ပြည်တွင်းစားသုံးမှုများသော ရွှေဘိုပေါ်ဆန်းမှာ ဈေးကွက်အတွင်း ရှားပါးခြင်းနှင့် ဒေါ်လာဈေး မြင့်တက်လာခြင်းတို့ကြောင့် နှစ်ပတ်အတွင်း ယခင် ၁ အိတ်လျှင် ကျပ် ၆၆,၀၀၀ ရှိရာမှ ယခုအခါ ကျပ် ၈၈,၀၀၀ အထိ ဈေးမြင့်တက်လာကြောင်း ဝါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေဘိုပေါ်ဆန်းထွက်ရှိရာ စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်တဝိုက်တွင် စစ်တပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသလို စစ်တပ်က ကျေးရွာ များကို စစ်ကြောင်းထိုး မီးရှို့ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေ အိမ်များ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ တိရိစ္ဆာန်များ၊ ဝမ်းစာစပါးနှင့် မျိုးစပါးများပါမကျန် မီးရှို့ဖျက်ဆီးခြင်း များ ပြုလုပ်လျက် ရှိသည်။
ထိုသို့သော အခြေအနေများကြောင့် ပြည်တွင်းစားသုံးမှုများသော ရွှေဘိုပေါ်ဆန်းဆန်မှာ ဈေးကွက်အတွင်း ရှားပါးပြီး ဈေးနှုန်းများ အဆမတန် မြင့်တက်လျက် ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
ဝါးတန်းလမ်းရှိ ဆန်ကုန်သည်ကြီးတဦးက “ရွှေဘိုပေါ်ဆန်းက ဈေးကွက်ထဲမှာ ဈေးအတက်ဆုံး ဖြစ်တာပေါ့။ ရွှေဘိုဆန်က ရွှေဘိုနားတဝိုက်ပဲ ထွက်တာဆိုတော့ အဲဒီပတ်ဝန်းကျင်ကလည်း နေ့စဉ်နီးပါး စစ်ကြောင်းထိုးခံရတယ်။ တိုက်ပွဲဖြစ်တယ် ဆိုတော့။ စပါးတွေ ဖျက်ဆီးခံလိုက်ရတယ်။ အဲဒီတော့ ဆန်ဖြစ်မယ့် ရွှေဘိုစပါးကရှားပြီး ဈေးတက်တာ။ တခြား ဧရာဝတီ ပေါ်ဆန်းတို့ ဘာတို့ကတော့ တအိတ် ကျပ် ၅၀၀၀ နဲ့ ဆန်ကြမ်း ဧည့်မထက တအိတ် ကျပ် ၂၀၀၀ လောက် တက်တယ်။ ဒါတွေက ဒေါ်လာဂယက်ကြောင့် တက်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ပုံမှန်အားဖြင့် ရွှေပေါ်ဆန်းဈေးနှုန်းများမှာ စက်တင်ဘာလဝန်းကျင် စပါးပေါ်ခါနီး၊ ဆန်ဟောင်း လက်ကျန်နည်းပါးချိန်မှသာ ဈေးတက်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ရှားပါးမှုကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင်ဆန်ပွဲရုံ ပိုင်ရှင်တဦးက “စစ်ဖြစ်တာရယ်၊ မီးရှို့ခံရတာရယ်တွေကြောင့် စက်ပိုင်တွေကရော စပါးတွေကို ရတဲ့ ဈေးနဲ့ရောင်း၊ စပါးလှောင်ထားတဲ့သူတွေကလည်း အပျက်အစီးတွေ များတယ်။ အဲဒီတော့ ရွှေဘိုစပါးက ရှားသွားတာပေါ့။ ဈေးတက်တာ ပုံမှန်ဒီလိုအချိန်ဆို မတက်ပါဘူး။ အရင်က ရွှေဘိုကနေ ရန်ကုန်အရောက်ကို ကျပ် ၆၂,၀၀၀ လောက်ပဲ ရှိ တာ။ အခု ကျပ် ၇၀,၀၀၀ ကျော်လောက် ဖြစ်သွားတယ်။ အဲဒီတော့ လက်လီဈေးမှာ ပိုတက်သွားတာပေါ့” ဟု ရှင်းပြသည်။
