အာဏာသိမ်းပြီးနောက် ပြည်သူတွေအပေါ် စွပ်စွဲ ဖမ်းဆီး ထောင်ချမှုတွေ၊ ပစ်ခတ် သတ်ဖြတ်မှုတွေ ဆက်တိုက် ကျူးလွန် နေတဲ့ စစ်ကောင်စီက သူတို့ရဲ့ စစ်ခုံရုံးနဲ့ သေဒဏ်ချမှတ်ထားတဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ကို သေဒဏ် ကွပ်မျက် စီရင်လိုက်ပြီ ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
ဒါနဲ့ ပတ်သက်လို့ မိသားစုဝင်တွေ အနေနဲ့ ကြိုတင်သိရှိထားတာ မရှိတဲ့အတွက် ရန်ကုန် အင်းစိန်ထောင်ကို ရောက်လာ ခဲ့ကြပြီး သတင်း အတည်ပြုနိုင်ဖို့ ကြိုးစားခဲ့ကြတဲ့အခါမှသာ ထောင်အာဏာပိုင်တွေက မှန်ကန်တယ်လို့ ပြောခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကွပ်မျက်ခြင်း ခံလိုက်ရတဲ့ လေးဦးစလုံးရဲ့ သေဆုံးနေတဲ့ ရုပ်ခန္ဓာတွေကိုတော့ မိသားစုတွေဟာ အခုချိန်ထိ မြင်တွေ့ခွင့်၊ ရယူခွင့် မရရှိခဲ့တဲ့အပြင် ဘယ်နေ့၊ ဘယ်အချိန်မှာ ကွပ်မျက်လိုက်တယ် ဆိုတာကိုတောင် သိခွင့် မရခဲ့ကြပါ ဘူး။
ဒီလို ကွပ်မျက်ခြင်း ခံလိုက်ရတဲ့သူတွေထဲ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဖြစ်သူ ကိုဂျင်မီနဲ့ ဟစ်ဟော့ဂီတအဖွဲ့ ACID ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော် တို့ကို လူသိများ ပေမယ့် ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ကိုတော့ သိရှိသူ နည်းပါး ပါတယ်။
ကွပ်မျက်ခံရချိန်မှာ အသက်၂၇ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်သူရဇော်ဟာ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ဇနီးဖြစ် သူနဲ့ ၉ လသားအရွယ် ကလေးငယ်လေး ကျန်ရစ်ခဲ့ပါတယ်။
သူ့ကို စစ်ကောင်စီက စတင် ဖမ်းဆီးသွားချိန်ကတည်းက ဇနီးဖြစ်သူမှာ ကိုယ်ဝန်၂ လနဲ့ ကျန်နေခဲ့ရတာဖြစ်ပြီး နေ့စေ့လစေ့ ရောက်ချိန်မှာ ပုံမှန်အတိုင်း မွေးဖွားနိုင်ခြင်း မရှိခဲ့လို့ ဆေးရုံတက် ခွဲစိတ်ကာ မွေးခဲ့ရတယ်လို့လည်း သိရပါတယ်။
သူတို့ကို မကွပ်မျက်မီ စစ်ကောင်စီဘက်က မိသားစုနဲ့ နောက်ဆုံး တွေ့ဆုံခွင့်အနေနဲ့ ဆက်သွယ်ပြောကြားလာတဲ့ ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီမှာ ကိုအောင်သူရဇော်ရဲ့ မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်စန်းဟာ အင်းစိန်ထောင်ကို သွားရောက် တွေ့ဆုံခဲ့ပါ တယ်။
ဒီလို တွေ့ဆုံဖို့ ဆက်သွယ်လာချိန်မှာ ကိုအောင်သူရဇော်ရဲ့ ဇနီးဖြစ်သူက အလုပ်ဆင်းနေရတဲ့အတွက် သွားရောက် တွေ့ဆုံ နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီလိုမျိုး မတွေ့ဆုံလိုက်တာဟာလည်း သူတို့ရဲ့ နောက်ဆုံး တွေ့ဆုံခြင်း ဖြစ်လိမ့်မယ်လို့ မထင်ထားမိခဲ့လို့ပဲ ဖြစ်ပါတယ်။
