စစ်ကိုင်းတိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများအပြင် ရွာမီးတိုက် ရှို့မှုများကြောင့် အညာဒေသ စစ်ရှောင်များမှာ နေရပ်သို့ မပြန်နိုင်တော့ဘဲ အခက်ခဲအကျပ်တည်းများစွာနှင့်ပင် စစ်ရှောင် နေရလျက် ရှိကြောင်း သိရသည်။
ယခုအခါ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်များမှာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများကဲ့သို့ စိုးမိုးနယ်မြေ မရှိသဖြင့် သီးခြား စစ်ရှောင်စခန်း ဖွင့်လှစ်ထားနိုင်ခြင်းမျိုး မရှိဘဲ ဘေးလွတ်ရာ ကျေးရွာများအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းများအတွင်း၌ စုပေါင်းနေထိုင်ခြင်း၊ နီးစပ်ရာ တောတောင်များနှင့် လယ်ယာမြေများအတွင်း ယာယီ တဲထိုးနေထိုင် ကြရခြင်းတို့ဖြင့် ပုံစံမျိုးစုံ စစ်ဘေးရှောင်နေကြလျက်ရှိသည်။
စစ်ဘေးရှောင်များကို ကူညီနေသည့် ဒီပဲယင်းမြို့ နယ် ညီနောင်များအဖွဲ့က “စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာ ရက်ရှည် လာတော့ အခက်အခဲတွေ အများကြီး ရှိလာတယ်။ စစ်ရှောင်တွေကတော့ သက်ကြီးရွယ်အိုကနေ ကလေးငယ်တွေအထိ အချို့က ခြေလျင်၊ အချို့က နွားလှည်း၊ အချို့က ကားတွေနဲ့ စုပြီး ပြေးနေကြရတာပေါ့။ အဲဒီလို ပြေးပြီးတော့ ကျေးရွာတွေ မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဘေးလွတ်တဲ့ နေရာတွေမှာ စုပြုံပြီးတော့ နေ နေကြရတာပေါ့။ အခု အချိန်မှာ ပြန်လည်ထူထောင်ရေး ဆိုတာ မစဉ်းစားရဲသေးဘူး” ဟု ပြောသည်။
ထို့ပြင် ဒေသခံ အများစုသည် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခံရခြင်းများကြောင့် မကြာခဏ စစ်ဘေးရှောင်နေကြရသဖြင့် ဒေသခံများသည် အလုပ်အကိုင် ရှားပါးပြီး စား ဝတ်နေရေးနှင့် ပြည်လည် ထူထောင်ရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရခြင်း ဟု သိရသည်။
“စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့၊ ပြည်သူတွေကို ဖမ်းဆီးဆိုတော့ ကိုယ်လွတ်ရုန်း ပြေးကြရတာပဲ။ လက်ရှိမှာ တော့ နေထိုင် စားသောက်ရေးက အဓိက လိုအပ်နေတာပေါ့။ နောက်ပြီး ဆေးဝါးနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေ တာပေါ့။ အချို့ စစ်ရှောင်ကြတဲ့ နေရာတွေမှာဆိုရင် ကျေးရွာတွေက ချက်ပြုတ်ကျွေးမွေးကြပေမယ့် လူများရင် အတော် အခက်ကြုံပါတယ်။ ဒါပေမယ့်လည်း အချို့ ကျေးရွာတွေကတော့ အိုးသူကြီးတွေကနေ စုပေါင်းပြီး ချက်ပြုတ် ကျွေးမွေး နေတာမျိုး ရှိတယ်” ဟု ပြောသည်။
ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များကို တပိုင်တနိုင် ကူညီထောက်ပံ့နေသည့် ရွေဘို စစ်ဘေးဒုက္ခသည် ကူညီရေး အသင်းက တာဝန်ရှိသူတဦးကလည်း “ကျန်းမာရေးပိုင်းမှာလည်း ဆရာဝန်၊ သူနာပြု စတဲ့ ကျန်းမာရေးဝန်ထမ်းတွေ မပြည့် စုံဘူး။ CDM လုပ်ထားကြတဲ့ ဆရာဝန်တွေကလည်း နှစ်ဖက် ကြောက် ကြောက်နေရတာဆိုတော့ လူရှေ့ထွက်ပြီး အသိပေး တာမျိုး မရှိသလောက် နည်းနေပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေမှုနှင့်အတူ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်များက ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ တန့်ဆည်၊ ကန့်ဘလူမြို့နယ်များမှ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်နေကြခြင်းဟု သိရသည်။
တန့်ဆည်မြို့နယ်မှ စစ်ဘေးရှောင် ဒေသခံတဦးက “အခုတော့ တောထဲမှာ ဖြစ်သလို နေနေကြရတာပေါ့၊ သူတို့လာရင် အဆင်သင့်ဖြစ်အောင်လည်း မိုးကာနဲ့ ပေါင်းမိုးကိုင်းတွေလုပ်ပြီး လှည်းတွေကို ပြင်ဆင်ထားရတယ်၊ ပြောရရင် ရောက်တဲ့ နေရာကနေ သူတို့ ဝင်လာရင် ထပ်ပြေး လို့ရအောင် အဆင်သင့် ပြင်ဆင်ထားကြရတယ်။ အများစုကတော့ လှည်းတွေနဲ့ပဲ ဆိုတော့ လှည်းတွေပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေ အောက်ကို မချတော့တာပေါ့” ဟု ပြောသည်။
စစ်ဘေးရှောင်ရမှုအနေဖြင့် ရွှေဘိုမြို့နယ်တွင် ကျေးရွာ ၂၀ ကျော်မှ ဒေသခံ ၁ သောင်းကျော်၊ ဝက်လက်မြို့နယ်တွင် ကျေး ရွာ ၂၇ ရွာမှ ဒေသခံ ၉ ထောင်ကျော်၊ ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၂၇ ရွာမှ ဒေသခံ ၁၅၀၀၀ ခန့်၊ တန့်ဆည်မြို့ နယ်တွင် ကျေးရွာ ၄၃ ရွာမှ ဒေသခံ ၂၅၀၀၀ ကျော်၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာ ၂၀ ကျော်မှ ဒေသခံ ၁၅၀၀၀ ခန့်ထိ ရှိကြောင်း သိရသည်။
ရွှေဘို စစ်ဘေးဒုက္ခသည် ကူညီရေးအသင်းက တာဝန်ရှိသူတဦးက “ရွှေဘိုမြို့နယ် အနောက်ခြမ်းနဲ့ အရှေ့ ခြမ်းတွေမှာ တော့ စစ်တပ်နဲ့ ပျူစောထီးတွေ စိုးမိုးထားတဲ့ ကျေးရွာအချို့ ရှိတယ်၊ ရွှေဘိုအနောက်ခြမ်းက ပိုဆိုးပါတယ်။ ရွှေဘို အရှေ့ ခြမ်းတွင် ငါးပိအိုး၊ ဂွေးပင်ကုန်းအပါအဝင် ကျေးရွာ ၅ ရွာလောက်က ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်ဆီးခံထားရတယ်။ ရွှေဘို အနောက်ခြမ်းကတော့ ပေါက်ချိုင်း၊ နှမစားရစ်၊ ရွာစိုးကျေးရွာတွေက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံထားရတယ်၊ အချို့ ရွာတွေ မှာလည်း အိမ်တွေ မီးရှို့ဖျက်ဆီးခံထားရတာတွေ ရှိတယ်၊ ဒီဘက်က ဒေသခံတွေလည်း စားဝတ်နေရေးအတွက် အရမ်း ခက်ခဲနေကြတယ်” ဟု ပြောသည်။
