သတင်း

ခင်ဦးတွင် စစ်တပ်က ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၀ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းတပ်သည် ၁ ပတ်ကျော် အတွင်း ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ခဲ့ပြီး သောင်းနှင့် ချီသော ဒေသခံပြည်သူများမှာလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေကြရသည်။

ခင်ဦးမြို့နယ်သို့ ဇူလိုင် ၁၇ ရက်နေ့မှ စတင်ကာ ရေဦးမြို့နယ် ဘက်မှလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်နှင့် ရဟတ်ယာဉ်ဖြင့် ထပ်မံ အင်အားဖြည့်လာသည့် ၆၀ ခန့်တို့ ပေါင်းပြီး စစ်ကြောင်း ၄ ကြောင်းခွဲ၍ စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၃ ဦးနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၇ ဦးတို့ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရွာခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ဒေသခံ တဦးက “သေတဲ့လူတွေထဲမှာ သေနတ်နဲ့ပစ်လို့ သေတဲ့လူလည်း ရှိတယ်။ နောက်သေနတ်နဲ့ ပစ်လို့ မသေသေးတဲ့ လူကို ဓားနဲ့မွှန်းပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ပြီး သေနတ်နဲ့ ပစ်ခဲ့တာလည်း ရှိတယ်။ သေနတ်နဲ့ ပစ်ခတ်ပြီးတော့ မီးထဲ ထည့်ထားခဲ့တာတွေလည်း ရှိတယ်” ဟု ပြောသည်။

ကျဆုံးခဲ့သည့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီနှင့် အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခဲ့ခြင်း မဟုတ်ဘဲ စစ်တပ်က ဖမ်းဆီးပြီးမှ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၇ ရက်နေ့တွင် သာဝတ္ထိ ကျေးရွာအတွင်း စီးနင်းခဲ့သည့် စစ်ကောင်စီတပ် ထွက်သွားပြီ အထင်ဖြင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရွာအတွင်း ရှိနေသည့် ဒေသခံများကို ကူညီကယ်ဆယ်ရန် အတွက် သွားရောက်စဉ် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ခင်ဦးမြို့နယ်၊ ကံသစ်ရွာအား ဇွန်လထဲတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မှတ်တမ်းများ (ဓာတ်ပုံ – CJ)

အလားတူပင် မကျီးအုပ်ရွာတွင် စစ်တပ်က ပစ်ခတ်လိုက်သည့် ကျည်ထိမှန်ထားသော အသက် ၁၃ နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်းကို ဆေးရုံပို့စဥ် လမ်းခရီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ပြီး ဆေးရုံပို့ပေးသည့် ကာကွယ်ရေး PDF ခေါင်းဆောင်ကိုလည်း ပစ်ခတ်သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုသို့ ဆေးရုံပို့ဆောင်သူကို ပစ်ခတ်သတ်ဖြတ်သကဲ့သို့ ကားပေါ်တွင် ပါလာသည့် လူနာကိုလည်း ဆွဲချကာ ရေမြောင်းတခုထဲတွင် ပစ်ထားခဲ့ပြီးနောက် အဆိုပါ ကလေးငယ် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းရွာမှ ဒေသခံ တဦးက “သူက အိပ်ယာထ မျက်နှာသစ်နေတဲ့ အချိန် မူးဘောင်ပေါ်ကနေ သေနတ်နဲ့ ပစ်လိုက်တာ လက်မောင်းကို ၁ ချက်၊ ရင်ဘတ်ကို ၁ ချက် ၂ ချက်မှန်တာ။ ဒဏ်ရာရလို့ ရွာထဲကို ခေါ်သွားတာ။ ရွာထဲကနေ ကားစီစဉ်ပြီး ရွာက ကာကွယ်ရေး ခေါင်းဆောင်ကနေ ကားနဲ့ လိုက်ပို့တာကို ရွာထိပ်မှာ ထပ်ဖမ်းခံရပြီးတော့ လိုက်ပို့တဲ့ ကာကွယ်ရေးခေါင်းဆောင်ကိုလည်း သတ်ပစ်ပြီး ကလေးကိုလည်း အဲဒီနားက ရေချိုင့်ကြီးထဲကို ပစ်ချထားခဲ့တာပေါ့။ ရေချိုင့်ထဲ ရောက်မှ သေတာ” ဟု ပြောသည်။

စစ်ကောင်စီဝင်ရောက်စီးနင်းသည့် ဇူလိုင် ၂၆ ရက်နေ့က မကျီးအုပ်ရွာတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို သိလျက်ပင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ခင်ဦးမြို့နယ်၊ ကံသစ်ရွာအား ဇွန်လထဲတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မှတ်တမ်းများ (ဓာတ်ပုံ – CJ)

