါင်းဆောင် ငညီနဲ့အဖွဲ့ကို ဖမ်းခေါ်သွားကြတာပဲ။ ရဲစခန်းက အလောင်းဖျောက် မြေမြှုပ်ထားတာကို ပြန် ဖော်ပြီး အခုတော့ လူသတ်၊ အလောင်းဖျောက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကန့်ဘလူမြို့နယ်၊ ချပ်ကြီးဒေသရှိ ပိတောက်ပင်ကျေးရွာမှ ဆန်စက်ပိုင်ရှင် ကိုမင်းမင်းဆိုသူအား သတ်ဖြတ်ခဲ့မှုနှင့် ပတ် သက်ပြီး ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်မှ ပျူစောထီးခေါင်းဆောင် ကိုညီညီ၊ သိန်းလွင်၊ ပြူးကျယ် (ခ) ရန်ပိုင်စိုး၊ သိန်းဇော်၊ မြင့်နိုင်၊ မင်းမင်းဦးနှင့် သုဘရာဇာတို့ ၅ ဦးကို ဇူလိုင် ၅ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အသတ်ခံရသည့် ကိုမင်းမင်းဆိုသူမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် ရာထူးရှိသူ ဉာဏ်လင်းအောင်နှင့် စခန်းမှူး အဆင့်ရှိသူ ဒုရဲမှူးဟေမာန်စိုးတို့နှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်ပြီး ဗိုလ်ကြီးဉာဏ်လင်းအောင်၏ ဖိအားပေး တိုင်တန်းမှု ကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သို့သော် အဆိုပါ ဗိုလ်ကြီးနှင့် စခန်းမှူးတို့မှာ မည်သည့်တပ်ရင်းနှင့် မည်သည့်မြို့နယ်ကစခန်းမှူး ဖြစ်သည်ကိုမူ ဒေသခံများ အနေဖြင့် ပြောဆိုနိုင်ခြင်း မရှိသလို ဧရာဝတီ အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“သူတို့က မြို့ထဲမှာ သေနတ်တကားကားနဲ့ လူတွင်ကျယ် လုပ်နေကြတဲ့ကောင်တွေ။ အခု သူတို့ ပထွေးအမျိုးကိုမှ သွားထိ တာဆိုတော့ အဖမ်းခံရပြီး ဘာဆက်လုပ်မယ် ဆိုတာတော့ မသိဘူး။ လက်ရှိ အခြေအနေမှာက စစ်တပ်က သူတို့ အသိုင်း အဝိုင်းကိုထိရင် ဘယ်သူမှ မရဘူး။ ရဲနဲ့ စစ်တပ် ပြဿနာဖြစ်ရင်တောင် ရဲတွေပဲ ခံနေရတာ အားလုံး အသိဆိုတော့ နောက်ဆက်တွဲ သတင်းကိုပဲ နားစွင့်နေရတော့မှာပေါ့” ဟု ကျွန်းလှမြို့ခံတဦးက ဆိုသည်။
ကန့်ဘလူမြို့နယ်၊ ချပ်ကြီးဒေသရှိ ပိတောက်ပင်ကျေးရွာမှ ဆန်စက်ပိုင်ရှင် အသက် ၄၀ ဝန်းကျင်အရွယ် ကိုမင်းမင်း ဆိုသူသည် ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ၎င်း၏ဆန်စက် လည်ပတ်ရန်အတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရန် ကျွန်း လှမြို့ ပေါ်သို့ ကိုမဲလုံးဆိုသူနှင့် သွားရောက်ခဲ့စဉ် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ပျဉ်းမမြိုင်ရပ်ကွက် ပျူစောထီးခေါင်းဆောင် ကိုညီနှင့်အဖွဲ့က ဖမ်းဆီးကာ ငွေကျပ် ၁၅ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံး၊ ဆိုင် ကယ် ၁ စီးတို့ကို သိမ်းယူခဲ့သလို ကျွန်းလှမြို့ မြို့ပြင်ကျောက်ခွဲစက်နား အရောက်တွင် ထွက်ပြေးရန် ကြိုးစားသည်ဟုဆို ကာ သေနတ်ဖြင့် ပစ်ခတ်ရာ ကိုမင်းမင်း သေဆုံးပြီး အဖော်အဖြစ် လိုက်ပါသွားသူ ကိုမဲလုံးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယခုအခါ ပျူစောထီးခေါင်းဆောင် ကိုညီနှင့်အဖွဲ့အား ကျွန်းလှမြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ကန့်ဘလူမြို့ရှိ အမှတ် ၆၀၀၆ တပ် စစ်ကြောရေးသို့ ပို့ဆောင် ချုပ်နှောင်ထားကြောင်း သိရသည်။
You may also like these stories:
ကန့်ဘလူခရိုင်အတွင်းက လုပ်ငန်းရှင်များကို နေရပ်ပြန်ရန် ပျူစောထီးများ ခြိမ်းခြောက်
ဒုတိယတန်းကျောင်းသူအား ပျူစောထီးခေါင်းဆောင်က အဓမ္မပြုကျင့်ရန်ကြံစည်မှု
မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