ထိုသို့သော အခြေအနေမျိုးတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ လမ်းများပိတ်ဆို့ စစ်ဆေးခြင်း၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ် ထားခြင်းများကြောင့် သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေမှုနှင့်အတူ ကုန်စည်စီးဆင်းမှုများလည်း ပြတ်တောက်နေ လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူဒေသခံတဦးက “အဓိက သွားရေးလာရေပိုင်း အဆင်မပြေတာက ပိုဆိုးတယ်၊ ကန့်ဘလူနဲ့ ကောလင်းကြားမှာ ခဏ ခဏတိုက်ပွဲတွေ ဖြစ် နေတော့ အဲဒီ ဗျူဟာလမ်းကြီးကို မသွားရဲ၊ မဖြတ်ရဲတာပေါ့၊ ဒီကြားထဲ မဖြစ်မနေမို့ သွားရ တာတောင် စစ်တပ်က မှတ်ပုံတင်တို့ ကိုဗစ်လက်မှတ်တွေ မပါဘူးလားလို့ ရစ်တာခံကြရသေးတယ်။ အဲဒါတွေကြောင့် ဘယ်လိုမှ အဆင်မပြေဘူးဗျ၊ အဲဒါက လမ်းပန်းဆက်သွယ်ရေးပေါ့၊ နောက်တခုက အင်တာနက်လိုင်းတွေ ဖြတ်ထား တဲ့အပြင် ဖုန်းလိုင်းတွေလည်း မကြာခဏ ဖြတ်ခံနေရတော့ အလုပ်တွေလည်း လုပ်မရဘူးဗျ” ဟု ပြောသည်။
ဝက်လက်မြို့နယ် ဒေသခံတဦးကလည်း “ကုန်စည် စီးဆင်းမှုကတော့ လုံးဝကို အဆင်မပြေတော့တာ၊ အဝင်ထက်အထွက် က ပိုဆိုးတယ်၊ ဒီဘက်က ထွက်တဲ့ ဆီတို့၊ ပဲတို့၊ ဆန်တို့ ဘယ်လိုမှ ရောင်းမထွက်ဘူး၊ လာဝယ်တဲ့သူလည်း မရှိဘူး၊ ပွဲစား တွေလည်း ဆင်းမလာကြဘူး၊ မြို့ပေါ်ကို အရဲစွန့်ပြီးလည်း မသွားရဲကြတော့ လုပ်ငန်းတွေ ဘယ်လိုမှ မလည်ပတ်နိုင်ကြ တော့ဘူး၊ အခုက တရက်ကို လုပ်အားခ ၃ ထောင်လောက် ပေးခေါ်ရင်ကို ပျော်နေကြရတာ” ဟု ပြောသည်။
ဝက်လက်မြို့နယ်တွင်လည်း နေအိမ်များ မီးရှို့ခံရသဖြင့် ရွာအပြင် တောစပ်များ၌ ယာယီတဲထိုး နေထိုင်သည့် ကုလားမ၊ လက်ကောက်ကျ၊ မန်ကျည်းသုံးပင်၊ ဆည်ကြီး၊ တအုံ၊ ဂွေးကုန်း၊ သဲကျွန်း၊ ကံကြီး၊ ငါးပိအိုး၊ ချပ်ပြဲ၊ ရွာသစ်ကုန်း၊ ဘိုကုန်း၊ ချောင်းမီးတိုးကျေးရွာများမှ စစ်ဘေးရှောင်များကိုပါ ရွှေဘိုမြို့မြောက်ဘက်ရှိ အမှတ် ၈ လေ့ကျင့်ရေးသင်တန်းကျောင်း စစ် ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
“သူတို့ကို ကြောက်ပြီး ရှောင်တဲ့နေရာမှာ ယာယီတဲလေးတွေ ထိုးနေကြတာပေါ့၊ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ရွာထဲ က အိမ်တွေကို ပြန်မကပ်ရဲကြတော့ တောတွေထဲမှာ ယာတဲလေးတွေ ထိုးပြီး နေလိုက်၊ သူတို့က လာရှို့လိုက် လုပ်နေ ကြလို့ ခန ခန ရှောင်နေကြရတာပဲ၊ ဘာအကြောင်းမှ မရှိဘဲနဲ့ ဝင် ဝင်လာပြီး မီး ရှို့နေကြတာပဲ၊ ကြောက်လို့မှ တောကြို တောင်ကြား နေကြတာကို လိုက်ရှို့နေတာတော့ တော်တော်ကြီးကို လူမဆန်တဲ့ လုပ်ရပ်တွေပါပဲ” ဟု လက်ကောက်ကျ ကျေးရွာသား တဦးက ပြောသည်။
စစ်ဘေးရှောင်နေကြရသည့် ရွှေဘိုမြို့နယ်အတွင်း၌ ဇီးဖြုကုန်း၊ သီးလုံး၊ မြင်းစီး၊ ဆင်အင်း၊ တည်သီးတော၊ ညောင်ကိုင်း ကျေးရွာများတွင် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားဆဲဖြစ်သလို ရွှေဘိုမြို့အနောက်ဘက် ၁၂ မိုင်ခန့်နှင့် မူးမြစ်ကမ်း ဘေး ဒီပဲယင်းမြို့နယ် တဖက်ကမ်းရှိ ညောင်ကိုင်းကျေးရွာကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၂ ရက်က စတင်ကာ စစ်တပ်နှင့် ပျုစောထီးအဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ရာက ယနေ့အချိန်ထိ တပ်စွဲခံထားရကြောင်း သိရသည်။
