စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် လှုပ်ရှားနေသည့် ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ရွှေတူးရန် လာ သည့် တရုတ်နိုင်ငံသား ၄ဦးအား ဖမ်းဆီးပြီး ကားနှင့်ပစ္စည်းများ သိမ်းလိုက်သဖြင့် ပြန်ပေးအပ်ရန် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ထံ စာပို့ တောင်းဆိုထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၆ ရက်က ယင်း တရုတ်နိုင်ငံသား ၄ဦးသည် မြန်မာစကားပြန်တဦး၊ ယာဉ်မောင်းတဦးတို့နှင့်အတူ ရွှေတူး ဖော်ရေး လေ့လာရန်ဆိုကာ ကား နှစ်စီးဖြင့် ကောလင်းမြို့သို့ ရောက်လာကြောင်း၊ မြို့မှ ပြန်အထွက် ရွှေမြန်မာစက်သုံးဆီ ဆိုင် ရှေ့တွင် ကောလင်း ပ.က.ဖ အဖွဲ့ဝင်များက ဖမ်းလိုက်ပြီးနောက် Toyota Land Cruiser အမျိုးအစား Prado ကား နှစ်စီး၊ ငွေနှင့် လက်ကိုင်ဖုန်းများကို သိမ်းယူလိုက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံသား ၄ ဦးနှင့် နီးစပ်သူက ဆိုသည်။
၎င်း၏ အဆိုအရ “ကျနော်တို့ ရွှေလုပ်ကွက်လေ့လာဖို့ လာတာ။ အဲဒါ သူတို့ကပြောတယ်။ နိုင်ငံရေးမကောင်းတာ၊ ခေတ် ကာလ မကောင်းတာ မင်းတို့ မသိဘူးလားတဲ့။ ကျနော်တို့လည်း မသိပါဘူးဗျာလို့ ပြောတယ်။ ကျနော်တို့ ရိုးရိုးပဲ စီးပွားရေး လုပ်တာ၊ ရိုးရိုးလာလေ့လာတာပါပေါ့။ အဲဒါနဲ့ သူတို့က ပြောတယ်။ နောက်တခါ မလာပါနဲ့တဲ့။ ကျနော်တို့က ဘာအဖွဲ့လဲ ဆိုတာ မမေးရဲဘူး။ သူတို့က သူတို့ဘာသာ ပြောတယ်။ ကျနော်တို့က တော်လှန်ရေးအဖွဲ့ပါတဲ့” ဟု ရှင်းပြသည်။
ထို့နောက် ပ.က.ဖ အဖွဲ့ဝင်များသည် တရုတ်နိုင်ငံသား ၄ ဦး အပါအဝင် အားလုံးကို နေရာတနေရာသို့ ကားဖြင့် ခေါ်သွား ခဲ့ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စာရွက်ပေါ်တွင် မှတ်တမ်းတင်ကာ လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ထို့နောက် ပြန်လွှတ် ပေး ခဲ့ကြောင်း သိရသည်။
“သူတို့က လက်မှတ်ထိုးမှ လွှတ်ပေးမယ် ပြောပါတယ်။ ဘာမှ မလုပ်ပါဘူးတဲ့။ အဲဒါနဲ့ ကျနော်တို့ လက်မှတ်ထိုးပေး လိုက် ပြီး သူတို့က မျက်စိချည်ထားတာကို ပြန်လွှတ်ပေးလိုက်တယ်။ ပြီးတော့ ကားနဲ့ တနေရာကို ပို့တယ်။ ဘယ်လမ်းမှန်းတော့ မသိဘူး။ အဲဒါနဲ့ လမ်းမှာပဲ ကျနော်တို့ကို ဝက်တင်ကားတစီးနဲ့ တင်ပေးလိုက်တာ” ဟု သူက ဆက်ပြောသည်။
