ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း တဦး စစ်ကြောရေးတွင် သေဆုံးသွားကြောင်း သိရသည်။
ပရဟိတ လူမှုကူညီရေးသမား အသက် ၄၅ နှစ်အရွယ် ကိုလှထူးကို ရဲနှင့် စစ်သားများက ပြည်သူ့ကာကွယ်ရေးတပ်များအား ထောက်ပံ့သည်ဟု စွပ်စွဲကာ စနေနေ့ညက အိမ်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် စစ်ကြောရေးစခန်းတွင် သေသည်အထိ နှိပ်စက်ခဲ့ကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အခြား ၃ ဦးနှင့်အတူ ကြိုးပေးကွပ်မျက်ခံခဲ့ရသော NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် ပြီးလျှင် သူသည် စစ်ကောင်စီက သတ်ဖြတ်သော ဒုတိယမြောက် NLD ပါတီဝင် ဖြစ်လာသည်။
တနင်္လာနေ့တွင် ကိုလှထူးသေဆုံးမှုနှင့်ပတ်သက်၍ မိသားစုထံ စစ်ကောင်စီက အကြောင်းကြားခဲ့သော်လည်း မြင်တွေ့ခွင့်မရခဲ့ပေ။
ကိုလှထူးသည် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မွန်းလွဲပိုင်းတွင် အလောင်းကို မီးသဂြိုလ်ခဲ့သည်ဟု ၎င်းတို့ကပြောကြောင်း နီးစပ်သည့် အသိုင်း အဝိုင်းက ဧရာဝတီသို့ ပြောသည်။
“ကိုလှထူးက နှလုံးရောဂါရှိပေမယ့် အဖမ်းခံရတဲ့အချိန်မှာ ကျန်းမာရေးကောင်းတယ်။ နှလုံးရောဂါနဲ့ သေဆုံးသွားတာကို မယုံဘူး” ဟု နီးစပ်သူတဦးက ပြောသည်။
ကိုလှထူးသည် ဆိုဖာထုတ်လုပ်သူဖြစ်ပြီး မင်္ဂလာတောင်ညွန့် မီးရထားရပ်ကွက်တွင် လူမှုရေးကူညီမှုဖြင့် လူသိများသည်။
“ရပ်ကွက်ထဲက လူတိုင်း ဝမ်းနည်းနေကြတယ်။ တချို့ ငိုတယ်” ဟု ပြောသည်။
NLD အမတ်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် သာမာန်အဖွဲ့ဝင်များ လိုက်လံဖမ်းဆီးသတ်ဖြတ်ခံနေရသည်ဟု NLD အမတ် ဦးဘိုဘိုဦးက ဧရာဝတီသို့ ပြောသည်။
“ပြီးခဲ့တဲ့ သုံးလအတွင်းမှာ အခြေအနေက ပိုဆိုးလာတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီး NLD ကန့်ဘလူမြို့နယ် အလုပ်အမှုဆောင် ဦးကျော်မြင့်သည် စစ်အစိုးရ လိုလားသော ပြည်သူ့စစ်၏ ပစ်ခတ်မှုကြောင့် ဇူလိုင် ၈ ရက်က သေဆုံးခဲ့သည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းနှင့် ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ ဇွန်လအတွင်း စစ်အစိုးရက သတ်ဖြတ်ခံခဲ့ရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင် ၉၁၇ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂၁၆ ဦး ပြန်လွှတ်ပေးခဲ့သည်။ လွှတ်တော်အမတ်တဦးအပါအဝင် အနည်းဆုံး ၁၈ ဦးသည် စစ်ကြောရေးကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုနှင့် အကျဉ်းထောင်အတွင်း ဆေးကုသမှုခံယူမှု နည်းပါးခြင်းကြောင့် သေဆုံးခဲ့ကြောင်း NLD ပါတီမှ သိရသည်။
You may also like these stories:
ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်
ကြိုးပေးကွက်မျက်သောကြောင့် စစ်ကောင်စီကို ကမ္ဘာက ရှုတ်ချ
စစ်ကောင်စီ ကွပ်မျက်ခြင်းခံလိုက်ရသူ ၄ ဦးထဲက လူသိနည်းသူ ၂ ဦး
၆ နှစ်အရွယ် ကလေးနှင့် မိသားစုအား အာဏာသိမ်းတပ် ပစ်သတ်ဟု မိုင်းရှုးမြို့ခံများပြော
ပြေးစရာ မြေမရှိတော့တဲ့ အညာ စစ်ရှောင်များ