သတင်း

မြန်မာ့ကွပ်မျက်မှု ကုလလုံခြုံရေးကောင်စီ ရှုတ်ချ

နိုင်ငံရေးအကျဉ်းသား ၄ ဦးကို မြန်မာက ကွပ်မျက်လိုက်ခြင်းအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့တွင် တညီတညွတ်တည်း ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်ရန်နှင့် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှုကို လေးစာရန် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် အခြားအဖွဲ့ဝင်နိုင်ငံများက ထိုသေဒဏ်ချမှတ်ထားခြင်းကို ပြန်လည်စဉ်းစား သုံးသပ်ရန် တိုက်တွန်းပြောပြီးနောက် မြန်မာသည် ထိုသူ ၄ ဦးကို ကွပ်မျက်လိုက်သည်ဟု ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးက အတည်ပြုသည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။ ကောင်စီဝင်နိုင်ငံများသည် မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အပြည့်အဝ ထောက်ခံမှုနှင့် မြန်မာ၏ အချုပ်အခြာ အာဏာ၊ နိုင်ငံရေးအမှီအခိုကင်းမှု၊ နယ်မြေတည်တံ့မှုနှင့် ညီညွတ်မှုအတွက် ၎င်းတို့၏ ခိုင်မာသော ကတိကဝတ်ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ASEAN သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချလိုက်ချိန်မှ စတင်ပြီး လူမှုမတည်ငြိမ်မှုများနှင့် ကျယ်ပြန်သော တိုက်ခိုက်မှုများကြောင့် မတည်ငြိမ်သော နိုင်ငံအား ငြိမ်းချမ်းရေးရရန် ကမ္ဘာ့အားထုတ်မှုကို ဦးဆောင်နေသည်။ သို့သော် စစ်တပ်သည် ASEAN ၏ ငြိမ်းချမ်းရေးအားထုတ်မှုများကို ငြင်းဆန်နေသည်။

ယခုအပတ်အတွင်း ASEAN က ထိုကွပ်မျက်မှုများသည် လွန်စွာ ကျင့်ဝတ်ကင်းမဲ့သော လုပ်ရပ်ဖြစ်သည်ဟု ရှုတ်ချပြီး ထိုလုပ်ရပ်များသည် စစ်ခေါင်းဆောင်များနှင့် အတိုက်အခံများအကြား ဆွေးနွေးပွဲများ အဆင်ပြေအောင် လုပ်ပေးသည့် ASEAN ၏ အားထုတ်မှုများကို ဆုတ်ယုတ်စေသည်ဟု ပြောကြားလိုက်သည်။

လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကွပ်မျက်ခံရသူ ၄ ဦးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦး၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ တဦး၊ အမျိုးသမီးတဦးကို ဒလန်ဟု ယူဆပြီး သတ်ဖြတ်သည်ဟု စွပ်စွဲခံရသူ ၂ ဦးတို့ ပါဝင်သည်။ ၎င်းတို့အားလုံးကို ပြန်လည်ခုခံချေပရန် မဖြစ်နိုင်သည့် စစ်ခုံရုံးတွင် စွဲချက်တင်၊ စီရင်ပြီး အပြစ်ဒဏ်ချမှတ်သည်။ ထိုကွပ်မျက်မှုများသည် မြန်မာတွင် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် ကွပ်မျက်မှုများဖြစ်ပြီး ထိုသူများ၏ မိသားစုဝင်များပင် မသိဘဲ ကွပ်မျက်ခြင်းဖြစ်သည်။

ASEAN ၏ မြန်မာတွင် တည်ငြိမ်ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှု ချက်ခြင်း ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေးနှင့် မြန်မာသို့ သွားရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံမည့် ASEAN အထူးသံတမန် ခန့်အပ်ခြင်းတို့ပါဝင်သည်။ မြန်မာစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့သော ထိုဘုံသဘောတူညီချက်ကို ကနဦးတွင် သဘောတူလက်ခံသော်လည်း အကောင်အထည်ဖေါ်ခြင်းမရှိဘဲ နိုင်ငံသည် ကုလသမဂ္ဂကျွမ်းကျင်သူအချို့က ပြည်တွင်းစစ်အဖြစ် သတ်မှတ်ရသည့် အခြေအနေသို့ ရောက်သွားသည်။

