အာဏာသိမ်း စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားကြသည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦး အား ကွပ်မျက် သတ်ဖြတ်လိုက်သည့်အပေါ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ယနေ့ ဇူလိုင်လ၂၆ ရက်တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူဦးရေထောင်နှင့်ချီက စစ်အာဏာရှင်က မတရားသဖြင့် သတ်ဖြတ်လိုက်သည့် ၄ ဦးအတွက် စစ်အာဏာရှင်ကို ရှုတ်ချကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ဘန်ကောက်မြို့ရှိ ဆန္ဒပွဲ ဦးဆောင်သူတဦး ဖြစ်သည့် ကိုကြည်ဝေက “မနေ့က ကျနော်တို့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ လေးဦး မတရားသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လိုမှ မခံစားနိုင်လို့ အခုလို စစ်အာဏာရှင် ကျဆုံးပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မင်းအောင်လှိုင်ကို ပိုက်ဆံရှာပေးနေတဲ့ ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြတာပါ” ဟု ပြောသည်။
ဘန်ကောက်မြို့ရှိ ဆန္ဒပြပွဲအား ထိုင်းရောက် မြန်မာများ၊ ကျောင်းသားလူငယ်များ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ တော်လှန်ရေးကို ငွေကြေးနှင့် လိုအပ်သည်များ ထောက်ပို့ပံ့ပိုးပေးနေသည့် အဖွဲ့များလည်း တက်ရောက် ဆန္ဒပြခဲ့ကြ သည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် အလုပ်သမားများမှာလည်း အလုပ်ဖွင့်ရက်ဖြစ်နေသည့်အတွက် အလုပ်မှ ခွင့်ရက်ယူခြင်း၊ နေ့တဝက် အလုပ်ဆင်း၍ လာရောက် ပူးပေါင်းခြင်းတို့ ရှိကြောင်း သိရသည်။
ဘန်ကောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “သူ့နည်းသူ့ဟန်နဲ့ အလုပ်တွေ ဘယ်အချိန် နားကြမယ်ဆိုပြီး အချင်းချင်း ချိတ်ဆက်ပြီးတော့ လုပ်ကြတယ်။ လုပ်သား တဦးအနေနဲ့ သူများနိုင်ငံမှာ တရက် အလုပ်ပျက်လိုက်ရင် လုပ်အားခရယ်၊ အချိန်ပိုကြေးရယ် ပေါင်းလိုက်ရင် ဘတ် ၅၀၀ လောက် ကုန်မယ်။ နေရာအသီးသီးကနေ ဆန္ဒပြတဲ့နေရာကို လာကြမယ်ဆိုရင် သွားလာစရိတ်နဲ့ဆို ထောင် ဘတ် ၁ ထောင်ကျော်လောက် ကုန်ကျပြီး သွားရတာ ဖြစ်ပါတယ်။ သူတို့စိတ်ဓာတ်တွေ ပြင်းပြနေတယ်ဆိုတာ ပေါ် လွင်နေပါတယ်” ဟု ပြောသည်။
ထိုသို့ မြန်မာပြည်သူများ သံရုံးရှေ့၌ ကြွေးကြော်ဆန္ဒပြပွဲ ပြုလုပ်ချိန်၌ မိုးများလည်း ရွာသွန်းလျက်ရှိပြီး မိုးရေထဲ တွင်ပင် ဆန္ဒပြပွဲကို ၁ နာရီကျော်ကြာကြာပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဘန်ကောက်မြို့အပြင် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ Thapae Gate တွင်လည်း မြန်မာလူငယ်များနှင့် ထိုင်း လူငယ်တို့ ပူးပေါင်း၍ “ကြယ်တွေ ကြွေနေတယ်” ဟု အမည်ပေးထားသည့် Performance Art ကို ပြသခဲ့သည်။
အဆိုပါ ချင်းမိုင် ဆန္ဒဖော်ထုတ်ပွဲတွင် စစ်အာဏာရှင်ကို ကျိန်စာတိုက်ခြင်း ပုံစံ သရုပ်ဖော်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည့် အပြင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်းလည်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဒီမိုကရေစီလှုပ်ရှားသူ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အပြင် စစ်အာဏာရှင် ထောက်တိုင် သတင်းပေး တဦးကို သတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ပေးခံရသည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်ပြီးဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ဇူလိုင်လ၂၅ ရက် က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံသားများသာမက ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအသီးသီးက ပြစ်တင် ရှုတ်ချ ခဲ့ကြသည်။
ယနေ့တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချသည့်အနေဖြင့် ထိုင်းနိုင်ငံသာမက လန်ဒန်မြို့ရှိ မြန်မာ သံရုံးရှေ့ ၊ အမေရိကန် နယူးယောက်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့ ၊ ပြင်သစ်နိုင်ငံ မြန်မာသံရုံးရှေ့ ၊ ဂျပန်ရောက် မြန် မာများက တိုကျိုမြို့ရှိ ရှီဘူရမြို့နယ် ကုလသမဂ္ဂ (UN) ရုံးရှေ့ အစရှိသည့် နေရာများတွင်လည်း စစ်အာဏာရှင် ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
You may also like these stories:
ပြည်သူနှင့် နိုင်ငံတော်ကြား တရားမျှတရေးအတွက် ကွပ်မျက်ခြင်းဖြစ်ဟု စစ်ကောင်စီပြော
ကြိုးပေးကွက်မျက်သောကြောင့် စစ်ကောင်စီကို ကမ္ဘာက ရှုတ်ချ
စစ်ကောင်စီ ကွပ်မျက်ခြင်းခံလိုက်ရသူ ၄ ဦးထဲက လူသိနည်းသူ ၂ ဦး