စစ်ကောင်စီက ကုန်စည်စီးဆင်းမှု လမ်းကြောင်းများကို ပိတ်ထားသဖြင့် ဝေးလံခေါင်ဖျားသည့် ချင်းပြည်နယ်ရှိ ပလက်ဝ၊ မတူပီနှင့် ကန်ပက်လက်မြို့ နယ်၊ ကချင်ပြည်နယ် ဖားကန့် မြို့နယ်နှင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တို့တွင် စက်သုံးဆီ အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်း ပြတ်လပ်မှုများ စတင်ကြုံတွေ့နေရကြောင်း ဒေသခံများ ထံမှ သိရသည်။
ပလက်၀မြို့နယ်သို့ အဓိက ကုန်စည်စီးဆင်းရာ ပလက်ဝ-ကျောက် တော် ရေလမ်းနှင့် ပလက်ဝ-မတူပီ ကားလမ်းကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆေးရေးဂိတ် အထပ်ထပ်ဖြင့် ပိတ်ဆို့ကန့်သတ်ထားသဖြင့် အခြေခံစား သောက်ကုန်နှင့် လောင်စာဆီပြတ်နေကြောင်း ပလက်ဝမြို့ခံ ကုန်သည်တဦးက ပြောသည်။
“ဘာကြောင့် ပိတ်သလဲဆိုတာလည်း မပြောဘူး။ ကုန်ဈေးနှုန်းက တက်ပြီးတော့ တက်တယ်။ အခုဆိုရင် ဓာတ်ဆီနဲ့ ဆန်က ကျနော်တို့ကိုယ်တိုင် ရောင်းစရာ မကျန်တော့ဘူး။ မြို့ပေါ်ကလူတွေလည်း ဆိုင်ကယ်ကို ဒီအတိုင်း အိမ်မှာထိုးထား ပြီးတော့ လမ်းလျှောက်သွားနေရတယ်” ဟု သူကဆိုသည်။
လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း၌ ဓာတ်ဆီ ၁ လီတာလျှင် ကျပ် ၆၀၀၀၊ ဆန်ကြမ်း ၁ အိတ်လျှင် ကျပ် ၇၀၀၀၀ ထိ ဈေး နှုန်းမြင့်နေသလို ဈေးဆိုင်များတွင်လည်း ပစ္စည်းများ ပြတ်လပ်နေပြီး လိုသလောက်ဝယ်ယူ၍ မရနိုင်ကြောင်း ဒေသခံ များက ပြောသည်။
အလားတူ မတူပီမြို့နယ်အတွင်း၌လည်း အဓိက ကုန်စည်စီးဆင်းရာ မတူပီ-မင်းတပ် ကားလမ်းကို စစ်ကောင်စီက စစ်ရေး အသုံးပြုနေသည့်အတွက် ချင်းဒေသကာကွယ်ရေးတပ် (CDF) များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေရာ မတူပီမြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီက ပိတ်ဆို့ထားကြောင်း သိရသည်။
မတူပီမြို့ခံတဦးက “ကားတွေ မြို့ဝင်လို့မရသေးတော့ အကုန်ပြတ်လပ်ကုန်တာ။ တယောက်နဲ့တယောက် လှည့်ပတ်ချေးငှား ပြီး အဆင်ပြေသလို စားနေရတယ်။ ဓာတ်ဆီဆိုရင် ဝယ်မရတာကြာပြီ။ ဆန်ဆိုရင်လည်း ဝယ်မရတော့ဘူး။ အခု တချို့ဆိုင် တွေမှာ ဆန်ကွဲ (နှစ်/သုံးပိုင်းချိုး) ကို ကျပ် ၄၅၀၀၀၊ ၅၀၀၀၀ နဲ့ ဝယ်စားရတယ်။ အဲဒါတောင်မှ ပိုက်ဆံရှိတဲ့လူတွေမှ ဝယ် နိုင်တာ။ အများစုကတော့ ပိုက်ဆံလည်း မရှိကြပါဘူး။ မငတ်ရုံ၊ အသက်မသေရုံပဲ ရှိတော့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် မတူပီမြို့နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ယခုနှစ်၌ တောင်ယာလုပ်ငန်းများလည်း မလုပ်နိုင်သည့် အတွက် လာမည့်ကာလများ၌ အငတ်ဘေးနှင့် ကြုံတွေ့ရနိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
ထို့အတူ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သော်လည်း လမ်း ပန်းဆက်သွယ်ရေးကို ပိတ်ဆို့ထားသည့်အတွက် အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေကြောင်း သိရသည်။
ကန်ပက်လက်မြို့ခံတဦးက “ကျနော်တို့ဆီမှာ အဓိက ပြတ်လပ်နေတာက ဆေးဝါး၊ ဆန်နဲ့ မီးဖိုချောင်းပစ္စည်းတွေ ဖြစ်တယ်။ လမ်းကြောင်းတွေ ပိတ်ထားတာ ကြာပြီဆိုတော့ စစ်ကောင်စီကိုကြောက်ပြီး ဘယ်သူမှလည်း မသွားရဲကြဘူး။ ဈေးကတော့ အကုန်တက်တယ်။ လူတွေက ပိုက်ဆံမရှိတော့ ဈေးတောင်မသွားနိုင်ကြဘူး။ ဓာတ်ဆီဆိုင်တွေလည်း ပိတ်ထားတယ်။ စစ်ကောင်စီတပ်က သူတို့ကို ဆိုင်ကယ်စီးပြီး လာပစ်မှာစိုးလို့ ဆီဆိုင်တွေကို ဆီမရောင်းခိုင်းတာလို့ တချို့ကတော့ အဲဒီလို ပြောကြတာ ရှိတယ်” ဟု ဆိုသည်။
