သတင်း

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး ဖြစ်နေ

စစ်ကောင်စီ ဗဟိုဘဏ်၏ ဒေါ်လာကန့်သတ်ချက်ကြောင့် ကုန်သွယ်ရာ၌ အရှုံးပေါ်လာနေသဖြင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်ရပ်လုနီးပါး ဖြစ်နေကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့နေသော ပြောင်း၊ ပဲ၊ နှမ်းနှင့် တခြားဆီထွက်သီးနှံများ ရောင်းချရာ၌ တရုတ်ယွမ်၊ ထိုင်းဘတ်ငွေတို့ကို မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ကုန်သွယ်ခွင့်ပြုရာမှ ယခုအခါ ဒေါ်လာဖြင့် သတ်မှတ် ခြင်း နှင့် ဗဟိုဘဏ်ငွေလဲနှုန်းအတိုင်း လဲလှယ်ရခြင်းတို့ကြောင့် ငွေကြေးကွာဟမှုများ ဖြစ်ပေါ်ပြီး အရှုံးပေါ် နေခြင်းဖြစ်သည်။

မူဆယ်ဒေသခံ ကုန်သည်ကြီးတဦးက “၁‌ ဒေါ်လာ ၁၈၅၀ နဲ့ ဗဟိုဘဏ်က ဖြတ်တယ်။ အခု အပြင်မှာပေါက်တဲ့ဈေးက ကျပ် ၂၄၅၀ ကျော် ပေါက်နေတော့ ငွေကွာဟချက်က တအားကြီးသွားတယ်။ အဲဒီတော့ ဒေါ်လာနဲ့ သတ်မှတ်တဲ့ ကုန်စည်တွေ၊ သီးနှံတွေက လုံးဝ အမြတ်မပေါ်ဘူး။ ရှုံးတယ်။ ကုန်ပို့တိုင်း ရှုံးပြီးရင်းရှုံး ဖြစ်နေတယ်။ ကုန်သွယ်မှုက ရပ်တန့်လုနီးနီးပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအခြေအနေများကြောင့် ယခု ဇူလိုင် ၁၈ ရက်မှစတင်ပြီး မူဆယ်ကုန်စည်ဒိုင်အတွင်းသို့ ကုန်ကားများဝင်ရောက်မှု ယခင်ကထက် နည်းပါးနေကြောင်း၊ ယခုအတိုင်း ဆက်သွားပါက ကုန်သွယ်ရေး ရပ်တန့်သွားမည့်အခြေအနေ ဖြစ်နေ ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ သတ်မှတ်ထားသည့် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ ၁ ဒေါ်လာ ၁၈၅၀ ကျပ်ဖြစ်ပြီး ယခု ဇူလိုင် ၂၁ ရက် ပြင်ပ ငွေလဲလှယ်နှုန်းမှာ ၂၄၅၀ ကျပ်ကျော် ပေါက်ဈေး ရှိနေသဖြင့် ၆၀၀ ကျပ်ကျော်အထိ ကွာဟမှု ရှိနေသည်။

“ကုန်သည်တွေအတွက် အကျိုးအမြတ်မရှိတော့ ကုန်သည်ကလည်း ဆက်မလုပ်ဘဲ စောင့်ကြည့်နေတဲ့သဘော ဖြစ်တယ်။ ဒါကြောင့် လမ်းမှာသွားနေတဲ့ ကားလောက်ပဲ ကုန်စည်ဒိုင်ထဲ အဝင်ရှိတယ်။ ဒီလိုသာဆိုရင် နောက်တပတ်
လောက်ဆို လုံးဝ ရပ်တန့်သွားမယ့်အနေအထား ရှိနေတယ်။ စီးပွားရေး အခြေအနေကတော့ တော်တော်လေး ဆိုးနေတယ်” ဟု ကုန်သည်တဦးက သုံးသပ်ပြောဆိုသည်။

ကုန်သည်များသည် တွက်ခြေမကိုက်သဖြင့် သီးနှံတင်ပို့မှုများကို ဆက်လက်လုပ်ဆောင်ခြင်း မရှိသဖြင့် ဈေးကွက်တွင် သီးနှံဈေးနှုန်းများ ကျဆင်းနေကြောင်း၊ ထို့ပြင် စစ်ကောင်စီက ပို့ကုန်တန်ဖိုးငွေ ကို ကြိုတင်ငွေလွှဲမှသာ လိုင်စင်ထုတ်ပေး ရန်နှင့် ငွေလွှဲဝင်မှု အထောက်အထားရရှိမှသာ လိုင်စင်ထပ်ချပေးရန် ကန့်သတ်ထားသောကြောင့် ဈေးကွက်အတွင်း ဝယ်လိုအားကျဆင်းနေကြောင်း သိရသည်။

