ကာတာနိုင်ငံအခြေစိုက် တယ်လီကွန်းကုမ္ပဏီ အူရီဒူး (Ooredoo) သည် ၎င်းတို့၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာကို ပြန်လည်ရောင်းချရန် ဆွေးနွေးလျက် ရှိနေကြောင်း Reuters သတင်းဌာနက ယနေ့ ဖော်ပြလာသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းမတည်ငြိမ်မှု၊ စီးပွားရေးအကျပ်အတည်းများနှင့်အတူ ယခုနောက်ဆုံး စစ်ကောင်စီက ပြည်တွင်းပြည်ပကုမ္ပဏီများအပေါ် ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်လာနေချိန်တွင် အဆိုပါသတင်းထွက်ပေါ် လာခြင်းလည်း ဖြစ်သည်။
အူရီဒူးအုပ်စု အနေဖြင့် သုံးစွဲသူပေါင်း ၁၅ သန်းနီးပါးဖြင့် မြန်မာနိုင်ငံတွင် တတိယမြောက်ဈေးကွက် ဝေစုအများဆုံး ရရှိ ထားသော အူရီဒူးမြန်မာကို ပြန်လည်ရောင်းချရန်အတွက် စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း Reuters သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ဧရာဝတီသတင်းဌာန၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍနှင့်နီးစပ်သော သတင်းရင်းမြစ်တချို့ကလည်း အူရီဒူးမြန်မာကို ပြန်လည်ရောင်းချရန် လုပ်ဆောင်နေမှုသတင်းမှာ မှန်ကန်ကြောင်း ပြောဆိုသည်။
“အခုနောက်ဆုံး ဗဟိုဘဏ်ရဲ့ ဒေါ်လာသိမ်းယူတဲ့ ညွှန်ကြားချက်တွေက နိုင်ငံခြားကုမ္ပဏီတွေကို မထွက်ထွက်အောင် တွန်းအားပေးနေသလိုဖြစ်တော့ အခြေအနေ ပိုဆိုးလာတာနဲ့အမျှ ထွက်ဖို့ပြင်ဆင်ကြမှာပဲလေ။ အဲဒီလို ထွက်တဲ့ကုမ္ပဏီ တွေရဲ့နေရာကို သူတို့ (စစ်ကောင်စီ) နဲ့ နီးကပ်တဲ့လူတွေက နေရာဝင်ယူကြမှာပေါ့” အူရီဒူးမြန်မာနှင့် နီးစပ်သည့် သတင်း ရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
အူရီဒူးမြန်မာကို ဝယ်ယူရန် အလားအလာရှိသော ကုမ္ပဏီများထဲ Young Investment Group၊ ရွှေသံလွင် ဦးကျော်ဝင်းဟု လူသိများသော စီးပွားရေးလုပ်ငန်းရှင် ပိုင်ဆိုင်သည့် SkyNet နှင့် စင်ကာပူကုမ္ပဏီ Campana Group တို့ ပါဝင်ကြောင်း Reuters သတင်းဌာနက ဆိုထားသည်။
သို့သော် အဆိုပါ ကုမ္ပဏီများနှင့် အူရီဒူးမြန်မာရောင်းချမှုအတွက် နောက်ဆုံးအဆင့် ဆွေးနွေးညှိနှိုင်းထားသည့် အခြေ အနေမျိုးထိ မရှိသေးကြောင်း သိရသည်။
“ဒီအချိန်မှာက ကုမ္ပဏီတွေက ရောင်းမယ်ဆိုတာကို ဘယ်သူ့မှထုတ်ပြောမှာ မဟုတ်ဘူး။ ရောင်းပြီဆိုမှပဲ သတင်းအတိအကျ သိရလိမ့်မယ်။ အူရီဒူးလည်း တယ်လီနောထွက်တုန်းက ရောင်းခဲ့တဲ့ ဈေးနှုန်းဝန်းကျင်နဲ့ပဲ အရောင်းအဝယ်ဖြစ်ဖို့ များတယ်။ အောက်ဈေးနဲ့ပဲ လိုက်ဝယ်ကြလိမ့်မယ်” ဟု ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် သတင်းရင်းမြစ်တဦးက ပြောသည်။
အူရီဒူးမြန်မာ အရောင်းအဝယ်သည် လက်ရှိအခြေအနေအရ လက်ထဲတွင် အမေရိကန်ဒေါ်လာ အများအပြားရှိနေသော စစ်အုပ်စုနှင့် နီးစပ်မှုရှိသည့် စီးပွားရေးလုပ်ငန်းရှင်များကသာ ဝယ်ယူရရှိနိုင်ရန် အခွင့်သာမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အူရီဒူးမြန်မာကို ဝယ်ယူခွင့်ရရှိရန် ကြိုးစားနေသည့် ပြည်တွင်းကုမ္ပဏီများထဲ စီးပွားရေးလုပ်ငန်းရှင် ဦးမြဟန်ပိုင်ဆိုင်သော Fortune International ကုမ္ပဏီလည်း ပါဝင်ကြောင်း သိရသည်။
အူရီဒူးမြန်မာကို ပြန်လည်ရောင်းချမည့်သတင်းနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကို လူသေဆုံးသည်ထိ အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ လုပ်ဆောင်ခဲ့သလို မိုဘိုင်းဖုန်းသုံးစွဲသူများအပေါ် ကြားဖြတ်နားထောင်သည့်စနစ်များ တပ်ဆင်ခိုင်းသည့်အတွက် နော်ဝေးအခြေစိုက်တယ်လီနောက မြန်မာပြည်မှ ၎င်းတို့၏ တယ်လီနောမြန်မာလုပ်ငန်းကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ၂၀၂၁ ဇူလိုင်လအတွင်းက ရောင်းချပြီး ထွက်သွားခဲ့သည်။
တယ်လီနောမြန်မာကို လက်ဘနွန်အခြေစိုက် M1 နှင့် အာဏာသိမ်းစစ်အုပ်စုနှင့် နီးစပ်မှုရှိသော စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သော ရွှေဗျိုင်းဖြူကုမ္ပဏီတို့က ဝယ်ယူခွင့်ရရှိခဲ့ပြီး ထိုကုမ္ပဏီ ၂ ခုက ဖက်စပ်ကုမ္ပဏီ Investcom ကို ထူထောင်ကြခဲ့ကြကာ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားသည်။
အဆိုပါ Investcom ကုမ္ပဏီက တယ်လီနောမြန်မာကို Atom ဟု အမည်ပြောင်းလဲကာ ဆက်သွယ်ရေးလုပ်ငန်းများ လုပ် ကိုင်လျက်ရှိပြီး ယင်းကုမ္ပဏီ၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိ သက်မွန်ကလည်း ရှယ်ယာထည့်ဝင်ထားကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြထားပြီး ဖြစ်သည်။
You may also like these stories:
စစ်သားများကို ခြေရာခံရန် စစ်ကောင်စီက Mytel ဆင်းမ်ကဒ်များကို သုံးနေ
တယ်လီနောမြန်မာ ဝယ်ခွင့်ရသည့် ကုမ္ပဏီတွင် တပ်ချုပ်သမီး ရှယ်ယာပါ
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ
စစ်ခေါင်းဆောင်သားနှင့် ခရိုနီတချို့ပေါင်းပြီး ရုရှားဆီ တင်သွင်းရန် ကြံစည်နေ