မန္တလေးမြို့၌ လုံခြုံရေး တင်းကျပ်ကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေရာ ယနေ့နံနက်ကလည်း အောင်မြေသာ စံမြို့နယ် မြောက်ပြင် အမရဌာန အနောက်ရပ်ကွက် ၈၆ လမ်းနှင့် ၈ လမ်းအနီးရှိ နေအိမ်တအိမ်ကို ဝင်ရောက် စီးနင်း၍ လူငယ် ၁၀ ဦးခန့်ကို ဖမ်းဆီးသွားကြောင်း သိရသည်။
အဖမ်းခံရသူများမှာ မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့ Myanmar Return Ranger Force- MRRF အဖွဲ့မှ ဗိုလ်အောင်မြေ နှင့် UG အဖွဲ့ အသီးသီးမှ အဖွဲ့ဝင်များဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
မန္တလေး အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တခုမှ ဗိုလ်ဖီးနစ်က “ငှားထားတဲ့ အိမ်ကို အင်အားသုံး စီးနင်းပြီး MRRF UG အဖွဲ့က ဗိုလ်အောင်မြေနဲ့ ကောင်လေး တချို့ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဖုန်းတွေရော ပါသွားတာ ဆိုတော့ သူတို့ အကောင့်တွေကိုပါ စစ်ခွေးတွေက ထိန်းချုပ်လိုက်ကြတယ်။ ဒါကြောင့် အချိတ်အဆက် ရှိတဲ့သူတွေ အချိန်မီ သိရအောင်လို့တော့ သက်ဆိုင်ရာ အဖွဲ့တွေက အသိပေးထားကြပါတယ်၊ အဓိကတော့ ယောက်ျားလေးတွေ ပဲ စုပြီး နေကြတာကို သတိထားမ်ိပြီးတော့ အခုလို အစီးခံရတာ ဖြစ်မယ်” ဟု ပြောသည်။
ဗိုလ်အောင်မြေ ဦးဆောင်သည့် Myanmar Return Ranger Force-MRRF အဖွဲ့သည် ဧပြီလမှ စတင်ကာ Mother Son Mandalay Force၊ Kings Cobra Guerilla Force- MDY အဖွဲ့များနှင့် မဟာမိတ်ပြုကာ စစ်တပ်ပိုင် မြဝတီဘဏ်၊ စစ်ကောင်စီ ထောက်တိုင် ကမ္ဘောဇဘဏ်၊ အုပ်ချုပ်ရေးမှူးရုံးများနှင့် ထောက်တိုင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ သော အဖွဲ့ ဖြစ် ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများ၏ အမည်နှင့် အဖွဲ့အစည်းများကို အသေးစိတ် မသိရှိရသေးသလို မည်သည့်နေရာသို့ ဖမ်းဆီး ခေါ် ဆောင်သွားသည်ကို မသိရှိရသေးဟု တော်လှန်ရေး အင်အားစုများထံက သိရသည်။
အလားတူ ယနေ့ (သြဂုတ် ၁) နေ့လယ်ပိုင်းတွင်လည်း ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ၈၅ လမ်းပေါ်ရှိ အောင်မြင်သူ စက် သုံးဆီဆိုင်မှ ဗလကြီးဟု ခေါ်သည့် လူငယ်တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မှားယွင်းဖမ်းမိသည် ဟု ဆိုကာ ပြန်လည် ပို့ဆောင်ခဲ့ပြီးနောက် အောင်မြင်သူ စက်သုံးဆီဆိုင်မှ ခိုင်ထွန်း အိတ်ဆိုင်မှ လူငယ်တဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်း ကလည်း မန္တလေးမြို့အခြေစိုက် DRM Rangers Mandalay – PDF မှ ရဲဘော်အချို့ ဖမ်း ဆီးခံရသည့်အပြင် ခိုလှုံအိမ်ပါ ဝင်စီးခံခဲ့ရသည်။
လတ်တလော၌ စစ်ကောင်စီက မန္တလေးမြို့ နေရာ အများစု၌ ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ ပိုမို လုပ်ဆောင်ကာ လူငယ်များကို ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်လာကြောင်း မန္တလေးမြို့ခံများနှင့် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက ပြော သည်။
