သတင်း

မြန်မာကို ပိုမိုပြင်းထန်စွာ အရေးယူရန် ASEAN နိုင်ငံခြားရေးဝန်ကြီးများ တွန်းအားပေးမည်

မြန်မာစစ်ကောင်စီသည် အကျပ်အတည်း ဖြေရှင်းရေး အားထုတ်မှုများကို အဟန့်အတား ပြုနေသောကြောင့် မလေးရှားနိုင်ငံက မြန်မာကို ပိုမိုပြင်းထန်စွာ အရေးယူရေး ယခုအပတ် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဦးဆောင်မည်ဖြစ်သည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကွပ်မျက်ခြင်းအား ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရန် မအောင်မြင်ဘဲ ကြိုးစားနေသည့် ASEAN က လွန်ခဲ့သောအပတ်က ရှုတ်ချခဲ့သည်။

မြန်မာသည် လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုမှ စတင်ပြီး ဖရိုဖရဲဖြစ်နေကာ စစ်ကောင်စီက အတိုက်အခံများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲသောကြောင့် သေဆုံးသူအရေအတွက်မှာ ၂၁၀၀ ကျော်ပြီဖြစ်ကြောင်း ပြည်တွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တခု၏ အဆိုအရ သိရသည်။

ဗုဒ္ဓဟူးနေ့တွင် ဖနွမ်ပင်တွင် ကျင်းပမည့် ဝန်ကြီးများအစည်းအဝေးသည် လွန်ခဲ့သောနှစ် ဧပြီလက သဘောတူခဲ့သည့် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖေါ်ရေးတိုးတက်မှု မရှိသည့် ကိစ္စကို စိတ်ပျက်ကြောင်း ဖေါ်ပြမည်ဟု မျှော်လင့်ရသည်။ ထိုသဘောတူညီချက်တွင် အကြမ်းဖက်မှု ချက်ခြင်း ရပ်တန့်ရေးနှင့် စစ်ကောင်စီနှင့် အာဏာသိမ်းမှုဆန့်ကျင်သူများအကြား တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားသည်။

မကြာသေးမီက ဖြစ်ရပ်များအတွက် လွန်စွာ စိုးရိမ်ပူပန်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် တောင်းဆိုခြင်းအပြင် ထိုဝန်ကြီးများသည် ဘုံသဘောတူညီချက် ၅ ချက်ကို ထိထိရောက်ရောက်နှင့် အပြည့်အဝ အကောင်အထည် ဖေါ်ရေး ခိုင်မာသောလုပ်ရပ်များကို တောင်းဆိုမည်ဖြစ်ကြောင်း AFP သတင်းဌာနက ရရှိသည့် ပူးတွဲကြေညာချက်မူကြမ်းအရ သိရသည်။

ဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်ပြီး တိုးတက်မှုမရှိဘဲ တနှစ်ကျော်လာပြီးနောက် ASEAN သည် အလုပ်မဖြစ်သော စကားဝိုင်းသက်သက်ဖြစ်သည်ဟု ဝေဖန်သူများက လှောင်ပြောင်ပြီးနောက် မလေးရှားနိုင်ငံသည် ထိုသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်ရေးအတွက် မူဘောင်ကို တင်ပြမည်ဖြစ်သည်။

“အဲဒီမူဘောင်ရဲ့ အဓိက အနှစ်သာရကတော့ အဆုံးသတ်ရလဒ် ရရှိရေးဖြစ်တယ်။ အဆုံးသတ် ရလဒ် ရကိုရရမယ်။ ဘုံသဘောတူညီချက် ၅ ချက်ရဲ့ အဆုံးသတ်ရလဒ်က ဘာလဲ” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗ္ဗဒူလာက AFP သတင်းဌာနသို့ ပြောသည်။

ပြက်ရယ်ပြုနေခြင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သော်လည်း မြန်မာစစ်ကောင်စီသည် ကွပ်မျက်မှုများကို ဆက်လက်ပြုလုပ်သောကြောင့် ASEAN အတွင်း စိတ်ပျက်မှုများ ကြီးထွားနေသည်။

ကွပ်မျက်ခံရသူများတွင် ရက်ပ် တေးဂီတသမားမှ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ ကိုဖြိုးဇေယျာသော်နှင့် ဝါရင့်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီခေါ် ကိုကျော်မင်းယုတို့ ပါဝင်သည်။

“ထိုသို့လုပ်ဆောင်ခြင်းသည် ဘုံသဘောတူညီချက်အစီအစဉ်ကို လှောင်ပြောင်ပြက်ရယ်ပြုနေခြင်း ဖြစ်သည်” ဟု ဆိုင်ဖတ်ဒင်က လွန်ခဲ့သော ရက်သတ္တပတ်ကုန်က သတင်းစာဆောင်းပါးတစောင်တွင် ရေးသားသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က ထိုကွပ်မျက်မှုများသည် အကျပ်အတည်းဖြေရှင်းရန် ASEAN ၏ အားထုတ်မှုများကို နောက်ဆုတ်သွားစေသည်ဟု ပြောပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ တန်နီး ဆန်ဂရက်က ထိုလုပ်ရပ်သည် မြန်မာ၏ စိတ်ရှုပ်စရာ ပြဿနာကို ပိုမိုဆိုးရွားသွားစေသည်ဟု ပြောသည်။

