သတင်း

မြန်မာ့စီးပွားရေး ဆက် ဆိုးရွားနေဦးမည် ဟု ကမ္ဘာ့ဘဏ် ဆို

ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ လဲလှယ်မှုတွင် ကန့်သတ်ခြင်းအပါအဝင် မူဝါဒ အပြောင်းအလဲများက စီးပွားရေး တိုးတက် မှုကို နှောင့်နှေးစေပြီး မက်ခရို စီးပွားရေးတည်ငြိမ်မှုကို ဆိုးရွားစေကာ ရင်းမြစ်များ ထိရောက်စွာ ခွဲဝေသုံးစွဲမှုကို အားနည်း စေသဖြင့် မြန်မာ့စီးပွားရေးသည် ကာလရှည်တွင် ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ် ၏ ယနေ့ ထုတ်ပြန်သော မြန်မာ့စီးပွားရေး စောင့်ကြည့် အစီအရင်ခံစာက ဆိုထားသည်။

ရုရှား- ယူကရိန်း စစ်ပွဲ၏ ရိုက်ခတ်မှု တစိတ်တပိုင်းအဖြစ် ပြည်ပသွင်းကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ ဈေးမြင့် လာခြင်း၊ ပြည်တွင်း၌လည်း ပဋိပက္ခ ပိုမိုပြင်းထန်လာခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍ အခက်အခဲများ အပြင် စစ်ကောင်စီ၏ အားနည်းသော စီးပွားရေး ဆောင်ရွက်မှုများကြောင့် မြန်မာ့စီးပွား ရေးမှာ အခက်အခဲ အကျပ်အတည်း များစွာ ရင်ဆိုင်နေရကြောင်း ထောက်ပြထား သည်။

“မြန်မာနိုင်ငံအနေနဲ့ မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျုံ့မှုကို ရင်ဆိုင်ခဲ့ရပြီး ဒီနှစ်မှာလည်း စီးပွားရေး ဆောင် ရွက်ရာမှာ အခက်အခဲတွေ ဆက်ရှိနေတဲ့အတွက် အခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် စီးပွားရေးပြန်လည် နာလန်ထူမှု မှာ များစွာ နောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်” ဟု ကမ္ဘာ့ဘဏ် ၏ မြန်မာ၊ ကမော္ဘဒီးယားနှင့် လာအို နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ယင်းအစီရင်ခံစာတွင် ထည့်သွင်းပြောသွားသည်။

အိမ်ထောင်စုများ၏ ဝင်ငွေ လျော့နည်းလာခြင်း၊ စားနပ်ရိက္ခာဖူလုံရေးအတွက် လျော့နည်းသက်သာစေမည့် နည်းလမ်းများ နည်းပါးလာခြင်းနှင့် ပြည်တွင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဆင်းရဲမွဲတေမှုဒဏ်များကို မြန်မာပြည်သူများ ရင်ဆိုင်ရမည် ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုသည်။

ငွေကြေးဖောင်းပွမှုနှုန်း ထိုးတက်သွားခြင်းကြောင့်လည်း စီးပွားရေး လုပ်ငန်းအားလုံးကို ထိခိုက်စေခဲ့ရာ မြန်မာ့ငွေကြေး ဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် မတ်လအတွင်း၌ ၁၇. ၃ ရာခိုင်နှုန်း အထိရှိခဲ့သည်။

ထို့ပြင် ကိုဗစ် ၁၉ နှင့် စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ကျဆင်းမှုဒဏ်များခံနေရသော စီးပွားရေးလုပ်ငန်းများ အတွက် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာခြင်း၊ သွင်းအားစု ကွင်းဆက်ပြတ်တောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ် မြင့်လာ ၁ခြင်း တို့ကလည်း ထပ်မံ ဖိအားဖြစ်စေခဲ့သည်။

ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်းတွင် နိုင်ငံ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် ရောက်နေပြီ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အခက်အခဲ အတားအဆီးတွေ ကြီးမားနေတာကို တွေ့ရှိရပေမယ့် လွန်ခဲ့တဲ့ ၁၂လ အတွင်း နေရာအချို့မှာ စီးပွားရေးလုပ် ငန်းတွေ ပြန်လည် စတင်အသက်ဝင်လာတာကို ကြည့်ရင် မြန်မာ့စီးပွားရေး လုပ်ငန်းတွေရဲ့ ကြံ့ကြံ့ခံရှင်သန်နိုင်စွမ်းကို မြင်နိုင်ပါတယ်။ ဒါပေမယ့် စက်မှုလုပ်ငန်းတွေက ပြည်တွင်း ဝယ်လိုအားကို မှီခိုနေရတဲ့အတွက် အိမ်ထောင်စုဝင်ငွေ လျော့ကျလာခြင်းနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်း စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ အပြင် စိုက်ပျိုးရေး ထုတ်ကုန်တွေ မှာလည်း သွင်းအားစု ဈေးနှုန်းများ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ ဆက်ဖြစ်လာနေတဲ့ ပဋိပက္ခတွေရဲ့ ဒဏ်ကို ခါးစည်း ခံနေရပါတယ်” ဟု ကမ္ဘာ့ဘဏ် ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေး ပညာရှင် ကင်မ်အဒ်ဝဒ်က ဆိုထားသည်။

ကုန်သွယ်မှု နှင့် နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များက ယခင် ကုန်သွယ်မှု ဖြေလျှော့ပေးခဲ့ခြင်းနှင့် နိုင်ငံခြား ငွေလဲလှယ်မှု စနစ်များကို ပြန်လည် တင်းကျပ်ခြင်းဖြစ်ပြီး သွင်းကုန်အစားထိုးခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ပြည်တွင်းဖူလုံမှု ဘက်ကို အတင်း သွပ်သွင်းနေခြင်းကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ် ၁ ခုစာ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့မှု များကို ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်နေကြောင်း ကမ္ဘာ့ဘဏ် ၏ အစီအရင်ခံစာက ဆိုထားသည်။

You may also like these stories:

ပြင်ပဒေါ်လာပေါက်ဈေးက ကုန်ဈေးနှုန်းများကို တွန်းတင်နေ

မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်

ပြည်ပချေးငွေ ပေးဆပ်မှုများ ဆိုင်းငံ့ထားရန် ဗဟိုဘဏ် ညွှန်ကြား

Loading