ထိုသို့ စစ်ဆေး ဖမ်းဆီးခြင်းများကို ဇူလ်ိုင်လဆန်းပိုင်းမှ စတင်ကာ ရွေ့လျား ပုံစံမျိုးဖြင့် လုပ်ဆောင်လာကြပြီး မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များနှင့်အတူ အရပ်သား လူငယ်များကိုပါ ဖမ်းဆီးလျက်ရှိရာ ယနေ့အချိန်ထိ အဖွဲ့ဝင် ၈၀ ကျော် ထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။
“စစ်ကောင်စီက မြေပြင်မှာ သူတို့ကို ဆန့်ကျင်နေတဲ့သူတွေကို အပြတ်ရှင်းလင်းမယ်ဆိုတဲ့ ပုံစံအတိုင်း လုပ်နေတာ ပဲလေ။ မြေပြင်သပိတ် ဦးဆောင်တဲ့သူတွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေကို အဓိက ပစ်မှတ်ထားပြီးတော့မှ ဖမ်းဆီးနေ တာပေါ့နော်၊ အခုလက်ရှိ ဖမ်းခံကြရတဲ့အထဲမှာ တော်လှန်ရေးနဲ့ မသက်ဆိုင်တဲ့ လူငယ်တွေပါ ပါနေတယ်၊ အဲဒီလို လူငယ်တွေကို မတရာတဲ့ ပုဒ်မတွေ အမျိုးမျိုးတပ်နေတာ အားလုံးအသိပဲလေ” ဟု ဗိုလ်ဖီးနစ်က ပြောသည်။
ထိုသို့ စစ်ဆေး ဖမ်းဆီးခြင်းများကို စစ်ကောင်စီလက်အောက်ခံ တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအပြင် အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ထားသူများလည်း ပါဝင်နေပြီး အိမ်စီးကားများအပြင် လူမှုရေးအသင်းကားများ၊ ဘုန်းကြီး ကျောင်းတွင် အသုံးပြုသည့် ကားများကိုပါ အသုံးပြုလာကြကြောင်း၊ စစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း ယခင်ထက် အချိန်ယူ စစ်ဆေးခြင်းနှင့်အတူ လူနေရပ်ကွက်များကိုလည်း ပိတ်ဆို့ကာ ဧည့်စာရင်း စစ်ဆေးခြင်းများကိုပါ လုပ် ဆောင်နေကြကြောင်း သိရသည်။
မန္တလေး ပြောက်ကျားအဖွဲ့ တခုဖြစ်သည့် Mandalay Prople Rescue (MPR) က “အခုလဆန်းပိုင်းကစပြီး အဖမ်း အဆီးတွေ အရမ်း များလာတယ်။ အချို့ဆိုရင် လူမသိသူမသိနဲ့ အဖမ်းခံရတာတွေထိ ရှိတယ်။ ပြီးတော့ ရပ်ကွက် တွေကို ပိတ်ဆို့ပြီး ဧည့်စာရင်း စစ်တာတွေလည်း အတော် စိပ်လာတယ်။ ပြောရမယ်ဆိုရင် မန္တလေးကို ပိုပြီး ဖိနှိပ်လာ တဲ့သဘောပဲ။ UG အဖွဲ့ကနေ တယောက်လောက် အဖမ်းခံလိုက်ရပြီဆိုရင်လည်း အဆက်အစပ် ရှိသူတွေကို ဆက် တိုက် ဖမ်းဆီးတာတွေ လုပ်နေတယ်” ဟု ပြော သည်။
ဖမ်းဆီးခံရမှုများအနေဖြင့် ဇူလိုင် ၂၈ ရက်က မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အနောက်ရပ်ကွက်မှ သနပ်ခါး အရောင်းအဝယ် ပြုလုပ်သော နေအိမ်မှ မိသားစုဝင် ၃ ဦးကို ဖမ်းဆီးခဲ့သလို ၄၃ လမ်းနှင့် ၄၄ လမ်းကြား၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြားရှိ နေအိမ်တအိမ်သို့ အရပ်ဝတ်များ လိုက်ပါလာသော အိမ်စီးကားဖြင့် လူငယ်၂ ဦးကို ဖမ်းဆီးသွား ကြောင်း သိရသည်။
“အခု နောက်ပိုင်းမှ စစ်ခွေးတွေက ကျနော်တ်ို့ အဖွဲ့တွေကို တွေ့ရင် အသေပစ်သတ်တဲ့ လုပ်ရပ်တွေကို လုပ်လာကြပြီ၊ အရှင်ဖမ်းလို့ ရတာတောင် မဖမ်းတော့ဘူး၊ ပြီးတော့ လူမသိ သူမသိနဲ့ အစဖျောက်တာတွေလည်း လုပ်လာကြတယ်၊ ဒဏ်ရာ ရထားတဲ့သူဆိုရင်လည်း ဆေးကုမပေးဘဲ ဒီအတိုင်းထားပြီး စစ်ကြောရေး လုပ်တာတွေကြောင့်လည်း မသေ သင့်ဘဲ သေတဲ့ သူတွေလည်း ရှိတယ်။ အချို့ဆိုရင် အခုထိ စစ်ကြောရေး ငရဲခန်းထဲမှာ ရှိနေကြသေးတယ်။ အချို့ မိသားစုတွေနဲ့ အဆက်အသွယ် မရသေးကြသလို၊ မိသားစုနဲ့ တွေ့ခွင့် မရကြသေးဘူး” ဟု ရွှေဘို ဒေသကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်ရဲခေါင်က ပြောသည်။