ဘုံသဘောတူညီချက် ၅ ချက်ကို ထိထိရောက်ရောက် ပြည့်ပြည့်ဝဝ အကောင်အထည်ဖေါ်ရန် ခိုင်မာသော လုပ်ရပ်များကို ASEAN က တောင်းဆိုခြင်းကို လုံခြုံရေးကောင်စီက ဆက်လက်တောင်းဆိုပြီး သေဒဏ်များ ချမှတ်ခြင်းသည် ဘုံသဘောတူညီချက်များ အကောင်အထည်ဖေါ်ရေးအတွက် ASEAN ဥက္ကဌ၏ အားထုတ်မှုများကို ထောက်ခံလိုသည့် ဆန္ဒ လုံးဝကင်းမဲ့ခြင်းကို ပြသလိုက်ခြင်းဖြစ်သည်ဆိုသည့် ASEAN ၏ အမြင်ကိုလည်းမှတ်သားထားသည်ဟု ဖေါ်ပြသည်။

ထိုကွပ်မျက်မှုများသည် လူပုဂ္ဂိုလ်တဦး၏ ရှင်သန်ခွင့်၊ လွတ်လပ်မှုနှင့် လုံခြုံရေးကို ဗြောင်ကျကျ ချိုးဖေါက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက ရှုမြင်ကြောင်း ယခုအပတ်အစောပိုင်းတွင် ကုလသမဂ္ဂ အထူးသံတမန် နိုလင်းဟေဇာ ပြောသည်။

လုံခြုံရေးကောင်စီသည် ဟေဇာ၏ အခန်းကဏ္ဍ အရေးပါမှုကို အလေးထားဖေါ်ပြပြီး ASEAN အထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် အားပေးသည်။ ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် တပတ်အတွင်း ကမ္ဘောဒီးယားတွင် တွေ့ဆုံရန် စီစဉ်ထားသည်။

မြန်မာ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် မဟာမိတ် တရုတ်နိုင်ငံက ထိုကွပ်မျက်မှုများအပြီး ASEAN ဥက္ကဌ၏ ကြေညာချက်ပါ အမြင်များနှင့် လုံခြုံရေးကောင်စီက ချိန်ညှိလုပ်ဆောင်ခြင်းကို ကြိုဆိုကြောင်းပြောသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရသူတဦးက လုံခြုံရေးကောင်စီ ထုတ်ပြန်ကြေညာချက်မှ အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးနှင့် ပညာရေး အဆောက်အအုံများကို တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက်မှုပုံစံအားလုံး ချက်ခြင်းရပ်ဆိုင်းရန် တောင်းဆိုခြင်း၏ အထူးအရေးပါမှုကို ကိုးကားပြောဆိုသည်။

“ဒီလိုကြေညာချက်ထုတ်လိုက်တာဟာ ဘယ်နေရာမှာ ဘယ်သူမဆိုကျူးလွန်တဲ့ မလိုလားအပ်တဲ့ အကြမ်းဖက်မှုအားလုံးကို ကောင်စီက လက်မခံဘူးဆိုတဲ့ ခိုင်မာတဲ့ သတင်းစကားကို ပေးပို့လိုက်တာဖြစ်တယ်” ဟု လူသိရှင်ကြားထုတ်ဖေါ်ပြောဆိုခွင့်မရှိသော ထိုပြောခွင့်ရသူက ပြောသည်။ “ ကောင်စီရဲ့ ဒီလိုအရေးပါတဲ့ သတင်းစကားတွေကို သက်ဆိုင်သူအားလုံးက ဂရုစိုက်မယ်လို့ ကျနော်တို့မျှော်လင့်တယ်” ဟုလည်း သူပြောသည်။

ကိုးကား။ ။ AP

You may also like these stories:

ကွပ်မျက်ခံရသူများ၏ မိသားစုဝင်များ လုံခြုံရေး စိုးရိမ်ရ

ကွပ်မျက်မှုကြောင့် ကျန်သေဒဏ်ချမှတ်ခံထားရသည့် နိုင်/ကျဉ်းများအရေး စိုးရိမ်နေ

နိုင်ငံတကာနဲ့ ပြည်သူလူထုကို စိန်ခေါ်လိုက်တာပဲ

သေဒဏ်ချမှတ်ခံထားရသူများအား နေရာရွှေ့ပြောင်း၍ သီးခြားစုစည်းထား

Loading