စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာအား စစ်ကောင်စီက သြဂုတ် ၁ ရက်တွင် လေကြောင်းမှ ဝင်ရောက် စီးနင်းပြီး သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်များ အပါအဝင် ဒေသခံ ၁၀၀ ကျော်ထိ ဖမ်းဆီးထားကာ၊ ၅ ဦး သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထ ပညာသင်ကြားရေးကို လုပ်ဆောင်နေချိန် လေကြောင်း တိုက်ခိုက်ခံရသဖြင့် ထွက်ပြေး တိမ်းရှောင်ချိန် မရလိုက်သော ဒေသခံ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များလည်း ပါဝင်နေကြောင်း သိရသည်။
“လက်ရှိ အခြေအနေကတော့ စိတ်မကောင်းစရာပါ။ စာသင်နေတဲ့ ကလေးငယ် ၆၀ လောက်ထိ မနေ့ကတည်းက ပိတ်မိ နေတာ အခုထိပဲ၊ ကလေးတွေ အများဆုံးက KG တန်းတွေ ဘယ်လိုများ နေကြမလဲ မသိဘူး၊ ရွာသူ၊ ရွာသားတွေလည်း ၁၀၀ လောက် ဖမ်းထားတယ်။ ခွေးတွေလက်ထဲမှာ အချိန်မရွေး တခုခု လုပ်ပစ်နိုင်ပါတယ်။ သူတို့ သတ်ထားတာ အလောင်းက ၅ လောင်းလို့ သိရတယ်၊ အဲဒါပြည်သူတွေပါ” ဟု မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က တာဝန်ရှိသူတဦးက ပြောသည်။
ဖြစ်စဉ်မှာ သြဂုတ် ၁ ရက် နံနက် ၁၀ နာရီကျော်မှ စတင်ကာ မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာကို ရဟတ်ယာဉ် ၄ စီးဖြင့် ၁ နာရီကျော်ကြာအထိ ပိတ်ဆို့ ပစ်ခတ်ခဲ့ပြီး ကျေးရွာအရှေ့ဘက်၌ စစ်ကောင်စီတပ်သားများ ချထားခဲ့ကာ ဝင်ရောက် စီး နင်းခဲ့ကြခြင်းဟု သိရသည်။
“လေယာဉ်တွေနဲ့ ပစ်တာဆိုတော့ ထွက်ချိန်မရဘဲ ပိတ်မိပြီး အဖမ်ခံကြရတာလို့ သိရတယ်။ ပြီးတော့ ညနေပိုင်းမှာ ရွာကို မီးတိုက်ကြတာပဲ။ ရွာသူရွာသားတွေကတော့ ထွက်ပြေးနေကြရတုန်းပဲ။ ရွာအရှေ့ဘက်မှာ ချသွားတဲ့ ခွေးတွေက အခုထိ ရွာထဲမှာ ရှိနေတုန်းပဲ၊ စာသင်ကျောင်းက ရဟတ်ယာဉ်နဲ့ တောက်လျှောက်ပစ်တာဆိုတော့ ကျောင်းအပြင်ကို မထွက်နိုင်ခဲ့ ကြဘဲ ပိတ်မိနေခဲ့ကြတာ။ ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေနဲ့ နောက်ဆက်တွဲ အခြေအနေကတော့ မသိရသေးဘူး”ဟု ဒေသခံတဦးက ပြောသည်။
လက်ပံကျင်းရွာသည် မြင်းမူမြို့နယ်နှင့် အရာတော်မြို့နယ်အစပ်တွင် တည်ရှိကာ ကွမ်းစိုက်ပျိုးခြင်း လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြပြီး အ်ိမ်ခြေ ၅၀၀ ခန့်ရှိကြောင်း သိရသည်။
ထိုသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကွမ်းခြံအတွင်း အလုပ် လုပ်နေသည့် အမျိုးသမီးတဦး ဝမ်းဗိုက် ကျည် ထိမှန် သေဆုံးခဲ့သလို၊ ကျန် အမျိုးသမီးတဦးလည်း ကျည်ထိမှန်ကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း၊ ထို့ နောက် ညနေပိုင်းတွင် ကျေးရွာရှိ နေအိမ်များအား စစ်ကောင်စီ တပ်သားများက မီးရှို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့က လက်ပံကျင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ရာ ကာကွယ်ရေးအဖွဲ့များ ထိခိုက်မှု မရှိခဲ့သလို စစ်ကောင်စီတပ်များ၏ ထိခိုက်မှု အခြေအနေကို မသိရှိရ သေးဟု ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့များထံက သိရသည်။
