သတင်း

မတူပီတပ်ရင်းမှ ဗိုလ်မှူး အသတ်ခံရမှု လူ ၆ ဦးကို ဖမ်းထား

ချင်းပြည်နယ် မတူပီမြို့အခြေစိုက် ခလရ ၁၄၀ တပ်ရင်းမှ ဗိုလ်မှူးသန်းနိုင်ဝင်းအား ပြည်သူ့ကာကွယ်ရေးတပ်များက သတ်ဖြတ်မှု ပတ်သက်၍ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၆ ရက် နေ့တွင် အရပ်သား ၆ ဦးကို ဖမ်းထားကြောင်း မတူပီ CDF တပ်ဖွဲ့မှ ထုတ်ပြန်သည်။

အဖမ်းခံရသည့် အရပ်သား ၆ ဦးတွင် မတူပီမြို့ခံ ၄ ဦးနှင့် နယ်ဘက်မှ အလုပ်လာလုပ်သူ အမျိုးသား ၂ ဦးပါဝင် ကြောင်း လက်ရှိ မတူပီစစ်ဗျူဟာကုန်းတွင် ချုပ်နှောင်ထားကြောင်း မတူပီမြို့ခံတဦးက ပြောသည်။

၎င်းက “အဖမ်းခံရတဲ့သူတွေက မြို့ ပြင်က ခြံပိုင်ရှင် လင်မယား ၂ ယောက် ၊ မိန်းကလေး ၂ ယောက်နဲ့ တခြား နယ် က အလုပ်လာလုပ်တဲ့ အမျိုးသား ၂ ယောက်။ သူတို့ ၆ ယောက်ထဲက ၂ ယောက်ကိုတော့ မနေ့က ပြန်လွတ်ပေးလိုက် တယ်လို့ ကြားတယ်။ အဓိကတော့ အသတ်ခံရတဲ့နေရာနဲ့ အနီးမှာရှိတဲ့ လူတွေကို မဆိုင်ဘဲနဲ့ မသင်္ကာပြီး ဖမ်းတာ” ဟု ဧရာဝတီသို့ ပြောသည်။

မတူပီ အခြေစိုက် ခလရ ၁၄၀ တပ်ရင်းမှ ဗိုလ်မှူး သန်းနိုင်ဝင်းသည် တပ်တွင်း CDM လုပ်လိုသူများနှင့် မတူပီ မြို့နယ် ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို အထူးစောင့်ကြည့် ဖော်ထုတ်သူဖြစ်သလို ၎င်း၏ သတင်းပေးမှု ကြောင့် CDM လုပ်ရန် ကြံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး အသတ်ခံရပြီး ၄ ဦး အကျဉ်းချခံရသဖြင့် ဇူလိုင်လ ၁၅ ရက်နေ့က မတူပီ CDF တပ်ဖွဲ့ဝင်များက သုတ်သင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဗိုလ်မှူးသန်းနိုင်ဝင်းသည် ဇွန် ၂၅ ရက်နေ့က မတူပီမြို့နေ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးသတ်ဖြတ်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါခဲ့သူတဦး ဖြစ်ကြောင်း မတူပီ CDF တပ်ဖွဲ့မှ ပြန်ကြားရေးဝန်ခံ ကိုဆလိုင်းချင်းက ပြောသည်။

ကိုဆလိုင်းချင်းက “သူအကြောင်းကို ကျနော်တို့သိထားတာတော့ ကြာပြီ။ သူက မတူပီမှာ အနေကြာပြီဆိုတော့ ဘယ်နေရာမှာ ဘာရှိတယ်၊ အဝင်အထွက် အကုန်သိနေတယ်။ ပြည်သူ့ကွယ်ရေးတွေ CDM လုပ်တဲ့ လူတွေရဲ့ လှုပ်ရှားမှုကို အဓိက သူ စောင့်ကြည့်နေတာ။ ကျနော်တို့ သူကို ရှင်းဖို့ အကြိမ်ကြိမ် ကြိုးစားတာ မအောင်မြင်ဘူး။ ကျနော်တို့ သတင်းတခု ကြားတာက အရက်ဝယ်မယ်ဆိုရင် ဘယ်နေရာမဆို လာပို့ပေးမယ် ဆိုတဲ့သတင်း။ ဒါနဲ့ အရက် ၆ သိန်းဖိုးဝယ်မယ်ဆိုပြီး မြို့ပြင်ကို မျှားခေါ်လိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသည့် အရပ်သား ၆ ဦးမှာ မတူပီ CDF လုံးဝပတ်သက်မှုမရှိသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုပ်အရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်းလည်း မတူပီ CDF တပ်ဖွဲ့မှ ဇူလိုင်လ ၁၇ ရက်နေ့ဖြင့် သတင်းထုတ်ပြန်ထားသည်။

Loading