ကယား (ကရင်နီ) ပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်သည် ရွာများအတွင်းနှင့် အနီးဝန်းကျင်၌ မြေမြှုပ် မိုင်းများ ထောင်ခြင်းဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဇူလိုင်လ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
AI သည် ပြီးခဲ့သည့် ဇွန်လ၂၅ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ကယားပြည်နယ်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော်မြို့နယ် တို့မှ လူပုဂ္ဂိုလ် ၄၃ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး ဒေသခံများ၏ ပြောဆိုချက်များကို ကိုးကား၍ ယခုကဲ့သို့ ကြေညာချက် ထုတ်ခြင်း ဖြစ်သည်။
AI အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သော လူပုဂ္ဂိုလ်များ နေထိုင်ရာ မြို့နယ်များသည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အာ ဏာသိမ်းမှု ဆန့်ကျင်သော ကရင်နီ လက်နက်ကိုင်တပ်များအကြား တိုက်ပွဲ မကြာခဏဖြစ်နေသည့် ဒေသများလည်း ဖြစ်သည်။
တွေ့ဆုံ မေးမြန်းမှုအား ဖြေကြားခဲ့သော ပုဂ္ဂိုလ်များထဲတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ပြီး အသက်ရှင်ကျန်ရစ်သူများ အပါအဝင် မျက်မြင်သက်သေများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် မြေမြှုပ်မိုင်း ရှင်းလင်းပေးခဲ့သူများ ပါဝင်ကြောင်း AI အဖွဲ့ထံမှ သိရသည်။
မြန်မာစစ်တပ်သည် ၎င်းတို့ ကိုယ်တိုင် ထုတ်လုပ်သည့် မြေမြှုပ်မိုင်း အမျိုးအစားများစွာကို အသုံးပြုနေကြောင်း တွေ့ရ ပြီး အဓိက အသုံးပြုသည့် မိုင်းအမျိုးအစားမှာ M-14 နှင့် MM-22 တို့ဖြစ်ကြောင်း AI အဖွဲ့က ရေးသားထားသည်။
M-14 သည် နင်းမိသူ၏ ခြေထောက်ကို ခြေကျင်း ဝတ်နေရာမှ ပြတ်တောက်စေတတ်သည့် မိုင်းအမျိုးအစားဖြစ်ပြီး MM-22 သည် ပေါက်ကွဲအား ပိုမိုပြင်းထန်ကာ နင်းမိသူ၏ ခြေထောက်ကို ဒူးခေါင်းနေရာမှ ပြတ်တောက်စေသည့် အပြင် နင်းမိသူ၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရစေသည့် မိုင်းအမျိုးအစားဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
AI အဖွဲ့၏ လက်ထောက် ဒါရိုက်တာ တဦးဖြစ်သူ Matt Wells က မြန်မာစစ်တပ်၏ မြေမြှုပ်မိုင်း အသုံးပြုမှုသည် ရက်စက်ကြမ်းကြုတ်ပြီး ရွံရှာ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
၎င်းက “မခွဲခြားတတ်တဲ့ သဘောရှိတဲ့ လက်နက်တွေကို တကမာ္ဘလုံးက တခဲနက် ပိတ်ပင်ထားတဲ့ အခုလိုကာလမှာ တောင် စစ်တပ်ဟာ ပြည်သူတွေရဲ့ ခြံတွေ၊ နေအိမ်တွေ၊ လှေကားခွင်နှင့်တကွ ဘုရားကျောင်းအနီး တဝိုက်မှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ခဲ့ပါတယ်” ဟု ဆိုသည်။
M-14 နှင့် MM-22 ကဲ့သို့သော မိုင်းများ အသုံးပြုခြင်းကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေနှင့် ကမာ္ဘ့နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်သည့် ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်း တားမြစ်ဖျက်သိမ်းရေး စာချုပ်တို့တွင် ပိတ်ပင် ကန့်သတ်ထားကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
ယင်းပြင် ကမာ္ဘ့နိုင်ငံများ၏ မြေမြှုပ်မိုင်းအသုံးပြုမှုကို စောင့်ကြည့်နေသော Landmine Monitor ၏ အဆိုအရ မြန်မာ စစ်တပ်သည် ၂၀၂၀ – ၂၀၂၁ ခုနှစ်အတွင်း ကမာ္ဘပေါ်တွင် မြေမြှုပ်မိုင်းများ အသုံးပြုခဲ့သည့် တခုတည်းသော အစိုးရ စစ်တပ်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ဒုတိယပတ်တွင် ထုတ်ပြန်သည့် ကရင်နီ လူ့အခွင့်ရေးအဖွဲ့ (KnHRG) ၏ အစီရင်ခံစာတစောင်တွင်လည်း ကရင်နီ (ကယား) ဒေသ၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုများသည် ၂၀၂၂ ခုနှစ် ဧပြီလတွင် ၆ ကြိမ်၊ မေလတွင် ၂ ကြိမ်၊ ဇွန် လတွင် ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုများသည် စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းများအား ဒေသခံများက သတိမထားမိဘဲ နင်းမိရာမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း (KnHRG) ထံမှ သိရသည်။
ယင်းပြင် အာဏာသိမ်း စစ်ကောင်စီတပ်သည် ကရင်နီဒေသ၌ အရပ်သားနှင့် လက်နက်ကိုင်များကြား ခွဲခြားခြင်း မရှိ ဘဲ တွေ့မြင်သမျှ သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်နေသလို လူနေဒေသထဲသို့ လက်နက်ကြီးကျည်များ ပစ်ခတ်ခြင်းကိုလည်း လုပ်ဆောင်နေကြောင်း (KnHRG) က အစီရင်ခံစာတွင် ရေးသားထားသည်။
အာဏာသိမ်း စစ်ကောင်စီတပ်၏ လုပ်ရပ်သည် ကရင်နီဒေသတွင် စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် သဘောရှိသည် ဟု (KnHRG) က ဆိုသည်။
ထို့ကြောင့် စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် မြန်မာစစ်တပ်ထံ လက်နက် ရောင်းချခြင်းအား နိုင်ငံတကာက ပိတ်ပင် သင့်ပြီး မြန်မာစစ်တပ်၏ လက်ချက်ကြောင့် နေရပ် စွန့်ခွာထွက်ပြေးနေရသည့် ကရင်နီ စစ်ရှောင်၂ သိန်းကျော်ကို အစားအစာ အပါအဝင် ဆေးဝါးနှင့် အမိုးအကာများ ထောက်ပံ့ပေးသင့်ကြောင်း KnHRG က တိုက်တွန်းထားသည်။
You may also like these stories:
AA နှင့်တိုက်ပွဲတွင် အထိအခိုက်များပြီးနောက် စစ်တပ်က အရပ်သားများကိုဝင်ဖမ်း
မတူပီတပ်ရင်းမှ ဗိုလ်မှူး အသတ်ခံရမှု လူ ၆ ဦးကို ဖမ်းထား
တိုက်ပွဲကြောင့် မိုးဗြဲပြည်သူများ မြို့ကိုစွန့်ခွာ ထွက်ပြေး
တိုက်ပွဲမဖြစ်ဘဲ မင်းတပ်မြို့နယ်မှ ရွာများအား လက်နက်ကြီးနှင့် ပစ်နေ