သတင်း

ပခုက္ကူ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဒေသရှိ စိုင်ဖြူ၊ ရှားဒူး၊ တောင်ပလူ၊ ဒဲ့ပြား အစရှိသည့်ကျေးရွာများသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာကာ မီးရှို့ ဖျက်ဆီးမှုများကြောင့် ဒေသခံများမှာ တောတောင် များအတွင်း ထွက်ပြေး ပုန်းရှောင်နေရပြီး လက်ရှိ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ် ရင်ဆိုင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အင်အားရာကျော်နှင့် ဇူလိုင်လ ၇ ရက်မှ စတင်၍ တန့်ကြည်တောင်ဒေသသို့ စစ်ကြောင်းထိုး လာပြီး ကျေးရွာများအတွင်းသို့ ဝင်ရောက် မွှေနှောက်ခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်းများကို ပြုလုပ်ခြင်းများကြောင့် ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်ရခဲ့ပြီးနောက် ဇူလိုင် ၈ ရက် မနက် ၁၁ နာရီဝန်းကျင်တွင် စိုင်ဖြူနှင့် ရှားဒူးရွာများ ကို မီးဝင်ရှို့သွားခြင်း ဖြစ်သည်။

စိုင်ဖြူကျေးရွာ ဒေသခံတဦးက “သူတို့ ရုတ်တရက်ကြီး ဝင်လာတော့ ပြေးကြရတာ။ ဘာမှလည်း သယ်ချိန် မရဘူး။ တနေ့ ထမင်း တနပ်ကတော့ စားရပါတယ်။ ဒါပေမယ့် စားနပ်ရိက္ခာက မလောက်တော့ ကျနော်တို့လို သန်သန်မာ မာတွေဆိုရင် မားမား ခေါက်ဆွဲထုပ်ပဲ စားလိုက်တယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်ကို ပိုပြီး ဦးစားပေး ရတယ် ဗျ။ ကျနော်တို့ဆီမှာ လှူတဲ့သူတော့ မရှိသေးဘူးဗျ။ ကျနော်တို့ နိုင်သလောက် ပါတာနဲ့ အတူတူ မျှတပြီး စားကြရတာ။ စားနပ်ရိက္ခာတော့ လိုအပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆိပ်ဖြူမြို့နယ် ဆိုက်ခမ်းရွာမှ စစ်ကောင်စီတပ်သား ၃၀ ခန့်က ယောချောင်းကို ဖြတ်ပြီး စိုင်ဖြူရွာသို့ ဇူလိုင်လ ၇ ရက် က ရုတ်တရက် ဝင်ရောက်လာသောကြောင့် ထွက်ပြေးခဲ့ကြရာမှ လက်ရှိ ပြေးရင်းလွှားရင်း ရွာသားတချို့၏ စားစရာကို တဦးနှင့်တဦး ဝေမျှ စားသောက် နေရသော်လည်း စားနပ်ရိက္ခာမှာ နည်းပါးလာပြီး စစ်ကောင်စီတပ်များ နောက် တကြိမ် ပြန်လာမည်ဟူသော သတင်းများကြားရသဖြင့် ရွာသို့ မပြန်ရဲဘဲ အခက်အခဲ ဖြစ်နေကြောင်း ၎င်းက ပြော သည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့ စိုင်ဖြူရွာတင် စစ်ဘေးရှောင်က လူဦးရေ ၅၀၀ ကျော်တယ်။ ရွာလုံးကျွတ်ပဲ ဘုန်းကြီး တောင် ရွာနား ပြန်မကပ်ဘူးဗျ။ စစ်ကောင်စီတွေက ဘုန်းကြီးကျောင်းမှာလည်း စခန်းချပြီးတော့ ရွာထဲက ဆိတ်တွေ၊ ကြက်တွေ သတ်ဖြတ်ပြီး ချက်စားကြတယ်။ အဲဒီတော့ ဘယ်သူ့မှ ရွာနားမကပ်ရဲဘူး။ စဝင်တဲ့နေ့တုန်းကတော့ အင် အားနည်းတယ်။ နောက်ရက်တွေကျ များလာတာ။ တခြားဘေးရွာက သူတွေလည်း အခု စစ်ရှောင်တွေများ လာ တယ်။ ကြာရင်တော့ စားနပ်ရိက္ခာပြတ်လို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အဟာရပြတ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စိုင်ဖြူ၊ ရှားဒူး၊ တောင်ပလူ၊ ဆိပ်ကမ်းဖြူ၊ ဒဲ့ပြားနှင့် အရှေ့ကမ်းဖြူရွာများတောက်လျှောက်ကို စစ်ကောင်စီ က စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်များရှိ ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်ခြင်းများကို ပြုလုပ်ခြင်း တို့ကြောင့် ဒေသခံရွာသား လူဦးရေ ၄ ထောင်ကျော် နီးပါး ထွက်ပြေးနေရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ရွာများတွင် အိမ်ခြေပေါင်း ၁ ထောင်ကျော် ရှိသည့် အနက် စစ်ကောင်စီက ယခုလ ၈ ရက်မှ စတင်၍ မီးရှို့ ဖျက်ဆီးခဲ့ခြင်းကြောင့် အိမ်ခြေပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသလို စိုင်ဖြူနှင့် ရှားဒူးရွာများအတွင်းရှိလည်း ပြည်သူပိုင် ပစ္စည်းများကို ဖောကားများဖြင့် သယ်ဆောင်ခြင်းများ ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်များက ပခုက္ကူမြို့ရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက် မွှေနှောက်ရာတွင် ကျေးရွာများကို လက် နက်ကြီးဖြင့် ပစ်ခတ်မှုများကိုလည်း ပြုလုပ်ခဲ့သလို ယခု ဇူလိုင် ၁၁ ရက်ကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်ကြားရှိ ထန်းတောငယ်အုပ်စု၊ သဲတောရွာတွင်လည်း စစ်ကောင်စီတပ်များ ထွက်ခွာသွားပြီးနောက် မီးရှို့ခံထားရသည့် ရုပ်အလောင်း နှစ်ခုကို ဒေသခံများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

You may also like these stories:

NLD ပါတီဝင်များ ဆက်တိုက် သတ်ဖြတ်ခံနေရ

မင်းတပ်နှင့် မတူပီဒေသခံများ ရိက္ခာပြတ်နေ၊ ကျေးရွာတွေလည်း တိုက်ခိုက်ခံနေရ

စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ

Loading