မိခင်ဖြစ်သူ အနေနဲ့လည်း သားဖြစ်သူနဲ့ သွားရောက် တွေ့ဆုံပြီး ပြန်လာတဲ့အထိလည်း ကွပ်မျက်တာနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်တွေဘက်က တစုံတရာ အသိပေး ပြောကြားခဲ့တာ မရှိခဲ့ပါဘူး။
ဒီအတွက် သွားတွေ့စဉ်တုန်းက သားဖြစ်သူကို ပိန်နေမယ်လို့ တွေးထင်ထားတဲ့ ဒေါ်မြင့်မြင့်စန်းဟာ သားဖြစ်သူကို ဝဝဖြိုးဖြိုးနဲ့ အွန်လိုင်းကတဆင့် တွေ့လိုက်ရလို့ စိတ်ချမ်းသာပြီး ပြန်လာခဲ့ရတယ်လို့လည်း ဆိုပါတယ်။
“သားတယောက်လုံး သေရတာဆိုတော့ မရှုမလှကို ခံစားရတာပေါ့။ သားသမီးဆိုတော့ ပိုပြီး ဆိုးတာပေါ့။ ၂၃ ရက်က ညနေ ၅ နာရီ သွားတွေ့ပါတယ်။ အဲဒီက ကိုယ်ကထင်တာက သူက ပိန်ချုံးနေမယ် ထင်ထားတာ၊ တကယ်တွေ့တော့ သူက ဝဝဖြိုးဖြိုးနဲ့ဆိုတော့ တကယ် စိတ်ချမ်းသာပြီး ပြန်လာခဲ့ပါတယ်။ သားကြီးကလည်း သားကို နောက်တခါ ပါဆယ်လေး ပို့ လို့ရှိရင် သွားတိုက်ဆေးရယ်၊ ဖိနပ်ရယ်၊ သွားပွတ်တံလေးရယ် အဓိကထားပြီး ယူလာခဲ့ပေးပါတဲ့ မှာတယ်”
“သားရယ် သွားတိုက်ဆေးနဲ့ သွားပွတ်တံကတော့ အမေ အခု သယ်လာခဲ့တယ်။ ဖိနပ်ကတော့ အမေ ပိုက်ဆံ ပို့တဲ့ တနင်္လာနဲ့ အင်္ဂါနေ့လောက်မှာ သားအတွက် လာပို့ပေးမယ်လို့ ပြောခဲ့တာ။ အဲဒီနေ့မှာ ဖိနပ်ပါ ဝယ်လာခဲ့ပေးမယ်ပေါ့” လို့ သားအမိ နှစ်ဦး ပြောဖြစ်ခဲ့တာတွေကို မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။
ဒါ့ပြင် ထောင်အာဏာပိုင်တွေကိုလည်း “ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ကျမကို ပြောပါ ဆရာရယ်။ ခံနိုင်ရည်ရှိအောင် ကျမ ကြိုးစားထားပါတယ်” လို့ ပြောခဲ့သေးကြောင်းကိုလည်း ဒေါ်မြင့်မြင့်စန်းက ပြောပါတယ်။
ဒါပေမယ့် သားဖြစ်သူနဲ့ တွေ့ခဲ့ပြီး နှစ်ရက်အကြာ မနက်ခင်းမှာတော့ ကွပ်မျက်လိုက်ပြီဆိုတဲ့ သတင်းတွေကြောင့် ဒေါ်မြင့်မြင့်စန်းအနေနဲ့ ရပ်ကွက်ရုံးကို သွားခဲ့ပြီး မေးမြန်ခဲ့ရာမှာတော့ အမှန်တကယ် သတ်လိုက်ကြပြီဆိုတာကို သိရှိခဲ့ရ ပါတယ်။
“ရပ်ကွက်ရုံး သွားမေးမှ ဟုတ်တယ် အစ်မ၊ အတိအလင်း လုပ်လိုက်ပြီလို့ ပြောတယ်။ လုပ်လိုက်ပြီဆိုလည်း သားရဲ့ ရုပ်ကလာပ်လေးကို မြင်ခွင့်ရှိသေးလား၊ သယ်ခွင့်ရှိသေးလား မေးတော့ ဘာမှမရှိတော့ဘူးလို့ ပြောတယ်” လို့ ကိုအောင် သူရဇော်ရဲ့ မိခင်က ပြောပါတယ်။
သားဖြစ်သူ သေဆုံးတာကို သိလိုက်ရတဲ့ မိခင်တယောက်အနေနဲ့ ထိခိုက်ခံစားရပေမယ့်လည်း သားဖြစ်သူအတွက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။
