စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားများကို လေကြောင်းဖြင့် ဦးတည်တိုက်ခိုက်နေသဖြင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ရွာပေါင်း ၂၀ ကျော်မှ ဒေသခံများမှာလည်း ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ဒီပဲယင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂ ရက်က ဖြစ်ပွားခဲ့သော ဆပ်ပြာကျင်းတိုက်ပွဲဟု လူသိများခဲ့သည့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၂၀ ကျော် သေဆုံးခဲ့သော တိုက်ပွဲနောက်ပိုင်း ယင်းဒေသအတွင်း တိုက်ပွဲဖြစ် ပွားခြင်း မရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဒါက ပြည်သူကို ဦးတည်လုပ်တာ သိသာပါတယ်။ ဘာတိုက်ပွဲမှ ရှိမနေတာ။ ဘာလို့လဲဆို ကျနော်တို့ နယ်ထဲမှာ လူ အင်အားကတော့ တောင့်တင်း ပါတယ်။ လက်နက်ကတော့ ဘယ်တပ်ရင်းမှာမှ လက်နက် မရှိဘူး။ ကျနော်တို့ ရဲဘော်တွေလည်း မတိုက်ရဲဘူး။ မိုင်းဆွဲရုံတခုပဲ ရှိတာ။ ကျန်တဲ့ လက်လုပ်ဆိုတာလည်း တိုက်လို့ မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ နများရွာအနီးတွင် ယမန်နေ့ (ဇူလိုင် ၁၄ ရက်) က စစ် ကောင်စီတပ်သည် ရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပြီး လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် နများရွာ ဒေသခံ ဦးခင်မောင်ဆန်း သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ၏ ရပ်ရွာများအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရှိမှုများ ယခုထက် ပိုနိုင်သော်လည်း ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးသည့်အတွက် အတိအကျ မပြောနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးက “သေတာ အတည်ပြုနိုင်တာ ၁ ယောက်။ ပြေးရင်းလွှားရင်းနဲ့ ပစ်ခံရတာ။ အလောင်းကို ကျော်လာပြီး ပြေးလာတဲ့လူတွေ ပြောတာ။ သေသွားတဲ့လူက ဆိုင်ကယ်နဲ့ လင်မယားနှစ်ယောက် ပြေးလာတာ။ အမျိုးသမီးကို အရင်မှန်တာ။ အဲဒီ အမျိုးသမီးက အခု ပျောက်နေတယ်။ သူတို့ (စစ်ကောင်စီ) လူချတာက ရိုးရိုးချတာ မဟုတ်ဘူး။ ၃ နေရာခွဲပြီးတော့ ရွာကို ဝိုင်းပစ်လိုက်တာ။ ထွက်မရအောင် ရွာကို ပိတ်ပစ်လိုက်တာ” ဟု ပြောသည်။
ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ချထားခဲ့ခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်ပြီး အဆိုပါ ချထားခဲ့ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်း ၁ ကြောင်းနှင့် ဇူလိုင် ၄ ရက်ကတည်းက ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသော အင်အား ၅၀ ကျော်ပါ စစ်ကြောင်းတို့သည် ယနေ့တွင်လည်း ဒီပဲယင်းအရှေ့ခြမ်းရှိ မရကန်၊ အုန်းခါးနှင့် ကုန်းတဲ ကျေးရွာများသို့ ဝင်ရောက်ပြီး မီးရှို့မှုများ ပြုလုပ်နေကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “လက်နက်အင်အားမရှိလို့ သူတို့ ထင်သလို အကြိမ်ကြိမ်အခါခါ မြေပြင်ကနေ စစ်ကြောင်းထိုးတယ်။ သူတို့ အလွန်ဆုံး တိုက်ခိုက်ခံရတာ မိုင်းဆွဲတာလောက် ရှိတာ။ မျက်နှာချင်းဆိုင် ဖြစ်ရလောက်တဲ့ လက်နက်အင်အားလည်း မရှိဘူး။ ဒီတခေါက်ပြေးရတာ တော်တော်ဆိုးတယ်။ စစ်ရှောင်လည်း များ တယ်” ဟု ပြောသည်။
