ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုရှိလာသဖြင့် ဝိုင်းမော်မြို့ အရှေ့ဘက်ရှိ ကျေးရွာများမှ ဒေသခံများ တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ဧရာဝတီကစုံစမ်းသိရသည်။
ဝိုင်းမော်မြို့ အရှေ့ဘက်ရှိ ရွာခံ တဦးက “ကျနော်တို့တွေကတော့ ကြောက်နေရတာပါပဲ။ ကြောက်ပေမယ့် လောလောဆယ်မှာက အားလုံးထားပြီး ပြေးလို့လည်း အဆင်မပြေသေးဘူး။ တချို့ကလည်း သေနတ်သံကြားရတာနဲ့ကို နို့တိုက်မိခင်တို့ဘာတို့ဆိုရင် အိပ်လို့မရဘူးလေ။ ကျနော်တို့ရပ်ရွာခေါင်းဆောင်တွေအနေနဲ့လည်း အစည်းအဝေးတွေဘာတွေလုပ်ပြီးမှ အခုလောလောဆယ်က ရွာထဲအထိ ပစ်ကြခတ်ကြ မဖြစ်ဘူးဆိုရင်တော့ ရွာထဲမှာပဲ ဆက်နေမယ်ပေါ့။ တကယ်လို့ ဖြစ်ခဲ့လို့ရှိရင် ပြေးစရာရှောင်စရာမရှိမှာစိုးလို့ ဘယ်ဘက်ရှောင်ရမလဲဆိုတာတော့ ကြိုပြီးနေရာတော့ရှာထားပါတယ်” ဟု ပြောသည်။
ယခုလ ၁၄ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နှင့် ဆဒုံးမြို့ကြားက အင်ဝမ့်ကောင်ရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ လီဆူ ပြည်သူ့စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ လီဆူပြည်သူ့စစ်စခန်းသည် ဦးရွှေမင်းဦးဆောင်သည့် လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီမှ ပါတီဝင်များ လက်နက်ကိုင် စခန်းထိုင်သည့် နေရာလည်း ဖြစ်ကြောင်း KIA ပြန်ကြာရေးဌာနနှင့် ဒေသခံအချို့က ဆိုသည်။
စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေသည်ဆိုသည့် အကြောင်းအရာနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် ဦးရွှေမင်းထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မရသဖြင့် လီဆူအမျိုးသားဖွံဖြိုး တိုးတက်ရေး ပါတီ ဘက်မှ အတည်ပြုချက်ကိုတော့ ဖော်ပြနိုင်ခြင်းမရှိသေးပါ။
ဝိုင်းမော်မြို့နယ်အရှေ့ဘက်ရှိ အမှတ် (၅၈) ခြေလျင်တပ်ရင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ တွင် KIA နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) က ၁ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး ယခုနှစ် ဇူလိုင် ၁၄ ရက်တွင် လီဆူပြည်သူ့စစ်စခန်းကို စစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။
ထိုသို့ လီဆူ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရပြီးနောက်တွင် ဝိုင်းမော်မြို့ အရှေ့ဘက် လဘန်ရွာအနီးမှ အမှတ် (၅၈) ခြေလျင်တပ်ရင်းသည် အင်အားဖြည့်တင်းကာ ကင်းလှည့်မှုများ နေ့စဉ် လုပ်ဆောင်နေကြောင်း ဝိုင်းမော်မြို့အရှေ့ဘက် ရွာများမှ ဒေသခံများက ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်းမှ ရွာခံတဦးက “ဒီရက်ပိုင်း စစ်သားတွေ လက်နက်ကိုင်ပြီးမှ ၁၈၊ ၂၀ ဝန်းကျင်လောက်ရှိမယ်။ သစ်လုံးတင်တဲ့ကားမျိုး မတ်တပ်ရပ်ပြီး သေနတ်တွေထမ်းပြီးမှ အထက်ဘက်ကို တက်သွားတာတွေ့တယ်။ ကျနော်တို့က ကိုယ့်အိမ်ကိုကိုယ်ပြန်လာတော့ ဆိုင်ကယ် ၂ စီး ၊ ၃ စီးနဲ့ ည ၈ နာရီခွဲလောက်ရှိပြီ။ စစ်သားတွေ သေနတ်ကိုင်ပြီး ၂ ယောက်၊ ၂ ယောက်စီ ၅၈ တပ်ဘက်ကို မောင်းသွားတယ်ပေါ့။ အဲဒါမျိုးတွေတော့ တွေ့တယ်” ဟု ပြောသည်။