“သားတယောက်လုံး ဒီလိုဖြစ်သွားတော့ ပူဆွေးသောက တကယ် ရောက်ရပါတယ်၊ မနေနိုင်၊ မထိုင်နိုင်လောက်အောင်ကို ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း သားရဲ့ လုပ်ရပ်ကို အန်တီ ဂုဏ်ယူပါတယ်။ သူ့ရဲ့ မိသားစုကိုတောင် စွန့်ခွာပြီး ဒီလိုလုပ်ခဲ့ တာကိုလည်း ဘာပဲဖြစ်နေဖြစ်နေ သားကြီးအတွက် ဂုဏ်ယူတယ်” လို့ ဒေါ်မြင့်မြင့်စန်းက ပြောပါတယ်
သားဖြစ်သူအတွက် နောက်ဆုံး ဆန္ဒအနေနဲ့လည်း “တကယ်လို့ ရုပ်အလောင်းလေး ရှိသေးတယ်ဆိုရင် မြင်ခွင့်လေး ရချင် ပါတယ်။ သားကြီးရဲ့ ဈာပနလေးလုပ်၊ ဆွမ်းလေးကပ်ပေးချင်ပါတယ်” လို့ ကိုအောင်သူရဇော်ရဲ့ မိခင်က တောင်းဆိုထားပါ တယ်။
ကိုအောင်သူရဇော်လိုပဲ စစ်ကောင်စီရဲ့ ကွပ်မျက်တာ ခံလိုက်ရသူကတော့ လှိုင်သာယာမြို့နယ်မှာပဲ နေထိုင်တဲ့ ၄၁ နှစ် အရွယ် ကိုလှမျိုးအောင် ဖြစ်ပါတယ်။
သူ စတင် ဖမ်းဆီးခံရကတည်းက ဇနီးဖြစ်သူ မကြူကြူသင်း၊ သားဖြစ်သူတို့ အပါအဝင် အတူနေ မိသားစု အချို့လည်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပြီး တလခန့်အကြာမှာတော့ သားဖြစ်သူနဲ့ ယောက္ခမဖြစ်သူတို့သာ လှိုင်သာယာအချုပ်ကနေ ပြန် လွတ်မြောက်ခဲ့ပါတယ်။
ဖမ်းဆီးခံရပြီးတဲ့နောက် ကိုလှမျိုးအောင် အနေနဲ့ သေဒဏ်ချမှတ်ခံရပြီး ဇနီးဖြစ်သူကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၃ နှစ် ချမှတ်ခံရကာ လတ်တလော ကျိုက်မရောထောင်မှာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။
ယခု ကိုလှမျိုးအောင်အနေနဲ့ ကွပ်မျက်ခံရချိန်မှာတော့ ဇနီးဖြစ်သူဟာလည်း ထောင်ကျခံနေရဆဲဖြစ်သလို သားသမီးနှစ်ဦး လည်း ကျန်ရစ်ခဲ့ပါတယ်။
သေဒဏ် ချမှတ်ခံရသူတွေထဲ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်တို့အနေနဲ့ နောက်ဆုံးအနေနဲ့ မိသားစုဝင် တွေနဲ့ တွေ့ဆုံခွင့် ရခဲ့ကြပေမယ့် ကိုလှမျိုးအောင်ကတော့ မိသားစုနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့လည်း ဇနီးဖြစ်သူရဲ့ ဖခင်ဖြစ်သူ ဦးမြင့်ဦးက ပြောပါတယ်။
ကိုလှမျိုးအောင်အနေနဲ့ ပြစ်ဒဏ်ချခံရပြီးနောက် တောင်ငူထောင်ကို ပြောင်းရွှေ့ ချုပ်နှောင်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက သေဒဏ်အတည်ပြုပြီးမှသာ အင်းစိန်ထောင်ကို ပြန်လည် ပြောင်းရွှေ့ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
ဦးမြင့်ဦးက “ပထမက တောင်ငူထောင်မှာ ထားတာ။ သေဒဏ်မိန့်တွေ အတည်ပြုလိုက်ပြီဆိုတော့ အင်း စိန်ကို ပို့တယ်။ သွားစုံစမ်းတော့ မရှိဘူးပဲ ပြောတယ်။ သုံးခေါက်သွားတာ သုံးခါလုံး မတွေ့ရဘူး။ သေပြီ ဆိုတာတောင် ကိုယ်တွေ အိမ်ကို အကြောင်း မကြားဘူး။ သွားပြီး စုံစမ်းမှ သိရတာ။ မကွပ်မျက်ခင် နောက်ဆုံးအနေနဲ့တောင် မတွေ့လိုက် ရဘူး” လို့ ပြောပါတယ်။