ဇူလိုင် ၁၈ ရက်က ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ် မြောက်ပိုင်းတွင်လည်း စစ်ကောင်စီက ကားလမ်းများပိတ်ပြီး စစ်ဆေးမှုများ တင်းကျပ်နေသောကြောင့် ကျေးရွာသား များ ရိက္ခာဝယ်ယူရေးတွင် အခက်ကြုံနေရကြောင်း မောင်တောမြို့နယ်၊ မြဝတီကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
“ကြက်သွန်နီ ၂၀၀ ကျပ်ဖိုးဆို ၁ လုံးလောက်ပဲ ရတော့တယ်။ ကြက်ဥ ၁ လုံး ၅၀၀ နဲ့ ဝယ်ရတယ်။ တနေ့ကတော့ ဆိုင်ကယ်တွေ သွားလို့ရတယ်။ ဈေးဆိုင်ရောင်းတဲ့လူတွေက ကြိမ်ချောင်းဘက်ကို ဈေးသွားဝယ်တာ ရှိတယ်။ ဆိုင်ကယ်နဲ့ ဆိုတော့ ပစ္စည်းက အများကြီးသယ်လို့ မရဘူး။ စစ်တပ်က ဂိတ်တွေမှာ မှတ်ပုံတင် ပြရတယ်။ ကျေးရွာထောက်ခံစာ စစ် တယ်။ ရဲစခန်းထောက်ခံစာ ပြရတယ်။ အဖမ်းခံရမှာစိုးလို့ ယောက်ျားတွေကတော့ မသွားဘူး။ အမျိုးသမီးတွေပဲ ဆိုင်ကယ် နဲ့ ဈေးသွားဝယ်နေရတယ်” ဟု ၎င်းက ဆိုသည်။
စစ်အာဏာရှင် အလိုမရှိကြောင်း ယနေ့အချိန်ထိ နေ့စဉ်မပြတ် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ရှိနေ သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌လည်း စစ်ကောင်စီက အင်တာနက်များ ဖြတ်တောက်ထားသလို ပြီးခဲ့သည့် မေလ ကတည်းက ရိက္ခာသယ်ယူခွင့်ကိုပါ ပိတ်ထားသောကြောင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေသလို စက်သုံးဆီမှာ လည်း ပြတ်လုနီးပါး ဖြစ်နေကြောင်း ဖားကန့်မြို့ခံ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “စက်သုံးဆီတွေ မရှိတော့လို့ဆိုပြီး ဆီဆိုင်တွေလည်း ပိတ်ထားကြပြီ။ အဆိုးဆုံးကတော့ လူမှုကူညီရေးအသင်း ကားတွေတောင် ဆီပြတ်လို့ ရပ်ထားကြတယ်။ ဆီဈေးက ကြီးလွန်းတော့ တချို့လူမှုရေးအသင်းကားတွေက နာရေးကိစ္စ မဖြစ်မနေ အခြေအနေမျိုးမှပဲ ထွက်ကြတယ်” ဟု ရှင်းပြသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီသည် စစ်အာဏာရှင် တော်လှန်ရေးတပ်ဖွဲ့များကို ချေမှုန်းရေးအတွက် ဖြတ်လေးဖြတ် စစ်ဆင်ရေးသာမက အရပ်သားပြည်သူများကိုပါ ဦးတည်ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကျေးရွာများအား မီးရှို့ ဖျက်ဆီးခြင်းများကိုလည်း ပြုလုပ်လျက် ရှိသည်။
ထို့ပြင် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများကိုပါ စစ်ကောင်စီက ပိတ်ဆို့ကန့်သတ်မှုများ ပိုတိုးလုပ်ဆောင် လာသဖြင့် မကြာမီအချိန်အတွင်း မြန်မာနိုင်ငံတဝှမ်း အထွေထွေကျပ်တည်းမှု၊ ရိက္ခာပြတ်လပ်မှုနှင့်အတူ အငတ်ဘေးပါ ကြုံတွေ့လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၁ နှစ်ကျော် ကြာလာချိန်၌ မိသားစုများအတွက် အခြေခံစားနပ်ရိက္ခာ ကုန်ကျစရိတ်မှာ ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ တိုးလာပြီး အိမ်ထောင်စုများ၏ ၃ ပုံ ၁ ပုံမှာလည်း ၎င်းတို့မိသားစုများကို ကျွေးမွေးရန် အတွက် အစားအသောက်များကို ချေးငှားခြင်း သို့မဟုတ် အခြားသူများထံမှ အကူအညီကို မှီခိုနေကြရကြောင်း၊ မိသားစု များ၏ ၈၀ ရာခိုင်နှုန်းမှာလည်း စားဝတ်နေရေးအတွက် အဓိက စိုးရိမ်ပူပန်နေရကြောင်း Save the Children က ထုတ်ပြန် ထားသည်။