သတင်း

ဒေါက်တာ ဇော်မြင့်မောင်အား ထောင် ၃ နှစ် ထပ်မံအမိန့်ချ

မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သော လက်ကျန်အမှုအတွက် ထောင်ဒဏ် ၃ နှစ် ကျရန် ယမန်နေ့က အမိန့်ချရာ ၎င်းအနေဖြင့် စုစုပေါင်း ထောင်ဒဏ်၂၉ နှစ် ကျခံရမည် ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေအဖွဲ့ထံက သိရသည်။

“အောင်မြေသာစံမှာ စွဲထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) အတွက် ထောင်ဒဏ် ၃ နှစ် အမိန့်ချလိုက်တယ်။ အခု အမှုက နောက်ဆုံး အမှုဆိုတော့ ဆက်ပြီး မရှိတော့ဘူး။ အမိန့်ချပြီးတဲ့ အမှုတွေအားလုံးအတွက် အယူခံတက်ဖို့ ပြင်ဆင်နေပါတယ်” ဟု အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။

ယခု အမိန့်ချသော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခြင်းကို စစ်ကောင်စီခန့် မန္တလေးတိုင်းရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယ ညွှန်ကြားရေးမှုး ဦးကျော်ကျော်စိုးက တရားလို ပြုလုပ်၍ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ မလျော်သြဇာ သုံးသည်ဆိုသော စွပ်စွဲချက်ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ပြီး မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အထူး တရားရုံးဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါက်တာ ဇော်မြင့်မောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် အမှု ၅ မှု၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အမှု ၂ မှု၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၃၀(က)တို့ဖြင် ၂ မှု၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ)ဖြင့် ၁ မှု စုစုပေါင်း အမှု ၁၀ ခုဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စွဲဆိုခဲ့သည့် အမှုများအနက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၃၀(က) တို့ဖြင့် တရားစွဲထားမှုကို အောင်မြေသာစံမြို့နယ် တရားရုံးက ထောင်ဒဏ် ၄ နှစ် ကျခံစေရန်နှင့် ပုဒ်မ ၅၀၅(ခ) အတွက် ချုပ်ရက်ခံစားခွင့် မရှိကြောင်း၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က အမိန့်ချမှတ်ထားသလို၊ ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ အမရပူရမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ) အရ စွဲဆို ထားသော အမှုကို ဇွန်လ ၃ ရက်က ထောင် ၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ထားပြီး ဖြစ်သည်။

ထို့ပြင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသစရိတ်၊ ပါတီရုံး မြေနေရာကိစ္စ၊ စီမံကိန်း ဧရိယာနှင့် ဆက်စပ် လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့် ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရေး ဆောင် ရွက်မှုများတွင် အဂတိလိုက်စားမှု ရှိခဲ့သည် ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ သည့် အမှု ၅ မှုအတွက် စုစုပေါင်း ထောင်ဒဏ်၂၁ နှစ် ကျခံစေရန် မန္တလေးတိုင်း တရားလွှတ်တော်က ဇွန်လ ၁၇ ရက် တွင် အမိန့်ချမှတ်ထားသည်။

လက်ရှိတွင် ဒေါက်တာ ဇော်မြင့်မောင်အား တရားစွဲဆိုခဲ့သည့် အမှု ၁၀ မှုအတွက် ကျခံရမည့် ထောင်ဒဏ်မှာ၂၉ နှစ်အထိ အမိန့်ချမှတ်ခံထားရပြီး ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ဒု ဥက္ကဋ္ဌတဦးလည်းဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှ စတင်ကာ နိုင်ငံရေး လောကသို့ စတင် ဝင်ရောက်ခဲ့ကာ ၁၉၉၀၊ ၂၀၁၂ ၊ ၂၀၁၅ နှင့် ၂၀၂ ရွေးကောက်ပွဲများတွင် ဆက်တိုက် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

ယခုအခါ ဒေါက်တာ ဇော်မြင့်မောင်သည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်၂၀၁၉ ခုနှစ်မှ စကာ သွေးကင်ဆာရောဂါ ခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူခဲ့ရပြီး ကင်ဆာဆေးဝါးများ ယနေ့အချိန်ထိသောက်သုံးနေရ ဆဲဖြစ်သည်။

You may also like these stories:

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၃ ဦး ထောင် ၃ နှစ်စီ ချခံရ

ဒေါက်တာဇော်မြင့်မောင် အဂတိမှုများဖြင့် ထောင် ၂၁ နှစ် ထပ်မံချခံရ

နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ဒုမြို့တော်ဝန် ဦးရဲမင်းဦးအား ထောင်နှစ်ရှည်ချ

Loading