ကွပ်မျက်ခံရလိုက်တာကို ယနေ့မနက်က အင်းစိန်ထောင်ကို သွားရောက် စုံစမ်းရာမှာလည်း ကွပ်မျက်တာကို အတည်ပြု နိုင်ခဲ့ပေမယ့် ကိုလှမျိုးအောင်ရဲ့ ရုပ်အလောင်းကို ပြန်မရခဲ့ဘူးလို့လည်း ဆိုပါတယ်။
ကိုလှမျိုးအောင် ကွပ်မျက်ခံလိုက်ရတာနဲ့ ပတ်သက်လို့လည်း တစုံတရာ မှတ်ချက်ပေးပြောကြားလိုတာ မရှိတော့ဘူးလို့ လည်း ဦးမြင့်ဦးက ဆိုပါတယ်။
“ပြောလို့လည်း ဘာမှဖြစ်လာတော့မှာမှ မဟုတ်တာ၊ ကျန်တဲ့သူတွေ သူတို့လို မဖြစ်ဖို့ဘဲ ဆုတောင်းပါတယ်။ ကျန်တဲ့ သေဒဏ်ချ ခံထားရသူတွေကိုလည်း သူတို့လို မဖြစ်စေချင်တော့ဘူး၊ သူတို့ကို သေဒဏ်ကနေ လွတ်စေချင်တယ်” လို့သာ ဦးမြင့်ဦးက ဆုတောင်းစကား ဆိုပါတယ်။
ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လအတွင်းမှာ လှိုင်သာယာမြို့နယ်က အမျိုးသမီးတဦးကို စစ်ကောင်စီ သတင်းပေး ဒလန်လို့ စွပ်စွဲ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေလို့ အာဏာသိမ်း စစ်ကောင်စီ က စွပ်စွဲ ဖမ်းဆီကာ စစ်ခုံရုံးနဲ့ သေဒဏ်ချခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေအတွက် သေဒဏ်ကွပ်မျက်တာ ခံလိုက်ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရ ဇော်နဲ့ ကိုလှမျိုးအောင်တို့ လေးဦးစလုံး တရားဥပဒေနဲ့အညီ ခုခံချေပခွင့် မရခဲ့ကြဘဲ စစ်ကောင်စီကသာ တဖက်သတ်စီရင် ကွပ်မျက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးအပေါ် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အထိ မကျင့်သုံးခဲ့တဲ့ သေဒဏ်ကို ပထမဆုံးအဖြစ် ပြန်လည်ကျင့်သုံးပြီး ကွပ်မျက်လိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီလို စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်တွင်းပြည်ပက အဖွဲ့တွေကြားမှာရော၊ ပြည်သူတွေကြားမှာရော၊ တော်လှန်ရေး အင်အားစုတွေ အတွက်ပါ ရိုက်ခတ်ခဲ့ပြီး ဝေဖန်ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ မတရားသဖြင့် ပေးတဲ့ သေဒဏ် စီရင်ချက်ကြောင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေသူတွေကြား မှာ သွေးပျက် ခြောက်ခြားမသွားဘဲ နားကြည်းခံပြင်းမှုတွေနဲ့အတူ တော်လှန်ရေး ခရီးလမ်းမှာ အသက်ပေးသွားတဲ့သူတွေ အတွက်ပါ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ဆုံးခန်းတိုင် သွားရမယ်ဆိုတာကို ခိုင်ခိုင်မာမာ ကြွေးကြော်နေကြပါ တော့တယ်။ ။
You may also like these stories:
သေဒဏ်ကျ ဒီမိုကရေစီရေးတိုက်ပွဲဝင်သူများ အသက်ရှင်ခွင့် ရှိရမည်
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်
မင်းအောင်လှိုင်ရဲ့ ကြိုးမိန့် နဲ့ နိုင်ငံရေးလက်စားချေပွဲ