သတင်း

ရနောင်းလူသတ်မှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံရသည့် မြန်မာ ၂၁ဦး ရှိလာ

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် လက်ထောက်လွှတ်တော်အမတ် နိုင်းထဝပ် ကျိုင်ဒီ၏ ဖခင် ပြန်ပေးဆွဲ အသတ် ခံရမှုနှင့် ပတ်သက်၍ ထိုင်းလူမျိုးနှစ်ဦးနှင့် မြန်မာအလုပ်သမား ၂၁ ဦးကို သံသယဖြင့် ဖမ်းထားကြောင်း ထိုင်းသတင်း များတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရနောင်းခရိုင်၊ ကရပူရီမြို့နယ်အတွင်း အသက် ၈၀ကျော် ရာဘာခြံပိုင်ရှင် နိုင်ထနူးကျိုင်ဒီ အသတ်ခံရမှုနှင့် ပတ်သက်၍ ကနဦး မြန်မာအလုပ်သမား ၁၅ဦး ဖမ်းပြီးနောက် ထိုင်းဇနီးမောင်နှံ နှစ်ဦးနှင့် မြန်မာ ၆ဦးကို ထပ်မံဖမ်းဆီးခြင်း ဖြစ်သည်။

ထပ်မံဖမ်းခံရသူများတွင် ထိုင်းတောင်ပိုင်း ကရာဗီခရိုင်တွင် နေသည့် မြန်မာအလုပ်သမားတဦးလည်း ပါဝင်ပြီး၊ ထိုသူမှာ ရာဘာခြံပိုင်ရှင် ပျောက်ဆုံးစဉ်က မြေးဖြစ်သူထံသို့ ထိုင်းဘတ်ငွေ ၁သန်း ပြန်ပေးငွေတောင်းသည့်စာကို မက်ဆေ့ချ်ပို့ခဲ့သည့် ဖုန်းနံပါတ်ကို မှတ်ပုံတင်ထားသူ ဖြစ်ကြောင်း၊ ၎င်းအား စစ်ဆေးနေကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ဒုရဲချုပ်က ပြောဆိုချက်ကို ကိုးကား၍ ထိုင်းသတင်းများတွင် တွေ့ရသည်

သေဆုံးသူ နေခဲ့သည့် နေအိမ်အတွင်း သက်သေအထောက်အထားများ ရရှိစေရန် ထိုင်းရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ပြီး သေဆုံးသူအလောင်းအား ပစ်ခဲ့သည့် တွင်းထဲမှရေများကို စုပ်ယူပြီး ရှာဖွေခဲ့သော်လည်း မည်သည့် သက်သေမှ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

သို့သော် သံသယဖြင့် ဖမ်းဆီးခံထားရသူများ၏ ထွက်ဆိုချက်များအရ လူသတ်မှုနှင့် ပတ်သက်သည့် ကွင်းဆက်များ ရရှိထားပြီး စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးသေးသည့်အတွက် လတ်တလောတွင် သတင်းထုတ်ပြန်ရန် မရှိသေးကြောင်း ထိုင်းဒုရဲချုပ်က ဆိုသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမားများအား ကရပူရီရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ဧရာဝတီ ကို ပြောသည်။

“သက်ဆိုင်ရာ မြန်မာသံရုံးတွေကနေ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ပြည်သူတွေဘက်ကနေ ရပ်တည်ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်၊ အမှုအခြေအနေကို စုံစမ်းပြီးတော့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုပေးရင် ပိုကောင်းမယ်။ မဟုတ်ရင် တဖက်သတ် စီစဉ်တာတွေ ဖြစ်သွားနိုင်တယ်။ အမှုတခုကို တရားရုံးကနေ စီရင်ချက်ချမှသာလျှင် တရားခံ လို့ ဆုံးဖြတ်လို့ ရမှာလေ။ ဖြစ်နိုင်မယ်ဆိုရင် မလိုအပ်ဘဲနဲ့ အမှုကို မလေးနက်အောင်၊ မြန်မာတွေအပေါ်ကို မတရားသ ဖြင့် ဆက်ဆံတာတွေ မဖြစ်အောင် ဆောင်ရွက်ပေးရင် ကောင်းမယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ အသက် ၈၁ နှစ်အရွယ် နိုင်ထနူးကျိုင်ဒီသည် ရနောင်း လက်ထောက်လွှတ်တော်အမတ် နိုင်းထဝပ် ကျိုင်ဒီနှင့် ပါချန်အုပ်စု စီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်း ဘွန်းချွယ့်တို့၏ဖခင် ဖြစ်ကြောင်း၊ အဆိုပါ သေဆုံးသူသည် ရာဘာခြံထဲတွင် အနေများပြီး အိမ်သို့ တခါတလေမှသာ ပြန်လာကာ မြန်မာအလုပ်သမားများနှင့် နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာခဲ့သူ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က ၎င်း၏နေအိမ်နှင့် မနီးမဝေးရှိ တွင်းဟောင်းတခုထဲတွင် ထုနှက်ခံထားရသော ဒဏ်ရာများ ဖြင့် သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အနီးနားဝန်းကျင်မှ မြန်မာလုပ် သား အယောက် ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကာ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်နေကြောင်း ထိုင်းသတင်း များတွင် ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် မေ ၃၁ ရက်ကလည်း ထိုင်းနိုင်ငံ၊ ဟတ်ရိုင်မြို့နယ်ထဲရှိ သစ်တောဧရိယာတွင် ပါးစပ်ပိတ်ဆို့၍ ကြိုးတုပ်ကာ အသတ်ခံထားရသည့် အသက် ၄၀ အရွယ် ထိုင်းအမျိုးသားတဦးကို တွေ့ပြီးနောက် သစ်တောအတွင်း ရောက်ရှိနေ သည့် အထောက်အထားမဲ့ မြန်မာ ၉ ဦးကို ဖမ်းမိခဲ့ရာမှ အထောက်အထားမဲ့များသာမက တရားဝင် အလုပ်သမားများ နေထိုင်သည့် တန်းလျားနေအိမ်များပါမကျန် ဝင်ရောက်ဖမ်းဆီးရာ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ခန့် ဖမ်းဆီးခံခဲ့ရ သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ကနဦးအနေဖြင့် ဖမ်းဆီးခံထားရသူများအနက် ၉ ဦးအား ဇွန် ၈ ရက်မှ စတင်၍ အမှုစစ် ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ထိုင်းနိုင်ငံသားတဦး အသတ်ခံရမှု မြန်မာ ၁၅ ဦးဖမ်းခံထားရ

Loading