ယခုအခါ စစ်ကောင်စီတပ်များသည် စစ်ဘေးရှောင်နေထိုင်ရာများကိုပါ အဓိက ပစ်မှတ်ထား တိုက်ခိုက် လုယက် သတ် ဖြတ်ခြင်းများကို ပြုလုပ်လာကြသဖြင့် အဆင်သင့်အနေအထား ပြင်ဆင်ထားကြရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း၌ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိမ်ခြေ ၁၄၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရကြောင်း Data for Myanmar ထုတ်ပြန်ချက်များအရ သိရသလို Institute for Strategy and Policy- Myanmar (ISP) ၏ ဇွန်လ ၁၅ ရက်က ထုတ်ပြန်ထားသည့် စာရင်းများအရ စစ်ကိုင်းတိုင်းအတွင်း၌ စစ်ရှောင်ဦးရေ ၃ သိန်း ၄ သောင်းကျော် ရှိကြောင်း သိရသည်။
“ကျနော်တို့ ကန့်ဘလူ နယ်မှာဆိုရင် လက်ရှိ ရွာပေါင်း၂၀ ကျော်လောက်ထိက ရှောင်နေရဆဲပဲ။ ခန့်မှန်းခြေအရ လူဦးရေ ၁ သောင်းခွဲလောက်ထိ စစ်ရှောင်နေကြရတယ်။ အချို့ရွာလေးမှာတော့ စစ်ကြောင်း မရှိတော့ဘူးဆိုတော့ ရွာထဲပြန်ဝင်ပြီး လယ်လုပ်နေကြသူလည်း လုပ်နေကြတယ်။ ချပ်ကြီးတို့ ပင့်သာတို့ကတော့ ရွာထဲမှာ အခုအချိန်ထိ လူမနေရဲကြသေးဘူး၊ တောထဲမှာဘဲ တဲထိုးပြီး နေနေကြတယ်၊ စားသောက်ရေးအတွက်တော့ ဝေငှစားနေကြရတာပေါ့၊ လတ်တလော ဖြစ်ထား တဲ့ ကျီစုဆိုရင် ထောက်ပံ့ကူညီတာလေးတွေနဲ့ စားသောက်နေကြရတာပေါ့” ဟု ကန့်ဘလူမြို့နယ် စစ်ဘေးရှောင် ကူညီနေ သူတဦးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ ရင်ဆိုင် တိုက်ပွဲများတွင် ထိခိုက်ဆုံးရှုံးမှု များလာသဖြင့် ကျေးရွာများကို ဝင်ရောက်မွှေနှောက်ပြီး ဒေသခံများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီး သတ်ဖြတ်ကာ မြေလှန် မီးတိုက်ဗျူဟာကို ကျင့်သုံးနေလျက် ရှိသည်။
ယခုအခါ စစ်ကိုင်းတိုင်း အတွင်း၌ ခမရ ၁၂၊ ၁၆၊ ၃၆၃၊ ၃၆၄၊ ၃၆၅၊ ၃၆၆ ၃၆၇၊ ၃၆၈၊ ၃၆၉၊ ၃၇၀၊ ၇၀၁၊ ၇၀၂၊ ၇၀၃၊ ၇၀၇၊ ၇၀၈နှင့် ခလရ ၈၇၊ ၈၉၊ ၂၂၈ စသည့် တပ်ရင်းများ စစ်ကြောင်းထိုးနေပြီး နယ်မြေများအား ထိရောက်စွာ ရှင်းလင်း သွားရန် အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးမှ အချိန်နှင့်တပြေးညီ စီမံကွက်ကဲမှုများ ပြုလုပ်သွားရန် ကာ ကွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။
You may also like these stories:
ယင်းမာပင်တွင် အရပ်သားများ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရ
ကယားစစ်ရှောင်စခန်းများတွင် ကလေးငယ် အများအပြား ဖျားနာနေ
ကယားပြည်နယ်၌ စစ်တပ်က မြေမြှုပ်မိုင်းထောင်၍ စစ်ရာဇဝတ်မှု ကျူးလွန်နေဟုဆို