စစ်ကိုင်းတိုင်း၊ ကောလင်း၊ ဝန်းသိုဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကြား တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေပြီး ကျေးရွာများကို မီးရှို့မှုများဆက်တိုက် ပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များထံက သိရသည်။
ကောလင်း၊ ဝန်းသိုဒေသတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကလေးမြို့ အခြေစိုက် ခလရ ၈၇၊ ခလရ ၈၉ တို့ ဇူလိုင် ၁၂ ရက်မှ စတင်ကာ စစ်ကြောင်း ထိုးနေခြင်းဖြစ်ပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေသလို စစ်တပ်က ကျေးရွာများကိုလည်း စီးနင်း ဝင်ရောက်ကာ မီးရှို့နေကြောင်း သိရသည်။
ကောလင်းဒေသခံတဦးက “ကျနော်တို့ ကောလင်း၊ ဝန်းသိုဘက်မှာ တိုက်ပွဲကတော့ ဇူလိုင်လ ၁၀ ရက်နောက်ပိုင်းကနေ နေ့တိုင်းလိုလို ဖြစ် နေတယ်။ PDF အဖွဲ့တွေရော၊ စစ်ကောင်စီဘက်ကရော ထိခိုက်သေဆုံးတာတွေ ရှိတယ်၊ ကျနော်တို့ဘက်က ရွာ တွေကတော့ ရှောင်နေလိုက် ရွာထဲ ပြန်နေလိုက်နဲ့ နေနေရတာပေါ့” ဟု ပြောသည်။
ဇူလိုင် ၁၆၊ ၁၇ ရက်များက ဝန်းသိုမြို့နယ်၊ လှကြီးကုန်းကျေးရွာ၊ တောင်ဘို့လှ ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့များမှ ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ကောလင်းမြို့နယ်အတွင်းသို့ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် ဇူလိုင် ၁၂၊ ၁၃ ရက်များတွင် နှောပင်၊ လှည်းပွဲ၊ သရက်ခုံကျေးရွာများကို ဝင်ရောက်စီးနင်းစဉ် ကောလင်း KLPDF တပ်ရင်း (၁)၊ ကောလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ)၊ Secret Warrior (UG) စသည့် ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
Kawlin Revolution– KR မှ တာဝန်ရှိသူ တဦးက “၁၂ နဲ့ ၁၃ ရက်နေ့မှာ ထိုးလာတဲ့ စစ်ကြောင်းကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေက ၂ ရက်လုံး နီးပါး ပစ်လိုက် ပြန်ဆုတ် လိုက်နဲ့ တောက်လျှောက် လိုက်ပြီး တိုက်ခိုက်ခဲ့ကြတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိတယ်။ လှည်းပွဲကနေ ပြန်အထွက် မိုင်းဆွဲခဲ့တာမှာ စစ်ခွေးတွေထိပြီး ၆ ယောက် သေတယ်။ ၂ ရက် ဆက်တိုက် တိုက်ပွဲမှာ စစ်ခွေး ၁၀ ယောက်ကျော်လောက်ထိ သေတယ်။ ကျနော်တို့ဘက်က ပကဖ အဖွဲ့ ရဲဘော်၂ ဦး ကျတယ်။ PDF ရဲဘော်တဦး ကျ ဆုံးတယ်” ဟု ပြောသည်။

ထိုသို့ လိုက်လံ တိုက်ခိုက်ခဲ့ခြင်းကြောင့် အင်အား ၅၀ ခန့် စစ်ကြောင်းသည် ဒဏ်ရာရသူများအပါ အင်အား ၃၀ ခန့်ဖြင် သာ ကောလင်းမြို့တွင်းသို့ ဝင်ရောက်သွားသည်ဟု ဆိုသည်။
KR မှ တာဝန်ရှိသူတဦးက “စစ်ခွေးတွေ ကျတာကို ကျနော်တို့ မျက်မြင် အတည်ပြုချက်ပါ။ မိုင်းဆွဲလို့ သေသွားတဲ့သူတွေကို အလောင်းတောင် မကောက်နိုင်ဘဲ ပြေးကြတာ။ ပြီးတော့ ကျနော်တို့ဘက်က ရဲဘော်တယောက်လည်း နင်းမိုင်းမိပြီး ခြေထောက်တဖက် ဆုံးရှုံးထားတယ်။ အခြား ရဲဘော် ၃ ဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရထားတယ်” ဟု ပြော သည်။
သရက်ခုံ ကျေးရွာသည် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကာ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့သလို လှည်းပွဲ ကျေးရွာမှ နေအိမ် ၇ လုံး၊ နှောခုံကျေးရွာမှ နေအိမ် ၃ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ဒေသခံတဦးက “ကျနော်တို့ ပြည်သူတွေအနေနဲ့က စစ်ရှောင်တာ အသားကျနေပြီလို့ ပြောရမှာပဲ။ စစ်ကြောင်းထိုး တိုက်ပွဲဖြစ်ရင် ဒေသခံတွေက တောဘက်ကို ရှောင်၊ စစ်ကြောင်း မရှိတော့ရင် ပြန်ဝင်နေကြပေါ့။ ရွာသားတွေ ပြန်ဝင်ကြတော့မယ် ဆိုရင် ကာကွယ်ရေးအဖွဲ့တွေက ရွာထဲကိုဝင် မိုင်းရှင်းလင်းရေး၊ သန့်ရှင်းရေးတွေ အရင်လုပ်ပေးပြီးမှ ဝင်ကြတာပေါ့။ ကျနော်တို့ဘက်မှာက အချိန် အကြာကြီး ရှောင်တာမျိုး မလုပ်နိုင်ကြဘူး။ တရွာနဲ့တရွာ ပြည်သူအချင်းချင်း ဂရုစိုက် ကူညီတာမျိုးနဲ့ နေနေကြတယ်” ဟု ပြောသည်။
ယနေ့ (ဇူလိုင် ၁၉ ရက်) တွင်လည်း စစ်ကောင်စီတပ်များက ကျေးရွာတချို့သို့ ဝင်ရောက် မီးရှို့နေကြောင်း ဒေသခံများ ထံက သိရသည်။
ကောလင်း၊ ဝန်းသိုဒေသတွင် စစ်ကြောင်း ထိုးသည့် စစ်တပ်က ကျေးရွာများ ကိုလည်း စီးနင်းဝင်ရောက်ရာတွင် တော်လှန်ရေးနှင့်ပတ်သက်၍ နာမည်ထွက်ရှိထားသူများ၏ နေအိမ်များကို ပစ်မှတ်ထား ဖျက်ဆီးနေသလို တန်ဖိုးရှိ ပစ္စည်း များကိုလည်း လုယက်ယူဆောင်နေကြကြောင်း သိရသည်။
You may also like these stories:
တိုက်ပွဲကြောင့် မိုးဗြဲပြည်သူများ မြို့ကိုစွန့်ခွာ ထွက်ပြေး
မတူပီတပ်ရင်းမှ ဗိုလ်မှူး အသတ်ခံရမှု လူ ၆ ဦးကို ဖမ်းထား
စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သူများအား အာဇာနည်အဖြစ် ဂုဏ်ပြုကြောင်း NUG ပြော