သတင်း

မောင်တောတွင် စစ်တပ်က ဖမ်းဆီးနေသဖြင့် ဒေသခံတို့ စိုးရိမ်နေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သားများကို ဆက်တိုက် ဖမ်းဆီးစစ်ဆေးနေသဖြင့် ဒေသခံများ စိုးရိမ်နေသည်။

လက်ရှိ မောင်တောအခြေအနေနှင့် ပတ်သက်၍ ဒေသခံတဦးက “အုပ်ချုပ်ရေးမှူးတောင် ဖမ်းတယ်ဆိုတော့ ရွာသားတွေ ကတော့ စိုးရိမ်တာပေါ့။ တချို့လည်း မတရားအဖမ်းခံရမှာကို ကြောက်ပြီးတော့ ရှောင်နေတဲ့သူတွေလည်း ရှောင်ကြတယ်။ မောင်တောမြောက်ပိုင်းတခုလုံး ကားလမ်းတွေမှာ လူအသွားအလာတောင် မရှိကြတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံအရပ်သား ၄ ဦးအထိ ဖမ်းဆီးခံထားရပြီး လက်ရှိ စစ်ကောင်စီတပ်သားများက သင်္ဘောလှကျေးရွာအတွင်းသို့ ဝင်ကာ လူဦးရေနှင့် အိမ်ထောင်စု စာရင်းများကို စစ်နေသည့် အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်၊ မြဝတီကျေးရွာနှင့် တရိန်းကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၄ ဦး ဖမ်းဆီးခံရပြီး အများအပြား သေဆုံးခဲ့သည်။

ထို့နောက်ပိုင်း စစ်ကောင်စီတပ်သည် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် အရပ်သားများ ကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး မောင်တောမြောက်ပိုင်းရှိ ကျေးရွာသားများမှာ လယ်ယာလုပ်ငန်းခွင်နှင့် တောတောင် များသို့ပင် မသွားရဲကြတော့ကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက “မောင်တော အခြေအနေက ကျေးရွာအုပ် ချုပ်ရေးမှူးကိုတောင် ဖမ်းတယ်ဆိုကတည်းက ထိတ်လန့်စိုးရိမ်နေကြရတာပဲလေ။ ရွာသားတွေ နီးစပ်ရာ လုုံခြုံတယ်လို့ထင် ရတဲ့ နေရာတွေကို စုပြီးနေကြရတယ်။ သွားရေးလာရေးကလည်း အဆင်မပြေဘူး။ လုပ်ကိုင်စားသောက်ဖို့ အခြေအနေက လည်း ဒီလိုမျိုး ဖြစ်နေတော့ မလွယ်တော့ဘူး။ လယ်ထွန်းလို့လည်းမရ၊ တောထဲသွားလို့လည်းမရ။ ဒီလို အခြေအနေ ဖြစ် နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဇူလိုင် ၂၀ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် အပါအဝင် ရွာလူကြီးများ ဖြစ်သည့် ဦးထွန်းရွှေ၊ ကိုထွန်းကြိုင်တို့ ၃ ဦးကို စစ်ကောင်စီတပ်က နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မိသား စုဝင်အချို့က ပြောသည်။

ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီအချိန်တွင်လည်း မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်း နှင့် သာယာကုန်းကျေးရွာတာဝန်ခံ ဦးဘသိန်းတို့ကို တောင်ပြိုစစ်ဗျူဟာက အစည်းအဝေးရှိသည်ဟု ခေါ်ယူပြီးခဲ့ပြီးနောက် ဦးဘသိန်းနှင့် မိသားစုဝင်များ အဆက်သွယ်ပြတ်သွားခဲ့ကြောင်း ဦးဘသိန်း၏ မိသားစုဝင်တဦးက ပြောသည်။

၎င်းက “မနေ့က ၁၁ နာရီလောက်မှာ တောင်ပြိုဗျူဟာကနေ အစည်းအဝေးခေါ်တယ်ဆိုပြီး သူတို့ နှစ်ယောက် လိုက်သွား ကြတာ။ ညနေပ်ိုင်းမှာ သင်္ဘောလှအုပ်ချုပ်ရေးမှူး ပြန်ရောက်လာပြီးတော့ ဦးဘသိန်းကတော့ အိမ်ပြန်မရောက်ဘူး။ ဖုန်း ဆက်ကြည့်တော့လည်း စက်ပိတ်ထားတယ်။ သင်္ဘောလှအုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ သူ့ကို ပြန်လွှတ်တဲ့အချိန် ဆိုင် ကယ်မစီးတတ်တဲ့အတွက် ဦးဘသိန်းနဲ့အတူ နှစ်ယောက်အတူတူ ပြန်မယ်လို့ပြောတဲ့အချိန် ဦးဘသိန်းကတော့ ပြန်ဖို့ အချိန်ကြာနိုင်လို့ ခင်ဗျားပဲ ပြန်သွားပါလို့ ပြောတယ်တဲ့” ဟု ဧရာဝတီသို့ ပြောသည်။

သာယာကုန်းကျေးရွာတာဝန်ခံ ဦးဘသိန်း အိမ်ပြန်မရောက်လာသည့်အပြင် စစ်ကောင်စီတပ်သားများနှင့် နယ်ခြားစောင့် ရဲတပ်သားများသည် ဦးဘသိန်း၏ နေအိမ်နှင့် ကားလမ်းဘေးတွင် ဖွင့်လှစ်ထားသော ၎င်း၏ ကုန်စုံဆိုင်ကို လာရောက်ရှာ ဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

လက်ရှိတွင် မောင်တောနှင့် မြို့နယ်ချင်းထိစပ်နေသည့် ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့နယ်များရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကြား ရှေ့တိုးလာလျှင် ပစ်မည်ဆိုသည့် ပုံစံဖြင့် အဆင်သင့် နေရာယူထားသောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည့်အခြေအနေ ဖြစ်နေကြောင်း သိရသည်။

You may also like these stories:

AA နှင့်တိုက်ပွဲတွင် အထိအခိုက်များပြီးနောက် စစ်တပ်က အရပ်သားများကိုဝင်ဖမ်း

အာဏာအားပြိုင်မှုကြားက ရခိုင် လူဖမ်းပွဲ

မောင်တောက ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးသမားတွေရဲ့ လက်မှာ ဘာတွေကြုံခဲ့ရသလဲ

Loading