ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသော YBS ခရီးသည်တင်ယာဉ်လိုင်းတချို့ CNG ဂက်စ် လုံလောက်စွာ မရရှိသဖြင့် ယမန်နေ့မှ စတင်ပြီး ယာဉ်အစီးရေ လျှော့ချပြေးဆွဲနေရကြောင်း သိရသည်။
ထိုသို့ လျှော့ချပြေးဆွဲမှုကြောင့် YBS ကားများ မလာသဖြင့် ယမန်နေ့က ရုံးဆင်းချိန်တွင် ရန်ကုန်မြို့ ကားမှတ်တိုင်များ၌ အိမ်ပြန်မည့်ခရီးသည် အများအပြား စုပြုံနေသည့် ဓာတ်ပုံများလည်း လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ ဖြစ်သည့် Golden Yangon City Transportation Co.,Ltd (GYCT) ကုမ္ပဏီပိုင်ယာဉ်များနှင့် Bandoola Public Co.,Ltd (BDL) ကုမ္ပဏီယာဉ်လိုင်းများက ဂက်စ်အခက်အခဲကြောင့် ပုံမှန်ထက် ပြေးဆွဲမှုလျော့နည်းမည် ဖြစ်ကြောင်း ဇူလိုင် ၂၂ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဧရာဝတီက YBS ယာဉ်မောင်းတချို့အား မေးမြန်းကြည့်ရာ ရန်ကုန်မြို့တွင်းရှိ သဘာဝဓာတ်ငွေ့ဆိုင်များသို့ ပေးပို့နေသော ရေနက်ဆိပ်ကမ်းတခုရှိ ပိုက်လိုင်းပေါက်မှုကြောင့် ဓာတ်ငွေ့ဆိုင်တချို့ ဓာတ်ငွေ့ ယာယီပြတ်တောက်နေခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုကော်မတီ (YRTC) မှ တာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းရာ “CNG ဂက်စ်တွေ ပြန်ရပြီ။ ဒီနေ့ (ဇူလိုင် ၂၃ ရက်) နေ့လယ်လောက် ယာဉ်လိုင်းတွေအားလုံး ပြန်ထွက်မှာပါ။ ဒီမနက်ပိုင်းလည်း ထွက်တယ်။ ကားအစီးရေ ၁၄၀၀ လောက် ထွက်တယ်။ ဂက်စ်တွေလည်း လုပ်နေပါပြီ” ဟု ပြောသည်။
သို့သော် ဂက်စ်ပြတ်တောက်ရသည့် အကြောင်းအရင်းအား မေးမြန်းရာ “ကျနော်မသိဘူး” ဟုဆိုကာ ဖုန်းချသွားခဲ့သည်။
ရန်ကုန်မြို့တွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် နေ့စဉ် ယာဉ်လိုင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၁၉၄ စီးဖြင့် ပြေးဆွဲပေးလျက် ရှိနေကြောင်း YRTC ၏ ထုတ်ပြန်ချက်များအရ သိရသည်။
YBS ယာဉ်မောင်းတဦးက “ဂက်စ်လိုင်းပေါက်တာ၊ လျှပ်စစ်မီးမလာလို့ ဂက်စ်မရတာတွေလည်း ဖြစ်မှာပေါ့။ မနေ့က မနက် ၈ နာရီလောက်ထဲက CNG ဂက်စ် မရတော့ ည ၇/၈ နာရီလောက်ထိ တန်းစီရတာ။ တချို့ကားတွေဆို တခေါက်ပဲ ပြေးဆွဲ နိုင်တယ်။ အရင်ရက်ကတော့ ရုံးသွားချိန်ပဲ ၅ မိနစ် တစီးလောက် ထွက်တယ်။ အခုထိလည်း ကားတွေ တန်းစီပြီး ဂက်စ် ထည့်နေရတုန်းဆိုတော့ ပုံမှန်တော့ ပြန်မထွက်နိုင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်းရှိ သဘာဝဓာတ်ငွေ့ဆိုင်များသို့ ပို့လွှတ်ပေးနေသော ရေနက်ဆိပ်ကမ်းတခုရှိ ပိုက်လိုင်းတခုပေါက်မှုကြောင့် ဓာတ်ငွေ့ဆိုင်တချို့၌ ဓာတ်ငွေ့ ယာယီပြတ်တောက်နေခြင်းသာဖြစ်ပြီး ပိုက်သည် ရေထဲတွင်ပေါက်ခြင်းဖြစ်ကာ ပြန်လည် ပြုပြင်နေသည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်ကြောင်း ရေနံနှင့်ဓာတုလုပ်ငန်း (CNG ဌာနခွဲ) ထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ခရီးသည်များအား ကူညီသယ်ယူပို့ဆောင်ပေးနေသည့် ပရဟိတအသင်းမှ တာဝန်ရှိသူတဦးက “ယာဉ်လိုင်းတွေ ဒီနေ့မနက်မှာ ပြေးဆွဲတာတော့ ရှိတယ်။ ဒါပေမဲ့ နည်းသွားတာ တွေ့ရတယ်။ ကျနော်လည်း ကြည့်မြင်တိုင်ကနေ မြို့ထဲကို နှစ်ခေါက်ရှိပြီ ဆွဲပေးနေတာ။ ဒီနေ့ကတော့ ပိတ်ရက်လည်း ဖြစ်တယ်။ အခုက မနက်ပိုင်းလည်းဖြစ် တော့ မနေ့ညကဂတ်စ်ရတဲ့ ကားတွေလည်း ပြေးဆွဲနေတာရှိတော့ မနေ့ညနေကလိုတော့ ကားဂိတ်မှာ ခရီးသည်တွေ ပုံမနေသေးဘူး။ ညနေမှပဲ တချက်သိရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဂက်စ်ပိုက်လိုင်းပေါက်မှုကြောင့် CNG ဂက်စ်ဆိုင်များတွင် ဇူလိုင် ၂၂ ရက်မှစတင်ပြီး မော်တော်ယာဉ်များ ဂက်စ်ထည့်ရန် တန်းစီစောင့်ဆိုင်းနေရပြီး YBS ကားများ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရန် ၇ ရက်ခန့် ကြာမြင့်နိုင်မည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
မြောက်ဒဂုံမြို့နယ်မှ ကုမ္ပဏီဝန်ထမ်းတဦးက “ဂက်စ်မရလို့တဲ့ လိုင်းကားတွေ ကျိုးတိုးကျဲတဲပဲ ထွက်တယ်။ မှတ်တိုင်မှာ စီးမယ့်ကားကို နာရီဝက်ကျော်စောင့်ရတယ်။ လာတဲ့ကားကလည်း လူအပြည့် ဖြစ်တယ်။ တလမ်းလုံး ဆင်းမယ့်မှတ်တိုင် ရောက်တဲ့အထိ ကျပ်ညပ်နေတာပဲ။ အဲဒီတော့ အောက်ဆိုက်ကားတွေ ထွက်လာတယ်။ ပုံမှန် မြောက်ဒဂုံကနေ ဆူးလေကို ၃၀၀ ကျပ်ကို အောက်ဆိုက်ကားက ၁၅၀၀ ကျပ် ပေးရတယ်” ဟု ပြောသည်။