ထို့ပြင် ဇူလိုင် ၂၈ ရက်မှာပင် လူငယ်တယောက်ကို ရိုက်နှက်ခေါ်ဆောင်လာပြီး သေနတ်ဖြင့် ချိန်ကာ ၄၂ လမ်းခုံးကျော် တံတားအောက်ရှိ နေအိမ်များကို လိုက်လံပြသခိုင်းခဲ့ကြောင်း၊ ထို့အတူ ဇူလိုင် ၂၇ ရက်ကလည်း မဟာအောင်မြေမြို့ နယ် စိန်ပန်းရပ်ကွက်မှ အမျိုးသားတဦးကို ဖမ်းဆီးသွားပြီးနောက် ညပိုင်းတွင် ဆက်စပ်သူများကိုပါ လိုက်လံဖမ်းဆီးခဲ့ ကြောင်း သိရသည်။
အလားတူ ဇူလိုင်၂၉ ရက်ကလည်း ပုသိမ်ကြီးမြို့နယ်၊ ညောင်ပင်သာ အနောက်ကျေးရွာမှ NLD ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ဦးအောင်နိုင်စိုးကို ရဲ ၅ ယောက် ရောက်လာပြီး နေအိမ်မှာပင် ဖမ်းဆီးသွားပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရသေးဟု နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ထိုသို့ ဖမ်းဆီးခံရမှုတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များပါ ပါရှိနေသဖြင့် DRM Rangers Mandalay – PDF အဖွဲ့က တိုက်ခိုက်မှုများကို ခေတ္တ ရပ်နားမည်ဟု ထုတ်ပြန်ထားသလို Myanmar Revolution Rangers Force – MRRF UG (Mandalay) အဖွဲ့၊ Dragon Warrior MDY-PDF အဖွဲ့ စသည့် အဖွဲ့များ မန္တလေးမြို့မှ စွန့်ခွာခဲ့ကြပြီး ဇေယျ စစ်ဆင်ရေး အမည်ဖြင့် လှုပ်ရှားခဲ့သည့် အနက်ရောင်သေမင်း အဖွဲ့လည်း ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
“လက်ရှိ စစ်ကောင်စီကနေ ပိုက်စိပ်တိုက် ရှာဖွေ ဖမ်းဆီး သတ်ဖြတ်နေတာတွေနဲ့လည်း အများကြီး သက်ဆိုင်နေပါ တယ်။ အဓိကတော့ ကျနော်တို့ ထုတ်တဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာမှု အားနည်းတော့ မစ်ရှင်တွေ လုပ်ဆောင်တဲ့ အခါ မအောင်မြင်ဘဲ ဆုံးရှုံးနစ်နာရတာတွေ ရှိလာတယ်။ ပြီးတော့ သတင်းတွေ မပေးတဲ့အတွက်မို့ နေထိုင်ဖို့ အခက် အခဲတွေပေါ့နော်။ ဒါကြောင့် ကျနော်တို့ မန္တလေးမှာ ဆက်နေဖို့ မဖြစ်တော့လို့ အသိုက်ပြောင်းတဲ့ သဘောပါပဲ၊ ကျနော်တို့အတွက် လုပ်ကိုင်ဆောင်ရွက်ရတာတွေ အရမ်း ခက်ခဲလာတာကြောင့်လည်း အခုလို စွန့်ခွာရတာပါ”ဟု အနက်ရောင် သေမင်းအဖွဲ့မှ ဗိုလ်နောင်လေးက ပြောသည်။
စစ်ခေါင်းဆောင်၏ ယနေ့ မိန့်ခွန်းတွင် တိုက်ခိုက်ခံရမှုဖြစ်စဉ်များအနက် စစ်ကိုင်းတိုင်းတွင် ၄၀၂၆ ကြိမ်၊ ရန်ကုန်တိုင်း တွင် ၂၄၄၂ ကြိမ်၊ မန္တလေးတိုင်းတွင်၂၁၉၄ ကြိမ်၊ မကွေးတိုင်းတွင် ၁၃၅၉ ကြိမ်နှင့် အများဆုံး ဖြစ်ပွားခဲ့ပြီး အဆိုပါ ဒေသများ အတွင်း တရား ဥပဒေ စိုးမိုးမှုရှိရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၂၉ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၁၈၂၀ ဦးအနက် ၁၃၆၄ ဦး မှာ ထောင်ဒဏ်ချခံထားရကြောင်း၊ ထို့အပြင် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ ဦးအပါအဝင် ၁၁၉ ဦးထိ သေဒဏ် ချမှတ်ခံထားရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံရထားရသည့် သေဒဏ်ချခံရသူ ၇၇ ဦးထိ ရှိကြောင်း သိရသည်။
You may also like these stories:
ခင်ဦးတွင် စစ်တပ်က ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၀ ဦးကို သတ်ဖြတ်
ကိုဝေမိုးနိုင်၏ ရှေ့နေများ ဝရမ်းထုတ်ဖမ်းဆီးခံရသဖြင့် အမှုများ ကိုယ်တိုင်ထုချေနေရ
ရက်စက်ကြမ်းကြုတ်မှုနှင့် လက်စားချေလိုခြင်းဖြင့် စစ်ကောင်စီခေါင်းဆောင် စိတ်ထင်ရာလုပ်နေ