အာဏာသိမ်း စစ်ကောင်စီက ဒီမိုကရေစီ လိုလားသူများအပေါ် သေဒဏ်ချ သတ်ဖြတ်ခြင်းနှင့် ပတ်သက်ပြီး အင်းစိန် ထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားအများစုမှာ ယနေ့မှစ၍ အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့အား စစ်ခုံရုံးဖြင့် သေဒဏ် ချမှတ်ကာ စီရင်လိုက်ပြီ ဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မတရားသဖြင့် သေဒဏ်စီရင်ခံရခြင်းအပေါ် ဝမ်းနည်း ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံရေး အကျဉ်းသားများက အစာ ငတ်ခံဆန္ဒပြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယင်းပြင် အခြားသော သေဒဏ်ချမှတ်ခြင်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအတွက် အသက်အာမခံချက်မရှိ သည့်အပြင် အခြားသော နိုင်ငံရေးပုဒ်မများနှင့် ဆက်နွယ်၍ ဖမ်းဆီးခံရကာ ပြစ်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား များအပေါ်တွင်လည်း ဖိနှိပ်၊ ခြိမ်းခြောက်မှုများ ပိုမိုပြုလုပ်လာလျက်ရှိနေကြောင်းလည်း သိရသည်။
အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “ထောင်အာဏာပိုင်တွေက မင်းတို့ကို ငါတို့ ရိုက်သတ်လို့ သေရင် စာရွက်တစောင်ပဲ ကုန်တယ်ဆိုတဲ့ စကားကို အမြဲတမ်း သုံးနေတယ်။ နောက်တခါ ကြိုးပေးရင် သမဂ္ဂထဲက တယောက်ပါမယ်လို့ ခြိမ်းခြောက် တာမျိုးတွေလည်း ရှိနေတယ်” ဟု ပြောသည်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် သေဒဏ်ချခံထားရသူများသာမက အခြားသော နိုင်ငံရေး အကျဉ်း သားများလည်း အသက်အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ယုတ်မာရိုင်းစိုင်း အောက်တန်းကျစွာ ပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများအား ကန့်ကွက်ရှုတ်ချရန်နှင့် သွေးကြွေးအား သွေး ကြွေးဖြင့် ပြန်ဆပ်ရန်လည်း အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေး အကျဉ်းသားများက တောင်းဆိုထားသည်။
ပြီးခဲ့သည့် ရက်များကလည်း စစ်ကောင်စီ၏ သေဒဏ်စီရင်မှုအပေါ် ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် အင်းစိန်ထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသားအချို့က ပုံမှန်ဝယ်ယူသုံးစွဲနေကျဖြစ်သည့် ဈေးမှာယူခြင်း၊ ဝယ်ယူခြင်း မပြုလုပ်ဘဲ ငြိမ်း ချမ်း တိတ်ဆိတ်သည့် လှုပ်ရှားမှုများဖြင့် ဆန္ဒ ထုတ်ဖော်မှုအချို့လည်း ပြုလုပ်ခဲ့သေးသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ထုတ်ပြန်ထားချက်အရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်အထိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံရပြီး ထောင် များတွင် ချုပ်နှောင်ခံထားရသူ ၇၇ ဦးနှင့် မျက်ကွယ် သေဒဏ်ချခံထားရသူ ၄၂ ဦး၊ စုစုပေါင်း သေဒဏ်ချခံထားရသူ ၁၁၉ ဦး ရှိကြောင်း သိရသည်။
ယင်းသို့ သေဒဏ်ချမှတ်ခြင်း ခံထားရသူများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် တရားလက်လွတ် သတ်ဖြတ်ခံရမည့် အလားအလာများ ရှိနေကြောင်းလည်း AAPP က ဆိုထားသည်။
You may also like these stories:
ဖမ်းထားသည့် ဂျပန်ဒါရိုက်တာအား အမြန်ပြန်လွှတ်ရန် ဂျပန်အစိုးရ တောင်းဆို
အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံနေရ
အင်းစိန်ထောင်တွင်း ထောင်အစားအစာ ငြင်းဆန် သပိတ်မှောက်မှု ပြီးဆုံး