သတင်း

တိုက်ပွဲကြောင့် မိုးဗြဲပြည်သူများ မြို့ကိုစွန့်ခွာ ထွက်ပြေး

ရှမ်း-ကယား နယ်စပ်မြို့ဖြစ်သည့် မိုးဗြဲမြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်လာပြီးနောက် မြို့ခံများသည် မြို့ကို စွန့်ခွာ တိမ်းရှောင်မှုများ ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။

မိုးဗြဲ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “တဖြည်းဖြည်းချင်း ရွှေ့နေတာ ကုန်သလောက် ရှိသွားပြီ။ ရပ်ကွက်ကတော့ တော်တော် များတယ်။ ၁၀ ရပ်ကွက် လောက်တော့ ရွှေ့ရတယ်။ မြို့ပေါ်ကနေ ထွက်ခွာနိုင်တဲ့လူ ထွက်ခွာတယ်။ ရပ်ကွက်တွင်းမှာ ပစ်ခတ်နေတုန်းကတော့ ပြည်သူတွေ ပိတ်မိတာပေါ့။ ပြည်သူတွေရှိလို့ ကျနော်တို့ကတော့ ပြန်ဆုတ်ပေးလိုက်တယ်” ဟု ပြောသည်။

မိုးဗြဲမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းကလည်း မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားနေအိမ်များ ပျက်စီးသွားခဲ့ရသည်။

ဒေသခံ တဦးကလည်း “မနက်ပိုင်း ဘုရားကျောင်းမှာ ဖာသာတွေ၊ မာသာတွေတော့ ပိတ်မိတာ။ ၉ နာရီ ၁၀ နာရီဝန်း ကျင်လောက်မှာ မိပြီးတော့ ပြန်တော့ လွှတ်လိုက်ပြီ။ တိုက်ပွဲနား အနီးတဝိုက်က လူတွေတော့ သွားကြပြီ။ တချို့လည်း ဘုန်ကြီးကျောင်းတွေနားမှာ မပြေးနိုင်တဲ့ လူတွေကို ထားတယ်။ သက်ကြီးရွယ်အိုတွေကို နေရာ ရွှေ့ထားခိုင်းတယ်” ဟု ပြောသည်။

ယနေ့မနက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်၍ မီးလောင်ပျက်စီးနေသည့် မိုးဗြဲမြို့ ပေါ်မှ နေအိမ်အချို့ (ဓာတ်ပုံ – KNDF)

ထိုသို့ ထွက်ပြေးတိမ်းရှောင် နေရချိန်တွင်ပင် မိုးဗြဲမြို့ စည်ကား ရပ်ကွက် ၁ နေ ဒေသခံအမျိုးသား ၁ ဦး စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မိုးဗြဲမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့က သိရသည်။

မိုးဗြဲမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့ပြန်ကြားရေး တာဝန်ခံက “တအားကြီးတော့ မစိုးရိမ်ရပါဘူး။ ပေါင် ၂ ချက်၊ နဖူး ၁ ချက်ရယ်၊ လက်မောင်း ၁ ချက်ကို လက်နက်ကြီးစ ထိတာ ဆေးရုံပို့လိုက်ပြီ” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်တွင်းရှိ နေအိမ် ၁ လုံး မီးလောင်ခဲ့ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင်လည်း စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကို ဘုန်းကြီး ကျောင်းသို့ ရွှေ့ပြောင်းနေကြောင်းလည်း သိရသည်။

လူဦးရေ စုစုပေါင်း နှစ်သောင်းကျော် နေထိုင်သည့် ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စုက ဒေသခံများသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးသည့် နောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဘဝသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များသည် မြို့တွင်း၌ပါ တိုက်ပွဲဆင်လေ့ရှိပြီး တိုက်ပွဲဖြစ်ပွားပါက လည်း မြို့၊ ရွာ၊ ရပ်ကွက်များကို လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လေ့ရှိကြောင်း ကရင်နီ လူ့အခွင့်အရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက ပြောသည်။

၎င်းက “လက်နက်ကြီးနဲ့ ပစ်တာတွေက သူတို့ လုပ်နေကျ ဖြစ်စဉ်လိုကို ဖြစ်သွားပြီ။ အဲဒါက စစ်ရာဇဝတ်မှုမြောက်တယ် လို့ ပြောလို့ရတယ်။ ဒါက ဒီတကြိမ်ပဲ ဖြစ်တာ မဟုတ်ဘူး” ဟု ဆိုသည်။

မိုးဗြဲအခြေစိုက် တပ်ရင်း ၄၂၂ နှင့် ကရင်နီ ပြည်နယ်မှ စစ်ကောင်စီတပ်များ လူလဲရန်အတွက် လာရောက်စဉ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် နံနက်၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂ ဖက် တပ်ဆုတ်ကာ တိုက်ပွဲ ခဏတာ ငြိမ်သက် ခဲ့သည်။

ယနေ့မနက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်၍ မီးလောင်ပျက်စီးနေသည့် မိုးဗြဲမြို့ ပေါ်မှ နေအိမ်အချို့ (ဓာတ်ပုံ – KNDF)

ထို့နောက် နေ့လယ် ၁၂ နာရီတွင် တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေပြီး ဧရာဝတီက ဖုန်းအဆက်အသွယ်ရထားသည့် နေ့လယ် ၂ နာရီအထိ ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်သည်။

မိုးဗြဲ PDF ပြန်ကြားရေး တာဝန်ခံက “သူတို့ လူချိန်းတာပေါ့။ ၄၂၂ ထပ်ထဲက လူကို သူတို့က ပြန်ချိန်းတာ။ ကယား ဘက်က လာတဲ့ စစ်ကြောင်းနဲ့ ၄၂၂ တပ်မှာ ရှိတဲ့ ချိန်းတဲ့ သဘောပေါ့။ နေ့လယ်ပိုင်း တိုက်ပွဲက ၂ နာရီ ဝန်းကျင် လောက်ရှိနေပြီ” ဟု ပြောသည်။

ဇွန်လ ၇ ရက်ကလည်း လွိုင်ကော်မြို့မှ မိုးဗြဲမြို့သို့ တိုက်ခိုက်ရန် လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီ မဟာမိတ်ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့သည့် အတွက် ဇွန် ၈ ရက်တွင် ပြန်လည် ဆုတ်ခွာခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်များသည် ရှမ်း- ကယား နယ်စပ်အနီးရှိ မိုးဗြဲမြို့ ဝန်းကျင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် ခြေလျင်တပ်၊ သံချက်ကာကား၊ လေကြောင်းနှင့် ၁၂၀ မမ၊ ၈၀ မမ အမြောက်ပစ်ကူများ အပြည့်အဝသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ကယားပြည်နယ်အတွင်းရှိ ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDF) အပါအဝင် မဟာမိတ် ပူးပေါင်း PDF တပ်များ ကလည်း အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည့် ၁ လ ဝန်းကျင်အတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အများ အပြားရှိခဲ့သည်။

You may also like these stories:

ဝိုင်းမော်တွင် အာဏာသိမ်းတပ် စစ်ရေးလှုပ်ရှားနေသဖြင့် ဒေသခံများစိုးရိမ်နေ

ဒီပဲယင်းတွင် စစ်တပ်က အရပ်သားများကို ဦးတည်တိုက်ခိုက်နေ

Loading