ထိုသို့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ကပါ စစ်ကြောင်း ထိုးနေသည့်အတွက် ဒီပဲယင်းမြို့နယ် အတွင်းရှိ ကျေးရွာ ၂၂ ရွာမှ ဒေသခံသောင်းချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ညောင်လှရွာခံတဦးက “ကိုယ့်အသက်ကိုယ်လုပြီး ပြေးရတာ။ လေယာဉ်တွေ ကျေးရွာပေါ် စဝဲကတည်းက ဆိုင်ကယ် စီးတတ်တဲ့လူက ဆိုင်ကယ်လေးတွေနဲ့ ထွက်ပြေးကြတယ်။ ဆိုင်ကယ် လုံလောက်မှုမရှိရင် သက်ကြီးရွယ်အိုလောက်ပဲ တင်သွားတယ်။ ကျန်တဲ့လူတွေက ဒီတိုင်း ခြေကျင်လျှောက်ပြီး ပြေးရတယ်။ တချို့ဆို ဖိနပ်တောင် မပါပါဘူး။ နေပူထီး ထီးကြီးထဲမှာ ဖိနပ်မပါဘဲ ပြေးရတဲ့ လူတွေတောင် ရှိတယ်” ဟု ယမန်နေ့က အဖြစ်ပျက်ကို ပြန်လည် ပြောပြသည်။
ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီကို တော်လှန်နေသည့် အင်အားစုများ ရှိသော်လည်း လက်နက်အင်အား နည်းပါး သည့်အတွက် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုက်ပွဲများ မရှိကြောင်း၊ သို့သော် စစ်ကောင်စီတပ်သည် ပြည်သူများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်စစ်ကြောင်း ထိုးခြင်းများကိုပါ ပြုလုပ်လျက် ရှိကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့က တိုင်းရင်းသားဒေသကို သွားရတာထက်စာရင် ကျုပ်တို့လို နယ်မျိုးလေးတွေကို လာရတာ အန္တရာယ်လည်း ကင်းတယ်လေ။ သူတို့ လိုချင်တာ မှန်သမျှလည်း ဒီမှာ အကုန်ရနေတာ။ ရွှေတိုရွှေစ၊ ငွေတိုငွေစကအစ အကုန်ယူတယ်။ အဲဒီတော့ ဒီလို ဒေသတွေကို ဘယ်သူကပဲ သတင်းအမှားပဲပေးပေး၊ အမှန်ပဲပေးပေး ဝင်တော့တာပဲ။ အခု အနေအထားက တိုက်ပွဲလည်း မရှိဘူး။ ခိုင်ခိုင်မာမာ သတင်းရင်းမြစ်လည်း မရှိဘဲ ဝင်တယ်ဆိုတာ အဲဒါတွေကြောင့်ပဲ တွေးလို့ရတယ်” ဟု မှတ်ချက်ပြုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒီပဲယင်းမြို့နယ်အား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်မှာ ယခုအကြိမ်ပါဆို လျှင် ၅ ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း၊ ယမန်နေ့က လေကြောင်း တိုက်ခိုက်မှုကြောင့်လည်း ရုတ်တရက် ထွက်ပြေးခဲ့ ကြရသည့်အတွက် လက်ရှိတွင် စားရေးသောက်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “တချို့ဆို ဟင်းတောင်မလောက်ငှလို့ ထမင်းဖြူချည်းပဲ စားရတဲ့နေရာတွေ ရှိတယ်။ ဒုက္ခကတော့ တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်တယ်။ လေယာဉ်နဲ့ လာပစ်တယ်ဆိုတာ ဒီပဲယင်းနယ်ဘက်မှာ တိုက်ပွဲ အကြီး ကျယ်ကြီး ဖြစ်နေတာလည်း မရှိခဲ့ပါဘူးဗျာ။ လေကြောင်းနဲ့ တမင်သက်သက် ဝင်ပစ်သွားတာပါ။ ကျနော်တို့ ကျေးရွာ လေးတွေကို” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၂ ရက်ကလည်း ဒီပဲယင်း၊ ဆပ်ပြာကျင်းတိုက်ပွဲ၌ ကျဆုံးခဲ့သည့် PDF ၂၀ ကျော်ကို ဂါရဝပြုသော နှစ်ပတ်လည်နေ့တွင် စစ်တပ်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်များတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၃၃၊ ၁၀၁ ခြေမြန် တပ်မဌာနချုပ်များနှင့် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အဓိက လှုပ်ရှား လျက် ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်ဖြိုး သန့်ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်လိုက်ပြီးနောက် တိုင်းမှူးသစ်အဖြစ် ကလေးမြို့ အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) တပ်မမှူးဖြစ်သူ ဗိုလ်ချုပ်သန်းထိုက်ကို ပြောင်းရွှေ့ ခန့်အပ်ထားသည်။
You may also like these stories:
ဒီပဲယင်းကို အာဏာသိမ်းတပ်က လေကြောင်း စစ်ဆင်ရေးလုပ်၊ ဒေသခံများ ထွက်ပြေး
ပခုက္ကူ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ
စစ်ကိုင်းတိုင်းကို အမှုန့်ချေပစ်မယ်တဲ့လား