သတင်း

ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် အလုပ်ကိုင်အခွင့်အလမ်း ဆိုးရွားစွာဆုံးရှုံးနေဟု ILO ဆို

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှု ၁ နှစ်ခွဲကာလအတွင်း မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့် အလမ်းဆုံးရှုံးမှု အလွန်အမင်း ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ သြဂုတ် ၁ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အလုပ်အကိုင်အခွင့်အလမ်း ၁၁ သိန်း (၁ ဒသမ ၁ သန်း) ခန့် နည်းပါးသွားပြီး ၂၀၂၂ ပထမ နှစ်ဝက်၌ အလုပ်အကိုင်ရရှိမှု အခြေအနေ အနည်းငယ် ပြန်ကောင်းလာသော်လည်း လုပ်ငန်းခွင်အတွင်း ဥပဒေအရ အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများ မရှိခြင်းနှင့် ချိုးဖောက်ခံရမှုများ ကြုံတွေ့နေရကြောင်း ဆိုသည်။

၂၀၂၀ တွင် မြန်မာနိုင်ငံ၌ အလုပ်ခန့်ထားနိုင်မှုသည် လူဦးရေ ၂၀ ဒသမ ၄ သန်း ရှိခဲ့ပြီး ၂၀၂၁ တွင် ၁၈ ဒသမ ၆ သန်း ထိ ကျဆင်းလာခဲ့ပြီး ယခု ၂၀၂၂ ပထမနှစ်ဝက်တွင် ၁၉ ဒသမ ၃ သန်းထိ ပြန်လည်တိုးတက်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ILO ၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်က အာဏာသိမ်းယူပြီး ၁၈ လ ကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အ သတ်နဲ့အလုပ်အကိုင်တိုးတက်မှု လက္ခဏာတွေ ရှိနေပေမယ့် လက်ရှိမှာ လုံးပါးပါးနေတဲ့ အလုပ်အကိုင် အခြေအနေ ဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်း စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါ တယ်” ဟု ပြောဆိုသည်။

ILO ၏ အစီရင်ခံစာက ထိုသို့တင်ပြထားသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ လာမည့် ၆ လတာကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်လာမည် ဖြစ်ကြောင်း ပြောဆိုနေသည်။

သြဂုတ် ၁ ရက်က ပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက “ကျွန်တော် ထင်ပါတယ်။ ၆ လအတွင်း တိုးတက်မှု ရပါလိမ့်မယ်။ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်လာမယ်။ အလုပ်လုပ်သူတိုင်း ဝင်ငွေရလာမယ်။ ဝယ်လိုအား တိုးတက်လာမယ်။ ရောင်းကုန်ပစ္စည်းများ တိုးတက်လာတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုမို တိုးတက်လာပါမယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်း မှာသာ ရှိပါတယ်။ တိုင်းပြည်အားနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ကြရပါမယ်” ဟု ဆိုသည်။

ILO ၏ အစီအရင်ခံစာအရ ၂၀၂၁ တွင် လုပ်သားများ၏ ကုန်ထုတ်စွမ်းအားသည် ၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ၂၀၂၂ ပထမ နှစ်ဝက်၌လည်း နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံကျုံ့ဆင်းသွားခဲ့ကာ စစ်တပ်အာဏာမသိမ်းခင်က ရရှိခဲ့သော အခြေ အနေများကို ပြောင်းပြန် ဖြစ်ပေါ်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီးများကို အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်းတီးပေးထားနိုင်သော အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် လည်း အလုပ်သမား အခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားများအတွက် ဆိုးရွားလှသည့် အလုပ်အကိုင် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက် ရှိကြောင်း ဖော်ပြထားသည်။

အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ကျပန်းအလုပ် လုပ်ကိုင်နေရခြင်း (သို့) နေ့စားအလုပ် လုပ်ကိုင်နေရခြင်းကဲ့သို့ အလုပ်ချိန် များ ပုံမှန်မရှိခြင်း၊ လုပ်ခလစာနှုန်းထားများ လျော့နည်းနေခြင်းနှင့် အလုပ်မှရပ်စဲခံရပါကလည်း ဥပဒေအရ ပေးဆောင်ရ မည့် နစ်နာကြေး (သို့) အကျိုးခံစားခွင့်များ မရရှိခြင်း စသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်းများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်လာနေကြောင်း ILO က ဆိုသည်။

စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါများ၏ နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် ကျဆင်းလာသော စီးပွားရေး အကျပ်အတည်းများကြောင့်လည်း အိမ်ထောင်စုများ၏ဝင်ငွေများ ကျဆင်းသွားစေခဲ့ပြီး ဆင်းရဲမွဲတေမှု ပိုများလာနေသည်။

နိုင်ငံအတွင်း မတည်ငြိမ်မှုကြောင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် အရေအတွက်မှာ လူဦးရေ ၁ သန်း ကျော်ထိရှိနေပြီး ထို အထဲတွင် အမျိုးသမီးနှင့် ကလေးအရေအတွက်မှာ ၇ သိန်းနီးပါးထိ ပါဝင်နေသလို လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်း ဖက်မှုများ ပိုများလာ၍ အိမ်နီးချင်းနိုင်ငံများသို့ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးရသူ အရေအတွက်မှာလည်း ခန့်မှန်းခြေ လူဦး ရေ ၄ သောင်းကျော် ရှိကြောင်း ILO က ဆိုထားသည်။

You may also like these stories:

ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး

ရေကြည်ရာ မြက်နုရာသို့

စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို

စစ်အာဏာသိမ်းမှုအောက် ဆိတ်သုဉ်းသွားတဲ့ အလုပ်သမားထုအသံ

Loading