သတင်း

ရေဦးတွင် စစ်တပ်ဝင်ပြီးနောက် အလောင်း ၁၁လောင်း တွေ့

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် တပတ်ကြာ စစ်ကောင်စီ စစ်ကြောင်းဝင်လာပြီးနောက် မီးရှို့ခံထားသူများအပါ ရုပ်အလောင်း ၁၁ လောင်းအထိ တွေ့ရှိခဲ့ရကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဇူလိုင် ၈ ရက်မှ စတင်ပြီး ရေဦးမြို့နယ်အတွင်းသို့ ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ဝန်းကျင်ကို ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအင်အား ၁၀၀ ပါ အဖွဲ့သည် ရေဦးမြို့နယ်ရှိ စည်သာမြေ၊ မီးမောင်းကုန်း၊ လိန်တော၊ ကန်ပေါက်၊ ကူဖြူ အစရှိသည့် ကျေးရွာကိုများကို စစ်ကြောင်းဖြင့်ဝင်ရောက်ခဲ့ပြီးနောက် ဇူလိုင် ၁၄ ရက်အထိ အလောင်းသည် ၁၁ လောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“စစ်ကြောင်းထိုးလာတော့ ပြေးကြရင်း ထိသွားတာလည်း ပါတယ်။ မီးမောင်းကုန်းက ၁ ယောက်ကတော့ အသက် ကြီးတဲ့ အဒေါ်ကြီး၊ လူကလည်း ဝတယ်၊ ကျန်းမာရေးကလည်း မကောင်းဘူး မပြေးနိုင်ဘူး။ အဲဒီအိမ်ကို စစ်ကောင်စီက မီးရှို့ရင် အိမ်ထဲမှာ ပါသွားတာ။ တွေ့တဲ့ထဲမှာ အရိုးတွေ လုံးဝ မကျသေးတာလည်း ပါတယ်။ ဒါပေမယ့် အသားကတော့ အကုန် မဲနေပြီ။ မီးရှို့ထားတဲ့ ပုံစံမျိုးပေါ့” ဟု ဒေသခံ တဦးက ပြောသည်။

သေဆုံးရုပ်အလောင်းများကို မီးမောင်းကုန်းကျေးရွာမှ ၁ ဦး၊ လိန်တောရွာတွင် ၃ ဦး၊ ကန်ပေါက်တွင် ၃ ဦး၊ စည်သာ မြေတွင်၂ ဦးနှင့် ကူဖြူရွာတွင် ၂ ဦးတို့ဖြစ်ပြီး ထိုသူများထဲမှ ၄ ဦးကိုသာ မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ကျန် ၇ ဦးကို မသိရှိရကြောင်း ဒေသခံများက ဆိုကြသည်။

ထို့ပြင် စစ်ကောင်စီတပ် ဝင်ရောက်ခဲ့သည့် မီးမောင်းကုန်းရွာမှ နေအိမ် ၇၂ လုံး၊ စည်သာမြေရွာမှ ၂၃ လုံးနှင့် ကူဖြူရွာ တွင် ၃၁ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်များကို ကျူးလွန်ခဲ့သူမှာ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေရှိ အမှတ် ၇၇ ခြေမြန် တပ်မဌာနချုပ် လက်အောက်ခံ မှော်ဘီမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်းအမှတ် ၇၀၁ က ဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံများက ဆိုကြသည်။

ဒေသခံတဦးက “တကယ်တမ်း သူတို့ မကျေနပ်တာက ကာကွယ်ရေးတပ်ဖွဲ့တွေ။ ဒါပေမယ့် မပြစ်မရှိတဲ့ ပြည်သူတွေ ကို လုပ်တယ်၊ ကျေးရွာတွေကို ဝင်တယ်။ အိမ်တွေကို မီးရှို့တယ်။ လူတွေသတ်တာတွေက လုံးဝကို မဖြစ်သင့်ဘူး။ မီးရှို့မခံရတဲ့လူတွေကတော့ ရွာတွေဆီ ပြန်လာတဲ့လူက လာနေပြီ။ မီးရှို့ခံရတဲ့ လူတွေကလည်း ဆွေမျိုးသားချင်းတွေ နဲ့ အတူတူ နေကြတယ်။ တချို့ကျလည်း ကျေးရွာဘုန်းကြီးကျောင်းတွေမှာပဲ နေကြတယ်” ဟု ပြောသည်။

ထိုရက်ပိုင်းတွင် စီးနင်း ဝင်ရောက်ခံရသည့် ရွာများအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်က ရေဦး၊ ခင်ဦး၊ ကန့်ဘလူ အစရှိသည့် မြို့နယ် ၃ မြို့နယ်အစပ်ရှိ ကျေးရွာများကို စီးနင်းဝင်ရောက်ပြီး နေအိမ်များအား မီးရှို့သည့်အပြင် ပြည်သူများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရေဦးကာကွယ်ရေး တပ်ဖွဲ့က ဆိုသည်။

ရေဦး ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “လယ်ထဲမှာ လယ်ထွန်နေတဲ့ လယ်သူလယ်သားတွေရယ် ရွာသူရွာသားတွေ ပြေးလွှားတာ မြင်ရင်လည်း ပစ်သတ်တာပဲ။ ရွာထဲမှာ မရှောင်နိုင် မတိမ်းနိုင်တဲ့ အခြေအနေမျိုးတွေလည်း သူတို့ လက် ထဲရောက်ရင် သတ်တာပဲ။ ခင်ဦး၊ ရေဦး၊ ကန့်ဘလူ အစပ်က ရွာတွေကို လုပ်နေတာပေါ့။ တိုက်ပွဲဖြစ်တာတော့ မရှိပါ ဘူး။ သူတို့ကတော့ အမြဲတမ်း လေကြောင်းကနေ ပစ်ပြီး ရွာတွေကို စီးနင်းဝင်ရောက်တာပေါ့” ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ် ကောင်စီ လက်ချက်ကြောင့် သေဆုံးပြည်သူ၂၀၉၂ ဦး အထိ ရှိလာပြီး နိုင်ငံတဝှမ်းတွင် မီးရှို့ခံရမှုကြောင့် ပျက်စီးခဲ့ သည့် နေအိမ်ပေါင်း ၁၈,၈၈၆ လုံး ရှိကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

You may also like these stories:

ကောလင်းနှင့် ဝန်းသိုတွင် တိုက်ပွဲဆက်တိုက်ဖြစ်၊ စစ်ကောင်စီက ကျေးရွာများမီးရှို့

မတူပီတပ်ရင်းမှ ဗိုလ်မှူး အသတ်ခံရမှု လူ ၆ ဦးကို ဖမ်းထား

ပြေးစရာ မြေမရှိတော့တဲ့ အညာ စစ်ရှောင်များ

Loading