ဒီမိုကရေစီလိုလားသူ နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့အား စစ်ကောင်စီက ကွပ်မျက်လိုက်ပြီးနောက် ကျန်သေဒဏ် ချမှတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအရေးကို ဒီမိုကရေစီလှုပ်ရှားသူများနှင့် မိသားစုဝင်များက စိုးရိမ်ပူပန်မှုနေသည်။
အာဏာသိမ်း စစ်ကောင်စီသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ သော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့အား ဇူလိုင်၂၂ ရက်က မိသားစုဝင်များနှင့် ဗီဒီယို ကွန်ဖရန်းဇင်းမှ တဆင့် မိနစ် ၂၀ ကြာ စကားပြောခွင့်ပြုပြီးနောက် ကာယကံရှင်များ၊ မိသားစုဝင်များအား အသိပေးခြင်း မရှိဘဲ တိတ်တဆိတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ မည့်သည့် နေ့တွင် စီရင်လိုက်သည်ကို မိသားစုအား ပြောပြခြင်း မရှိသလို ရုပ်အလောင်း များကိုလည်း မြင်တွေ့ခွင့်မပြုခဲ့ပေ။
သေဒဏ် ချမှတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသားနှင့် နီးစပ်သူတဦးက “စစ်ကောင်စီဘက်က သေဒဏ်စီရင် တယ် ဆိုတဲ့ အနေထားကတော့ ကျနော်တို့လည်း လက်မခံနိုင်ပါဘူး။ သူတို့အတွက်ကတော့ အသက်သေမှာ တခုခု ဖြစ်မှာ ကိုတော့ စိုးရိမ်ပါတယ်။ ဒါက တော်လှန်ရေး လုပ်နေတဲ့ ရဲဘော်တွေ နိုင်ငံရေး သမားတွေကို မင်းတို့ဒါလုပ်ရင် ငါတို့ လည်း သေဒဏ်ပေးမယ် ဆိုတာကြီးကို ကြောက်အောင် နောက်လူတွေ မလုပ်ရဲအောင် လုပ်လိုက်တယ်။ ဒါပေမယ့် မကြောက်ပါဘူး” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် မြို့ပြပြောက်ကျား အဖွဲ့ဝင်တချို့မှာလည်း သေဒဏ်ချမှတ်ခံထားရသည့်အတွက် ထိုသူများအရေးကိုလည်း စိုးရိမ်မှုများ ဖြစ်ရကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့မှ တာဝန်ရှိသူတဦးက “စိုးရိမ်မှုကတော့ ပြောမပြတတ်အောင်ပဲ။ သူတို့ဘက်ကတော့ အဆုံးစွန်ထိ ယုတ်မာနေဦးမှာပဲ။ ယုတ်မာလို့ ရတဲ့အထိကို ယုတ်မာနေပြီဆိုတော့ တခုပဲ ရှိတယ်။ သူတို့က လောင်နေ တဲ့ မီးပေါ် ဓာတ်ဆီ လောင်းလိုက်တာပါပဲ” ဟု ပြောသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဇူလိုင်လ ၂၇ ရက်က နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းခံထားရသည့် သေဒဏ် ချမှတ်ခံထားရသူများစာရင်းကို ဖော်ပြလာပြီး ၎င်းတို့သည်လည်း စစ်ကောင်စီ၏ တရားလက်လွတ် သတ်ဖြတ်ခြင်း ခံရမည့် အလားအလာများ ရှိနေဟု ထုတ်ပြန် ထားသည်။
AAPP ၏ ဖော်ပြချက်အရ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ လက်ရှိတွင် အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံနေရဆဲ ဖြစ်သည့် သေဒဏ် ချမှတ်ခံထားသူ ၇၂ ဦးရှိကာ ထိုအထဲ၌ အမျိုးသမီး ၉ ဦး ပါဝင်နေသည်။
ထိုအမျိုးသမီး ၉ ဦးမှာ မမြင့်မြင့်အေး၊ မမိုးမိုးမြင့်အောင်၊ မဇင်မာထွန်း၊ မလှလှနိုင် (ခ) မနိုင်၊ ဆောင်းလေပြေ (ခ) ဇူး ဇူး၊ မခင်ဝင့်ကျော်မောင်၊ မဆုဝေနှင်း၊ မဆုမြတ်သွယ်နှင့် မချိုချို တို့ဖြစ်ကြပြီး လူသတ်မှု၊ အကြမ်းဖက်မှု ပုဒ်မများ၊ အကျိုးဖျက်ဆီးမှု စသည့် ပုဒ်မများ တပ်ကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ခုံရုံးက တဖက်သတ် အမိန့် သေဒဏ်ချ မှတ်ခဲ့ ခြင်း ဖြစ်သည်။
ထိုအထဲမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရသူ မဆောင်းလေပြေသည် ဇွန်လအတွင်း၌ သေဒဏ်အမိန့်မှ အယူခံဝင်ခဲ့ပြီး ယခု ရက်ပိုင်းအတွင်း သေဒဏ်မှ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ခဲ့သည်။
AAPP မှ တာဝန်ရှိသူ တဦးက “လူတွေကို တမင်စိုးရိမ်အောင် ကြောက်စိတ်တွေ ဝင်လာအောင် စစ်အုပ်စုဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတယ်လို့ပဲ သုံးသပ်လို့ ရတာပေါ့။ လူတွေက သူတို့ကို ကြောက်လာမယ်။ ဆိုက်ကိုတွေ ဝင်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်တာပေါ့” ဟု ပြောသည်။
ထို သေဒဏ်ချခံရသူ ၇၂ ဦးထဲတွင် ရန်ကုန်တိုင်းမှအများဆုံးဖြစ်ပြီး ကျန်သူများမှာ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ် တို့မှ ဖြစ်ကြောင်း သိရသည်။
ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (ACDD) စည်းရုံး ညှိနှိုင်းရေးမှူး မသဉ္ဇာရွှန်းလဲ့ရည် က “မြန်မာနိုင်ငံက အခု လိုမျိုး သေဒဏ်စီရင်တယ်။ သေဒဏ်စီရင်မှုတွေ ဆက်ရှိနေတယ်။ နောက်ထပ် အကျဉ်းသားတွေလည်း စုထားတယ် ဆိုတဲ့ သတင်းတွေက မြန်မာပြည်မှာ လက်ရှိ စစ်ကောင်စီရဲ့ လူသား မဆန်မှု၊ ပြီးရင် သူတို့ရဲ့ အစိုးရဖြစ်ဖို့ကို ကြိုးစား နေတယ်။ အစိုးရဖြစ်ဖို့အတွက် နိုင်ငံတကာကို သက်သေပြနေတာကိုလည်း ဘယ်လောက်တောင်မှ အစိုးရ မဖြစ် ထိုက်ဘူးလည်း ဆိုတာကို ပြန်သက်သေပြနေတဲ့ အနေအထားကိုတောင် ပြန်ဖြစ်သွားတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် အကျဉ်းထောင် လက်စွဲဥပဒေ၏ ဥပဒေ ပုဒ်မ ၁၀၂၇ အရ သေဒဏ်ကွပ်မျက်ခံရသူများအား မီး သင်္ဂြိုဟ်ခွင့် မရှိဘဲ သင်္ချိုင်းမြေနေရာများတွင် မှတ်တိုင်စိုက်ထူ၍ သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံး သည့် နေ့ရက်တို့ကို ရေးသားဖော်ပြ၍ မြှုပ်နှံရမည်ဖြစ်သော်လည်း ထိုသို့ လုပ်ဆောင်ရန်ပျက်ကွက်ခြင်းသည် လူသတ် အလောင်းဖျောက်ခြင်း မြောက်သည်ဟုလည်း AAPP က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ ကိုဂျင်မီအပါအဝင် ၄ ဦးနှင့် ပတ်သက်၍ သေဒဏ်ချ မှတ်သူများကို ဥပဒေနှင့်အညီ စီရင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သလို၊ အလောင်းနှင့် ပတ်သက်၍လည်း မိသားစုအား ရုပ်အလောင်း ပြန်ပေးမပေးကမူ ထောင် အာဏာပိုင်များ၏ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဇူလိုင် ၂၆ သတင်းစာ ရှင်း လင်းပွဲ၌ ပြောဆိုသွားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်၂၆ ရက်အထိ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင် စီ၏ ဖမ်းဆီး ချုပ်နှောင်ခံထားရသူပေါင်း ၁၁၇၉၅ ဦးရှိပြီး ထိုထဲမှ ၁၃၄၈ ဦးမှာ ပြစ်ဒဏ် အသီးသီး ချမှတ်ခံထားရ သည်။
You may also like these stories:
ပြည်သူနှင့် နိုင်ငံတော်ကြား တရားမျှတရေးအတွက် ကွပ်မျက်ခြင်းဖြစ်ဟု စစ်ကောင်စီပြော
မြန်မာ့နိုင်ငံရေး သမိုင်းထဲက သေဒဏ်စီရင်မှုများ
ကွပ်မျက်မှုများအတွက် ထိုင်းနိုင်ငံတွင် မြန်မာများ ဆန္ဒပြ