ယခင်က ဆန်တအိတ်လျှင် ကျပ် ၁၀,၀၀၀ တက်ရန်ပင် ပုံမှန်အားဖြင့် ၂/၃ လ ကြာမြင့်တတ်သော်လည်း ယခု အာဏာ သိမ်းပြီးနောက်ပိုင်းတွင်မူ နိုင်ငံတဝှမ်း စစ်မီးပဋိပက္ခများနှင့် အထွေထွေအကျပ်အတည်းများကြောင့် ၂/၃ ပတ်အတွင်း၌ ဈေးနှုန်းကြီးမြင့်စွာ တက်လာခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး စသည်တို့မှာလည်း ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ဈေးတက်ခြင်းအပြင် လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်ရန် စက်သုံးဆီဈေးမှာ လည်း မြင့်တက်လာသဖြင့် စိုက်ပျိုးထုတ်လုပ်မှု စရိတ်များမြင့်ကာ ဆန်ဈေးမှာလည်း မြင့်တက်လာကြောင်း ကုန်သည်များ က ဆိုသည်။
“အခု အခြေအနေအရ ဆန်အများဆုံးထွက်တဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတို့က စိုက်ပျိုးနိုင်သေးတဲ့အတွက် ဆန်ဝယ်လို့ မရ လောက်အောင်အထိတော့ မဖြစ်နိုင်သေးဘူး။ ရွှေဘိုပေါ်ဆန်းကတော့ ရွှေဘိုတနယ်ပဲထွက်တော့ ရှားသွားလို့ မစားရပေ မယ့် ဆန်ကြမ်းနဲ့တခြားဆန်ကို အစားထိုးစားလို့ ရနေမယ်။ ဒါပေမဲ့ သွင်းအားစုတွေ ဈေးမြင့်တော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ က စိုက်ပျိုးတာမလျော့လည်း အထွက်နှုန်းက လျော့နိုင်တယ်။ ဒါကြောင့် ဈေးကတော့ တက်မှာ” ဟု တောင်ဒဂုံမြို့နယ်မှ နှစ်ပေါင်း ၃၀ ကျော် လုပ်သက်ရှိ ဆန်ကုန်သည်ကြီးတဦးက သုံးသပ်ပြောဆိုသည်။
ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ သိရသည့် ဈေးနှုန်းများအရ လက်ရှိတွင် ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ကျပ် ၈၈,၀၀၀ နှင့် ဧည့်မထဆန်ကြမ်း ၁ အိတ်လျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၄၀,၀၀၀ တို့ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်လျက် ရှိသည်။
လက်ရှိတွင် ဆန်ဈေးနှုန်းများအပြင် အခြေခံစားသောက်ကုန်ဖြစ်သော စားဆီဈေးနှုန်းများမှာလည်း စားအုန်းဆီ ၁ ပိဿာ လျှင် ကျပ် ၉,၀၀၀ ထိ မြင့်တက်နေသလို အိမ်သုံးဆေးဝါးများ၊ နာတာရှည်ရောဂါသောက် ဆေးဝါးများမှာလည်း ဈေးကွက် အတွင်း ဈေးနှုန်းများ မြင့်တက်နေပြီး တချို့ဆေးကုမ္ပဏီအရောင်းဆိုင်များမှာ ပိတ်ထားရသည်ထိ ဖြစ်ပေါ်နေသည်။
ရွှေပြည်သာမြို့နယ်နေ စက်ရုံအလုပ်သမားတဦးက “အခုကတော့ အကုန်တက်တာ။ ဆန်၊ ဆီ၊ ကြက်သွန်၊ သားငါး၊ ဟင်း သီးဟင်းရွက်၊ ကော်ဖီမစ်ကအစ တက်တာ။ တက်ပြီးလည်း ဈေးကဘယ်တော့မှ ပြန်မကျဘူး။ တက်မလာတာကတော့ ဝင် ငွေပဲ။ အရင်လို ဆန်ကိုလည်း ကောင်းတာ မစားနိုင်တော့ပါဘူး။ ဝင်ငွေနဲ့ထွက်ငွေက မလောက်ငတော့ ဆန်ကြမ်းနဲ့ ဟင်း တခွက်ပါအောင်တောင် မနည်းစားနေတဲ့ အခြေအနေ ဖြစ်နေပြီ” ဟု ဆိုသည်။