သို့သော် မည်သည့်နိုင်ငံမျှ မြန်မာကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်သည်အထိ တောင်းဆိုမည်ဟု မျှော်လင့်မထားကြောင်း ASEAN အဆင့်မြင့်သံတမန်တဦးက AFP သို့ပြောသည်။

သို့သော် မလေးရှားနှင့် ဖိလစ်ပိုင်ဦးဆောင်သော အချို့နိုင်ငံများသည် ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်သည့် တိုးတက်မှုမရှိက လာမည့် နိုဝင်ဘာ ထိပ်သီးအစည်းအဝေး အပါအဝင် ASEAN အစည်းအဝေးအားလုံးသို့ စစ်ကောင်စီက ဝန်ကြီးများကို စေလွှတ်ခြင်းအား ပိတ်ပင်လိုသည်။

“အစိုးရ နိုင်ငံရေးရာထူးခန့်အပ်ခံရသူ အထူးသဖြင့် စစ်ကောင်စီက လူတွေကို မကြိုဆိုဘူး” ဟု ဖိလစ်ပိုင်၏ ASEAN ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် အက်စ်ပီရီတု ပြောသည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖနွမ်ပင်သို့ ဖိတ်ကြားထားခြင်း မရှိသလို ဖေဖေါ်ဝါရီလက ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း ချန်လှပ်ထားခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို လွန်ခဲ့သောနှစ်က ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် သပိတ်မှောက်ခဲ့သည်။

“ဒီအစည်းအဝေးမှာ မြောက်ကိုရီးယားကိုတောင် ဖိတ်လို့ရတယ်။ ဒါပေမယ့် မြန်မာစစ်ကောင်စီကိုတော့ ဖိတ်လို့မရဘူး။ ဒါက မြန်မာဘယ်လောက် အိမ်နီးချင်းတွေကြားမှာ အထီးကျန်နေတာကိုပါ ပြသနေတယ်” ဟု နိုင်ငံတကာသေနင်္ဂဗျူဟာလေ့လာရေးအင်စတီကျုမှ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူတဦးဖြစ်သူ အာရွန် ကော်နယ်လီ ပြောသည်။

ပင်လယ်ရေကြောင်း ပြဿနာ

ယူကရိန်း-ရုရှား ပဋိပက္ခအပြင် ယခုဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်တင်းမာမှုသည်လည်း အစည်းအဝေးတွင် အပြင်းအထန် ဆွေးနွေးမည့် ကိစ္စများ ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်သည် ထိုအစည်းအဝေးသို့တက်ရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီ ဆာဂျီ လက်ဗရော့တို့လည်း ASEAN နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

သို့သော် သုတေသီများသည် တရုတ်၏ မဟာမိတ် ကမ္ဘောဒီးယားက နောက်ဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၂ ခုနှစ်က အငြင်းပွားပင်လယ်ပြင်ပြဿနာတွင် ကမ္ဘောဒီးယားက တရုတ်ဘက်မှ ရပ်တည်သောကြောင့် ပူးတွဲကြေညာချက်မထုတ်နိုင်သည့် ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ်မည်ဟု မမျှော်လင့်ကြပေ။

“ကမ္ဘောဒီးယားက သင်ခန်းစာရသွားပြီ။ ASEAN အနေနဲ့ ပူးတွဲကြေညာချက် မထုတ်နိုင်တာ အဲဒါ ပထမဆုံး အကြိမ်ဖြစ်ပြီး ကြီးမားတဲ့ တန်ပြန်ထိုးနှက်ချက်ကို ခံခဲ့ရတယ်” ဟု ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ သုတေသီ သစ်တင်နန် ပေါင်ဆူဒီရတ် ပြောသည်။ “ဟွန်ဆန်က ကိုယ့်ဒုက္ခကိုယ်မရှာချင်တော့ဘူး” ဟု သူပြောသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်တခုလုံးကို ၎င်းတို့ ပိုင်နက်ဖြစ်ကြောင်းပြောနေပြီး ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့က ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောကြားထားသည့် ပိုင်နက်များလည်း ရှိနေသည်။

ကိုးကား။ ။ AFP ၏ ASEAN foreign ministers to push for tougher action on Myanmar

You may also like these stories:

မြန်မာက ကွပ်မျက်မှုများဖြင့် တရုတ်ကို ပါးရိုက်လိုက်သည်

ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးကို သုံးရန် ASEAN သံတမန် အိပ်မက်

ဂျပန်က စစ်ကောင်စီကို ထောက်ခံနေခြင်းသည် မှားယွင်းနေ

ထပ်မံကွပ်မျက်ရန် ပြင်ဆင်နေခြင်းကို ကမ္ဘာက ချက်ခြင်းအရေးယူရန်လို

Loading