ထိုသို့ ပြန်လွှတ်ပေးလိုက်သော်လည်း ၎င်းတို့နှင့် အတူပါလာသည့် ပရာဒိုအမျိုးအစားကား ၂ စီးနှင့် အခြားပိုင်ဆိုင်မှုများကို မူ ပြန်မပေးလိုက်ကြောင်း ကောလင်း ပ.က.ဖ က သိမ်းဆည်းလိုက်သည့် ပစ္စည်းများထဲ ကား ၂ စီးအပြင် မြန်မာကျပ်ငွေ သိန်း ၁၂၀၊ အမေရိကန်ဒေါ်လာ ၄၀၀၊ တရုတ်ယွမ်ငွေ ၂၂၀၀၊ ထိုင်းဘတ်ငွေအချို့၊ ရွှေနဂါးလက်ကောက် ၁ ခုနှင့် ဖုန်း ၇ လုံး ပါဝင်ကြောင်း ၎င်းက ဆိုသည်။
“သိမ်းလိုက်တဲ့ကားက ကျနော်တို့ကား မဟုတ်ဘူး။ မန္တလေးကားကုမ္ပဏီတခုက ငှားလာတာ။ အခု အဲဒီကုမ္ပဏီက ကား တွေ ပြန်မပေးလို့ ကျနော်တို့ကို တရားစွဲတော့မှာ။ တော်လှန်ရေးအဖွဲ့တွေကတော့ လူကိုလွှတ်လိုက်ပြီး ကားနဲ့ ပစ္စည်းတွေ ကို နောက်ပိုင်းကျရင် ပြန်ပေးမယ်ပြောပေမယ့် အခုထိ ပြန်မပေးသေးဘူး။ ကျနော်တို့က အစိုးရနဲ့ရော၊ တော် လှန်ရေးအဖွဲ့ တွေနဲ့ရော ပြဿနာ မဖြစ်ချင်ပါဘူး။ အခုက ကျနော်တို့မှာ အခက်အခဲ ဖြစ်နေတာကြောင့် ကျနော်တို့ကို ပေးမယ်ပြော ထားတဲ့ ပိုင်ဆိုင်မှုတွေပြန်ပေးဖို့ တောင်းဆိုတာပါ” ဟု ယင်းတရုတ်နိုင်ငံသားများနှင့် နီးစပ်သူက ဆိုသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြည့်ပြည့်စုံစုံ သိရှိနိုင်ရန် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဧရာဝတီက စာပို့ မေးမြန်းခဲ့ သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကမူ ကောလင်း ပ.က.ဖ မှ အရပ်သား ပစ္စည်းများ သိမ်းဆည်းမှု အခြေအနေကို ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြောသည်။
“ကောလင်းပကဖကိစ္စက ကျနော့်အနေနဲ့တော့ တိတိကျကျ မသိသေးဘူး၊ ဒီလိုမတရားမှု ဖြစ်နေတာတွေရှိရင် အတတ် နိုင်ဆုံး အစိုးရတရပ် အနေနဲ့ စုံစမ်းစစ်ဆေးပြီးတော့ တာဝန်ရှိတဲ့သူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ ကြိုးစား ဆောင်ရွက်မှာပါ။ ဒါကြောင့်လည်း ကျနော်တို့တွေ တရားရေး ကဏ္ဍကို စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ကိုလည်း စတင်ဖွဲ့စည်းပြီးတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ကဏ္ဍကို စတင်စနစ် တကျ လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ကောလင်းမြို့နယ်အတွင်း ဖိုက်ဘာအင်တာနက်လိုင်းများ ပြုပြင်သည့် အရပ် သားများကို ကောလင်းမြို့နယ် ကျောက်တန်းရွာအနီးတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဖမ်းဆီးပြီး လူကို ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့နှင့်အတူ ပါလာသည့် ကား ၂ စီးကို သိမ်းဆည်းခဲ့သည်။
ထိုသို့ သိမ်းဆည်းထားမှုအား ပြန်ပေးရန် ကားပိုင်ရှင်များက NUG ထံ ဇွန်လ ဒုတိယပတ်တွင် တိုင်ကြားထားကြောင်း ကားပိုင်ရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။