ရွာခံက “ရှေ့တဖွဲ့က ဝင်လာတော့ တိတ်တဆိတ်ဝင်လာတာ။ ရှေ့အဖွဲ့က ရွာကို ပိတ်မိတဲ့ အချိန်ကျမှ နောက်အဖွဲ့က သေနတ်ပစ်ဖောက်လိုက်တော့ ရွာအထွက်လမ်း ရောက်နေတဲ့ ပြည်သူတွေက ပိတ်မိကုန်တာပေါ့။ ရွာထိပ်မှာ ပိတ်မိပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေချိန် မှန်ချင်တဲ့လူမှန် ဆိုပြီး လှမ်းပစ်တာ။ စစ်ရှောင်တွေဆိုတာ သိသိရက်နဲ့ လက်နက်ကြီးနဲ့ အရင်ပစ်တာဗျာ။ ပြီးမှ လက်နက်ငယ်တွေနဲ့ ပစ်တာ” ဟု ပြောသည်။

ထို့ပြင် သေဆုံးသူများထဲတွင် ရှင်မင်းဒွေရွာမှ NLD ပါတီ မြို့နယ်စည်းရုံးရေးမှူး ကိုအောင်နိုင်ဝင်း (၃၅) နှစ်ကို စပါးတိုက် တခုတွင် အဝတ်ပတ်ပြီး မီးရှို့သတ်ဖြတ်ခဲ့ပြီး လက်ပံလှရွာက ဒေါ်ဆီ (၈၉) နှစ်ကိုလည်း အိမ်ဖြင့် တပါတည်း မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများမှာ သာဝတ္ထိ ရွာမှ ကိုစိုးထက် (၁၉)၊ ကိုသာဘိုး (၃၅)၊ ရှင်မင်းဒွေမှ ကိုအောင်နိုင်ဝင်း (၄၅) နှင့် PDF ၂ ဦး (အမည်အတည်ပြုဆဲ)၊ မကျီးအုပ်ရွာက မောင်ခန့်ခန့်ငြိမ်း (၁၃)၊ ဦးဌေး (၅၂)၊ ဒေါ်ဆီ (၈၉) ၊ ကိုအုန်းသီး (၂၀)၊ လောင်းရှည်ရွာက ဖိုးခွား (၁၈) နှစ် တို့ဖြစ်ကြောင်း သိရသည်။

ဒေသခံများ သတ်ဖြတ်ခံရမှုရှိသလို နေအိမ်များအားလည်း မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ လက်နက်ကိုင်များက လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုရက်ပိုင်းအတွင်း ခင်ဦးကို ဝင်ရောက်လာသည့် စစ်တပ်မှာ စစ်ကောင်စီ၏ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေရှိ အမှတ် ၃၃ ခြေမြန် တပ်မဌာနချုပ် လက်အောက်ခံ ရွှေမြို့နယ် အခြေစိုက် အမှတ် ၄၂ ခြေလျင်တပ်ရင်း က ဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံများက ဆိုကြသည်။

ခင်ဦးမြို့နယ်၊ ကံသစ်ရွာအား ဇွန်လထဲတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မှတ်တမ်းများ (ဓာတ်ပုံ – CJ)

၎င်းတို့သည် ခင်ဦးမြို့၏ အရှေ့တောင်ဘက်နဲ့ အနောက်မြောက်ဘက်က ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး လက်တလောတွင် အင်အားထက်ဝက်ခန့် မြို့နယ်အတွင်း ကျန်ရှိနေသေးကြောင်း သိရသည်။

ဒေသခံ တဦးက “နိုင်ငံသားတွေကို ကာကွယ်ရမယ့် အချိန်မှာ ကျနော်တို့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ် အိုးအိမ်တွေကို ဖျက်ဆီးနေတော့ ဒီကောင်တွေက စစ်တပ်လို့ အမည်နာမတောင် မထိုက်တော့ဘူး။ အကြမ်းဖက် ရက်စက်တဲ့ အစွန်းရောက်တဲ့ အဖွဲ့လို့ပဲ ကျနော်တို့ သတ်မှတ်တယ်” ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့သည့် ပြည်သူ စုစုပေါင်း ၂၁၃၃ ဦး ထိရှိလာပြီး ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ သိရသည်။

ထို့ပြင် အာဏာသိမ်းကာလအတွင်း ဇူလိုင် ၁၅ ရက်နေ့အထိ နေအိမ်၊ အဆောက်အအုံ ၂၈,၄၉၁ လုံး မီးရှို့ခံခဲ့ရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ ISP Myanmar ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ထိုထဲတွင် စစ်ကိုင်းတိုင်းသည် မီးလောင်ပျက်စီးမှု အများဆုံးဖြစ်ပြီး ၇၂ ရာခိုင်နှုန်းကျော် နေအိမ်များသည် စစ်ကိုင်းတိုင်းအတွင်းက နေအိမ်များ ဖြစ်ကြောင်း သိရသည်။

Loading