ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုဂျင်မီ(ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့အား အာဏာသိမ်း စစ်ကောင်စီက သေဒဏ် ကွပ်မျက်ပြီးနောက် ၎င်းတို့၏ မိသားစုဝင်များကိုပါ အုပ်စုဖွဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုများ ပြုလုပ်လာသဖြင့် အသက်အန္တရာယ်နှင့် လုံခြုံရေး စိုးရိမ်နေရသည်။
အမျိုးသားအများစု ပါဝင်သည့် ကြိုတင် စုစည်း စီစဉ်လာသော လူတစုသည် ယမန်နေ့ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ကိုဖြိုးဇေယျာသော်၏ မိဘများနေထိုင်သော နေအိမ်တိုက်ခန်းသို့ ခဲများ၊ လောက်လေးခွများဖြင့် လာရောက် ပစ်ခတ် အကြမ်းဖက်ခဲ့ပြီး စိန်ခေါ် ခြိမ်းခြောက်ခဲ့ကြသည်။
အဆိုပါ နေအိမ်တွင် ကိုဖြိုးဇေယျာသော်၏ မိဘနှစ်ဦး နေထိုင်ပြီး လူအုပ်စု၏ အကြမ်းဖက်မှုကြောင့် နေအိမ်အတွင်း တိတ်တဆိတ်ပင် နေထိုင်ခဲ့ရကြရသည်။
ယင်းပြင် အဆိုပါ လူအုပ်စုအနေဖြင့် ကိုဂျင်မီ၏ မိသားစုများ နေထိုင်ရာ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ ၂ လမ်းရှိ နေအိမ်သို့လည်း ထပ်မံ သွားရောက်ခဲ့ပြီး ခဲများ၊ ကြက်ဥများဖြင့် ပစ်ပေါက်ကာ အကြမ်းဖက်ခြိမ်းခြောက်ခဲ့ကြသေး သည်။
ထိုအကြမ်းဖက် လူတစုသည် “ဘာကို အာဇာနည်လဲ၊ ဒီနိုင်ငံက ထွက်သွား” ဟုဆိုကာ ကြိမ်းမောင်း အော်ဟစ်ခဲ့ကြသည်။
ယခုကဲ့သို့ ရန်ကုန်မြို့လယ် လူမြင်ကွင်း၌ လူအုပ်စုဖြင့် အကြမ်းဖက် ခြိမ်းခြောက်မှုများ ကျူးလွန်သော်လည်း ပုံမှန်အားဖြင့် ဒီမိုကရေစီအရေး တောင်းဆိုသည့် ဆန္ဒပြ လူငယ်များအပေါ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကားနှင့်တိုက်ကာ အကြမ်းဖက်ဖြိုခွင်းခြင်းများ ပြုလုပ်လေ့ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစုံတရာ ဖမ်းဆီး အရေးယူခြင်း မရှိခဲ့ပေ။
ယခုကဲ့သို့ လောက်လေးခွများ ကိုင်ဆောင်ကာ လွယ်အိတ်များ လွယ်ထားကြသည့် လူစုဖြင့် ဆန္ဒပြမှုများကို ဘာသာရေး အစွန်းရောက် မဘသများ ဦးဆောင်ပြုလုပ်လေ့ရှိသည့် အာဏာသိမ်း စစ်တပ် ထောက်ခံပွဲများတွင် တွေ့ရလေ့ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း တစုံတရာ တားဆီးခြင်း မရှိသည်ကို တွေ့ရသည်။
“နာရေးတောင် လုပ်ခွင့်မရဘဲ ရှိနေတဲ့ နာရေးအိမ် တအိမ်ကို ဒီလို လုပ်တာက လူစိတ်တောင် မဟုတ်ဘူး။ တိရစ္ဆာန်စိတ်နဲ့ လုပ်တာပဲ။ လူရဲ့ ဆင်ခြင်တုံတရား၊ တွေးခေါ်ခြင်းတရား မရှိတော့ဘူး။ ပိုက်ဆံ ငါးထောင်၊ တသောင်းရလို့ လုပ်တယ်ဆိုသည့်တိုင် တွေးခေါ်ဆင်ခြင်နိုင်မှု ကင်းမဲ့နေတဲ့ လုပ်ရပ်တွေပါပဲ” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတဦးက ပြောသည်။
ယင်းပြင် ယခုကဲ့သို့ သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရသူများ၏ မိသားစုဝင်များအား လူအုပ်စုဖြင့် အကြမ်းဖက်ခြိမ်းခြောက်သည့် လုပ်ရပ်သည် ဒီမိုကရေစီ သူရဲကောင်းအဖြစ် လူအများအသိအမှတ်ပြုသည့် ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ လေးဦးအပေါ် လူသတ်သမားများအဖြစ် ပုံရိပ် ဖျက်ဆီးစေလိုသည့် လုပ်ရပ်သာ ဖြစ်ကြောင်းလည်း နိုင်ငံရေး လေ့လာသူတဦးက ဆို သည်။
