စစ်ကောင်စီက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို ကွပ်မျက်လိုက်ပြီးနောက် မြန်မာကို ပိုမိုဖိအားပေးရန် အမေရိကန်ပြည်ထောင်စုက တရုတ်ကို တိုက်တွန်းလိုက်သည်။
တရုတ်သည် အခြားမည်သည့်နိုင်ငံထက်မဆို မြန်မာအပေါ် သြဇာရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးးဌာန ပြောခွင့်ရသူ နက်ဒ်ပရိုက်စ်ပြောသည်။
“ အခုထက် ပိုမိုလုပ်ဆောင်ဖို့ ကမ္ဘ့ာ့နိုင်ငံတွေကို ကျနော်တို့ တောင်းဆိုနေတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ဒီထက်မက လုပ်ဆောင်မယ်” ဟုလည်း သူပြောသည်။
သို့သော် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးက တရုတ်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ကြောင်းပြောသည်။
ကွပ်မျက်မှုများနှင့်ပတ်သက်ပြီး မေးမြန်းသောအခါ ကျောက်လီကျန်းက မြန်မာသည် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုသင့်ကြောင်းပြောသည်။
မြန်မာနှင့် မည်သည့်ပြဿနာမျှ မရှိသလိုနေ၍ မဖြစ်နိုင်ကြောင်း ပရိုက်စ်က ပြောကြားလိုက်ပြီး မြန်မာသို့ စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုမှု မပေးရန် နိုင်ငံအားလုံးကို တောင်းဆိုသည်။
စစ်ကောင်စီ၏ ဝင်ငွေများကို ဖြတ်တောက်ရန် နည်းလမ်းအားလုံး အမေရိကန်ပြည်ထောင်စုက ထည့်သွင်းစဉ်းစားကြောင်း သူပြောသည်။
ကွပ်မျက်ခံရသူများတွင် တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ပါဝင်သည်။
လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းပြီးနောက်တွင် အကြမ်းဖက်သည်ဟု စွပ်စွဲပြီး ထိုတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့၏ အယူခံများကို ဇွန်လက ပယ်ချခဲ့သည်။
အခြားလူသိနည်းသည့် တက်ကြွလှုပ်ရှားသူနှစ်ဦးမှာ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် စစ်ကောင်စီ၏ ဒလန်အမျိုးသမီးတဦးကို သတ်ဖြတ်သည်ဟုဆိုကာ သေဒဏ်ပေး ခံရခြင်းဖြစ်သည်။
အလားတူ စီရင်မှုမျိုးဖြင့် မြန်မာတွင် သေဒဏ်ပေးခံထားရသူ ၁၀၀ ကျော်ရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သတိပေးထားသည်။
ထိုကွပ်မျက်မှုများကို နိုင်ငံတကာအသိုက်အဝန်းက ဝေဖန်ရှုတ်ချသည်။
ဥရောပသမဂ္ဂ၊ သြစတြေးလျှ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ပူးတွဲထုတ်ပြန်ကြေညာချက်တစောင်တွင် ထိုကွပ်မျက်မှုများသည် စစ်ကောင်စီ၏ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်မှုကို ဖေါ်ပြသည့် နောက်ထပ်ဥပမာဖြစ်သော ယုတ်မာသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု ဖေါ်ပြသည်။
စစ်ကောင်စီအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် ညှိနှိုင်းသဘောတူထားသည့် တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ငြိမ်းချမ်းရေးရရှိအောင်လုပ်ရန် တာဝန်ကို လိုက်နာရန်လည်း ထိုနိုင်ငံများက တောင်းဆိုသည်။
သို့သော် ASEAN ၏ အစီအစဉ်သည် အချိန်နှောင်းနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာရှယ် BBC သတင်းဌာနသို့ လွန်ခဲ့သောနှစ်က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကို လိုလားသောနိုင်ငံများအနေဖြင့် ပိုမိုအားထုတ်လုပ်ကိုင်သင့်ကြောင်းပြောသည်။
“အဲဒီအစီအစဉ်ကို ရှေ့ဆက်လုပ်နိုင်မယ့် အစီအစဉ်လို့ ခဏခဏ ပြောနေပေမယ့် တကယ်တော့ မဟုတ်ဘူး” ဟုလည်း သူမှတ်ချက်ချသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဘ္ဘဒူလာက အာဆီယံ၏ ဝန်ကြီးအဆင့် အစည်းအဝေးများ၌ မြန်မာကိုယ်စားလှယ်ကို မဖိတ်ကြားရန် တိုက်တွန်းခဲ့သည်။
ကိုးကား။ ။ BBC ၏ Myanmar executions: US urges China to condemn Myanmar
You may also like these stories:
ကြိုးပေးကွက်မျက်သောကြောင့် စစ်ကောင်စီကို ကမ္ဘာက ရှုတ်ချ
စစ်ကောင်စီ ကွပ်မျက်ခြင်းခံလိုက်ရသူ ၄ ဦးထဲက လူသိနည်းသူ ၂ ဦး
ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်