ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် အဖမ်ခံခဲ့ရသည့် ဂျပန်နိုင်ငံသား လူငယ် ဒါရိုက် တာ မစ္စတာ တိုရု ကူဘိုတာ အား အမြန်ပြန်လွှတ်ပေးရန် ဂျပန်အစိုးရမှ စစ်ကောင်စီအား ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် တောင်းဆိုသည်။
ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဂျပန်အစိုးရအဖွဲ့ ဒုတိယအတွင်းဝန်ချုပ် ဆိုင်ဂျိ ကီဟာရာက ထိုသို့ ပြော ဆိုလိုက်ခြင်း ဖြစ်သည်။
မစ္စတာ တိုရု ကူဘိုတာအား တွေ့ဆုံခွင့်ရရန်နှင့် ပြန်လွှတ်ပေးရန်အတွက် ဂျပန်သံရုံးအနေဖြင့်လည်း စစ်ကောင်စီ ထံသို့ တောင်းဆိုမှုများ ပြုလုပ်နေပြီး လက်ရှိတွင် ၎င်းအား ရဲစခန်းတခု၌ စစ်ဆေးမေးမြန်းနေသည်ကို သိရကြောင်း ၎င်းက ဆို သည်။
အဆိုပါ ဂျပန်နိုင်ငံသားမှာ အသက် ၂၀ ကျော်အရွယ်ရှိ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးသူ (Documentary Flimmaker) တဦး ဖြစ်ကြောင်း ဂျပန်သတင်းဌာန TBS News က ဖော်ပြထားသည်။
ဇူလိုင်လ ၃၀ ရက်၊ ညနေ ၃ နာရီဝန်းကျင်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြပွဲအပြီး လူစုခွဲ၍ အငှားကားပေါ်သို့တက်ရန် ပြင်နေစဉ်မှာပင် စစ်ကောင်စီတပ်သားများက Probox ကားနှင့် ရောက်ရှိလာပြီး လူငယ် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့်အတူ မစ္စတာ တိုရု ကူဘိုတာ တို့အား ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံ မစ္စတာ တိုရု ကူဘိုတာ အပါအဝင် ဖမ်းဆီးခံ လူငယ် ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဇူလိုင်လ ၃၁ ရက်က ဂျပန်ရောက် မြန်မာများနှင့်ဒီမိုကရေစီအရေး လိုလားသူ ဂျပန်နိုင်ငံသားများက ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးရုံးရှေ့ တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် သတင်း ယူနေသည့် ဂျပန်လူမျိုး အလွတ်တန်း သတင်းထောက် Yuki Kitazumi မှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရပြီး တလ ခန့်အကြာ ပြန်လည် လွတ်မြောက်လာခဲ့သည်။
You may also like these stories:
ဂျပန်က စစ်ကောင်စီကို ထောက်ခံနေခြင်းသည် မှားယွင်းနေ
မြန်မာကို ပိုမိုပြင်းထန်စွာ အရေးယူရန် ASEAN နိုင်ငံခြားရေးဝန်ကြီးများ တွန်းအားပေးမည်