၎င်းက “ဒီလေးယောက်ကို ကြိုးပေးလိုက်တဲ့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုမြင့်တက်နေတဲ့ အခါကျတော့ ကိုဇေယျာသော်တို့ ကိုဂျင်မီတို့ဟာ ဒီမိုကရေစီသူရဲကောင်းတွေအဖြစ်နဲ့ အားလုံးက ရှုမြင်နေကြတဲ့အပေါ်မှာ ဒီပုံရိပ်ကို ဖျက်ချင်တာပေါ့။ ဒီမိုကရေစီသူရဲကောင်း မဟုတ်ဘူး၊ ဒီလူတွေက အကြမ်းဖက်သမားတွေ၊ လူသတ်ခဲ့တယ်၊ အဲဒါကို ပြည်သူတွေက လက်မခံဘူး ဆိုတဲ့ အဓိကတော့ ပုံရိပ်ကို ဖျက်ချင်တာပေါ့” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ အားပေးထောက်ခံသူများ အနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့၏ မိဘများထံ အုပ်စုဖွဲ့ ခြိမ်းခြောက်ခဲ့သည့်အပြင် ကိုဂျင်မီ၏ ဇနီးဖြစ်သူ မနီလာသိန်းနှင့် ကိုဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူ မသဇင်ညွန့်အောင် တို့ကိုလည်း ဖမ်းဆီးပြီး အိမ်များကိုပါ ချိတ်ပတ်ရန် စစ်ကောင်စီ လော်ဘီများ၏ တယ်လီဂရမ်ချန်နယ်တွေကနေ လှုံ့ဆော် လျက် ရှိနေကြသည်။
အဆိုပါ လုပ်ရပ်များသည် ဒီမိုကရေစီအရေး လှုပ်ရှားသူများအား ဥပဒေမဲ့ သတ်ဖြတ်ခဲ့သည့်အပြင် ကျန်ရစ်သည့် မိသားစုဝင်များကိုပါ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာသည့် လုပ်ရပ်များအဖြစ် လူအများက ရှုမြင်နေကြပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ မိသားစုဝင်များ၏ လုံခြုံရေးကို စိုးရိမ်နေကြရသည်။
ထို့အပြင် သတ်ဖြတ်ခံရသူများအား ရည်စူးပြီး နာရေး အခမ်းအနား မလုပ်ကြရန်လည်း မိသားစုများထံသို့ စစ်ကောင်စီဘက်ကပြောထားကြောင်းလည်း သိရသည်။
ဒီမိုကရေစီအရေး ကြိုးပမ်း လှုပ်ရှားခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုနှင့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ချမှတ်ကာ ကွပ်မျက်စီရင်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခဲ့သည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့အား ကြိုတင် အသိပေးခြင်း မရှိဘဲ ကွပ်မျက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည့်အပြင် မည်သည့် နေ့ရက်၊ အချိန်တွင် ကွပ်မျက်ခဲ့သည်ကို စစ်ကောင်စီက ဖုံးကွယ်ထားပြီး ရုပ်အလောင်းများကိုလည်း မိသားစုထံ ပြန်လည် ပေးအပ်ခြင်း မရှိဘဲ အစ ဖျောက်ခဲ့ကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် သေဒဏ် ချမှတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၇၂ ဦးမှာ အင်းစိန်ထောင်အတွင်း ရှိ နေပြီး ၎င်းတို့အနေဖြင့်လည်း ထပ်မံ၍ တရားလက်လွတ် သတ်ဖြတ်ခံရမည့် အလားအလာရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဆိုထားသည်။
You may also like these stories:
ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်
မြန်မာ့နိုင်ငံရေး သမိုင်းထဲက သေဒဏ်စီရင်မှုများ
သေဒဏ်ချမှတ်ခံထားရသူများအား နေရာရွှေ့ပြောင်း၍ သီးခြားစုစည်းထား
အတုယောင် တရားရုံးကို အသုံးချ၍ သတ်ဖြတ်ခဲ့သော ဥပဒေမဲ့ လူသတ်မှု