တိုင်းရင်းသားအရေးလေ့လာသူ တဦးကလည်း KIA သည် ဆဒုံးမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ကြားက ကားလမ်းကြောင်းတွင် စိုးမိုးနယ်မြေတိုးချဲ့သည့်အနေဖြင့် စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ်စခန်းများကို တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက “KIA က စိုးမိုးနယ်မြေ တိုးချဲ့တာပါ။ ဆိုတော့ အဲဒီမှာ ရှိနေတဲ့ တပ်နဲ့ ပြည်သူ့စစ်ကိုပဲ သူက တိုက်မှာ။ လီဆူပြည်သူ့စစ် ဆိုတာ ရွှေမင်းတို့အဖွဲ့ပါ။ သူတို့အင်အားက ဒီလောက်အထိ မဟုတ်ပါဘူး။ ရွှေမင်းတို့ အုပ်စုက အရင် ဇခုန်တိန့်ယိမ်းတို့ အုပ်စုဆီက သေနတ်တွေယူပြီး လက်နက်ချလာပြီး စစ်တပ်နဲ့ ပေါင်းတဲ့အဖွဲ့ပေါ့။ အဲဒီဧရိယာမှာ တိုက်ပွဲဖြစ်ရင်တော့ စစ်တပ်က လီဆူပြည်သူ့စစ်ကို သုံးမှာပေါ့။ ကျန်တဲ့နေရာတွေမှာ သုံးလို့ရမှာမဟုတ်ပါဘူး” ဟု ဆိုသည်။
ဦးဇခုန်တိန့်ယိမ်း အဖွဲ့ဆိုသည်မှာ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့သည် ၂၀၀၉ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နအဖ) စစ်အစိုးရလက်အောက်တွင် နယ်ခြားစောင့်တပ် အဖြစ် ဝင်ခဲ့သည့် အဖွဲ့ဖြစ်သည်။ NDA-K အဖွဲ့သည် ၁၉၉၃ ခုနှစ်တွင် KIA မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။
ထိုအဖွဲ့မှ ထပ်ဆင့်ခွဲထွက်လာပြီး နိုင်ငံရေးပါတီထောင်သည့် ဦးရွှေမင်း ဦးဆောင်သည့် အဖွဲ့သည် တိုင်းပြည် အာဏာသိမ်းခံရပြီးနောက် စစ်တပ်လက်အောက်တွင် ပြည်သူ့စစ်များ ဖွဲ့ထားပြီး စစ်သည်အင်အား ၁၀၀ ခန့်ရှိနိုင်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ တဦးက ခန့်မှန်းသည်။
အမည်မဖော်လိုသည့် ရွာသားတဦးက “တချို့ကလည်း KIA ဘက်ကို CDM လုပ်သွားတဲ့ လီဆူတွေလည်းရှိတယ်။ တချို့ကျတော့ လည်းစားဝတ်နေရေးကျပ် တည်းတော့ အစိုးရဘက်က ဆန်ပေးဘာပေးဆိုတော့ အဲဒီဘက်ရောက်သွားတဲ့ သူတွေလည်းရှိတယ်။ အောင်မြေ (၁) ၊ အောင်မြေ (၂) ဆိုတဲ့ရွာတွေ ၊ ရပ်ကွက် (၅) တို့ အဲဒီမှာ လီဆူတိုင်းရင်းသားတွေ နေထိုင်ကြတယ်။ အဲဒီမှာ ကချင်တို့ လချိတ်တို့လည်း ရောနေကြတာရှိတယ်။ အများအားဖြင့်တော့ လီဆူများတယ်။ တချို့ပြည်သူ့စစ်တွေကတော့ ဒူးလေးပါတီက အဖွဲ့ဝင်တွေပေါ့” ဟု ပြောသည်။
စစ်ကောင်စီဘက်က လီဆူပြည်သူ့စစ်များကို အသုံးပြုကာ ဝိုင်းမော်နှင့် ဆဒုံးမြို့နယ်အကြားတွင် စစ်ရေးလှုပ်ရှားပါက KIA နှင့်ထိတွေ့တိုက်ပွဲများ ဖြစ်လာနိုင်ပြီး ပဋိပက္ခဆက်ရှိနေမည်ဖြစ်ကြောင်း တိုင်းရင်းသား အရေးလေ့လာသူက သုံးသပ်သည်။