မန္တလေးမှ ပဲ၊ ပြောင်း၊ နှမ်းကုန်သည်ကြီးတဦးက “ပြောင်းကတော့ တော်တော်လေးကျတယ်။ ကျန်တဲ့သီးနှံတွေကတော့ ရှေ့ရက်က ထုတ်ပြန်ချက်ကြောင့် ဈေးကျပေမယ့် တခြားအကြောင်းအရာတွေ ရှိနေသေးတော့ တက်လိုက်၊ ကျလိုက် ဖြစ် နေတယ်။ မြေပဲဆန်ဆိုရင် ဈေးကွက်လိုအပ်ချက် ရှိတယ်။ နောက်ပြီး ပဲက ဒီနှစ်စိုက်ပျိုးတဲ့သူနည်းတော့ ဈေးကွက်လိုအပ် ချက်ရှိတယ်။ အဲဒီတော့ ဈေးက ရှေ့ရက်ကကျတယ်။ ဒီနေ့တော့ နည်းနည်းလောက် ပြန်တက်တယ်ပေါ့”ဟု လက်ရှိ ဈေးကွက်အခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။

တရုတ်သို့ တင်ပို့သည့် နှမ်းမှာ ယခင်က ၄၅ပိဿာဝင် တအိတ်လျှင် ကျပ်၅သောင်းအထက်ရှိသော်လည်း ယခုအခါ ကျပ် ၄၃၀၀၀ခန့်သာ ရှိကြောင်း သိရသည်။

လက်ရှိ မူဆယ်နယ်စပ်တွင် ဆန်နှင့်ဆန်ကွဲမှာ ပုံမှန်ကုန်သွယ်မှု ရှိနေသော်လည်း ပြောင်း၊ မြေပဲ၊ ပဲအမျိုးမျိုး၊ နှမ်း၊ ဆီထွက် သီးနှံ၊ ရော်ဘာ၊ စားကုန်သောက်ကုန်များ စသည့် ကုန်စည်များမှာ တင်ပို့မှုနည်းပါးနေပြီး ကားအစီးရေ ၄၀၊ ၅၀ သာ အဝင်၊ အထွက် ရှိသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင်လည်း ပြောင်းတင်ပို့ရာတွင် စစ်ကောင်စီ၏ သတ်မှတ်ချက်များကြောင့် ကုန်သည် များ အရှုံးပေါ်နေပြီး လုပ်ငန်းရပ်ရမည့်အနေအထား ဖြစ်နေကြောင်း ကုန်သည်များက ပြောသည်။

မြဝတီနယ်စပ် ပြောင်းကုန်သည်ကြီးတဦးက “အခု အပြင်မှာပေါက်နေတဲ့ဈေးနဲ့ သတ်မှတ်တဲ့ဈေးနဲ့ဆို တော်တော်ကွာနေ တယ်။ အဲဒီတော့ သေချာပြန်တွက်ကြည့်ရင် တင်ရင်တင်သလောက် အရှုံးက ကြီးနေတယ်။ ကျပ်သိန်းရာချီ၊
ထောင်ချီ ရှိတယ်။ လုပ်ငန်းရပ်သွားမယ် ဆိုရင်တော့ ပွဲရုံရော၊ တောင်သူရော၊ ကားသမားရော ကွင်းဆက်တခုလုံး ထိခိုက်မယ့် အနေ အထားရှိနေပြီ” ဟု ပြောသည်။

ကုန်သည်များအနေဖြင့် တွက်ခြေမကိုက် အရှုံးပေါ်ထားသဖြင့် လာမည့်ရာသီတွင် သီးနှံများကို ဈေးနှုန်းချပြီး ဝယ်ယူရမည့် အခြေအနေများ ရှိလာမည့်အပြင် ကုန်သွယ်ရေးမှာလည်း တဖြည်းဖြည်းဆုတ်ယုတ်လာသည့် အခြေအနေ ဖြစ်နေကြောင်း ကုန်သည်များက ဆိုသည်။

ယခင်က ရှမ်းပြောင်း ၁ ပိဿာလျှင် ကျပ် ၁၀၀၀ ကျော်ရှိရာမှ စစ်ကောင်စီက ကုန်သွယ်ရေးတွင် ဒေါ်လာသတ်မှတ်ချက် များ ထုတ်ပြန်ပြီးနောက် ၁ ပိဿာလျှင် ကျပ် ၈၀၀ ကျော်ထိ ကျဆင်းနေကြောင်း သိရသည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ တလအတွင်း နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၃၃ ဒသမ ၁၃၃ သန်း တင်ပို့ထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြ ထားသည်။

You may also like these stories:

လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကား ရာချီပိတ်နေ

ကိုဗစ်ပိုး ပါသည်ဟုဆိုကာ မြန်မာ့ကုန်စည် ၇ မျိုး တရုတ် တင်သွင်းခွင့်ပိတ်

တရုတ်၏ နယ်နိမိတ်လုံခြုံရေး တိုးမြှင့်မှု နယ်စပ်ရှိ မြန်မာများ အခက်တွေ့

နယ်စပ်ပိတ်၍ တရုတ်သို့ ကြံတန်ချိန် ၇ သိန်းတင်ပို့ရန် အခက်ကြုံနိုင်

Loading