“PDF တွေ တယောက်မှ အထိအခိုက် မရှိပါဘူး။ ဒီနေ့ မနက်ပိုင်းမှာတော့ ကွမ်းခြံသမားတွေရဲ့ တဲတွေကို PDF စခန်းတွေ ထင်ပီး မီးလိုက်ရှို့နေတယ်လို့ သိရပါတယ်။ လက်ပံကျင်းရွာက တရွာလုံး ကွမ်းစိုက်ကြတော့ ကွမ်းခြံတိုင်း တဲတွေရှိ ကြပါ တယ်၊ အပြန်အလှန် ထိတွေ့မှုမှာ သူတို့ဘက်က ထိခိုက် အကျအဆုံးကို မသိရသေးပါဘူး” ဟု People’s Guerillas Commando – Myinmu မှ ဗိုလ်ဘီရွန်က ပြောသည်။
ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ဒေသခံများ၏ ကား ၅ စီး၊ ဆိုင်ကယ် အစီး ၃၀ ကျော်တို့ကိုလည်း သိမ်းဆည်းခံထားရ သလို ဖမ်းဆီးထားသူများအား ယနေ့ (သြဂုတ် ၂ ရက်) နေ့လယ်ပိုင်းထိ ပြန်လွှတ်ပေးခြင်း မရှိသေးဘဲ ကျေးရွာအနီး ဝန်း ကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
လက်ပံကျင်း ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများမှ သတင်းထုတ်ပြန်ရာတွင် ယမန်နေ့က လက်ပံကျင်း ကျေးရွာအတွင်း၌ PDF အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ဝင်ရောက် ဖမ်းဆီးရာ အပြန်အ လှန် ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုဖြစ်စဉ်တွင် PDF ၅ ဦးကို အသေ ဖမ်းမိခဲ့သလို လက်လုပ် သေနတ်၊ လက် ပစ်ဗုံး၊ လက်လုပ် စိန်ပြောင်း၊ ဗုံးသီး၊ မိုင်း၊ လက်နက်ခဲယမ်းများနှင့်အတူ လိုင်စင်မဲ့မော်တော်ကား ၆ စီး၊ လိုင်စင်မဲ့ မော် တော်ဆိုင်ကယ် အစီး ၃၀၊ ဆေးဝါးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အတူ ကျေးရွာအတွင်းမှ အမျိုးသား ၄၀၊ အမျိုး သမီး ၇၃ ဦး ဖမ်းမိခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ထားသည်။
ယခုအခါ စစ်ကောင်စီသည် ရဟတ်ယာဉ်၊ တိုက်လေယာဉ်များကိုပါ အသုံးပြု၍ လေကြောင်းမှတဆင့် အရပ်သားပြည်သူ များကို ပစ်မှတ်ထား တိုက်ခိုက်နေလျက်ရှိပြီး လက်ရှိတွင် လက်ပံကျင်းကျေးရွာ သာမက အနီးဝန်းကျင်မှ ကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
You may also like these stories:
မန္တလေးမြို့မှ နေအိမ်တအိမ်ကို စီးနင်း၍ မြို့ပြပြောက်ကျားလူငယ်များအား ဖမ်းဆီး
ခင်ဦးတွင် စစ်တပ်က ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၀ ဦးကို သတ်ဖြတ်
ကယားပြည်နယ်၌ စစ်တပ်က မြေမြှုပ်မိုင်းထောင်၍ စစ်ရာဇဝတ်မှု ကျူးလွန်နေဟုဆို
ကယားပြည်နယ်၌ စစ်တပ်က မြေမြှုပ်မိုင်းထောင်၍ စစ်ရာဇဝတ်မှု ကျူးလွန်နေဟုဆို
တိုက်ပွဲမပြတ်တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ ခက်ခဲကျပ်တည်းလာ
မူးမြစ်ဘေးရှိ ရွာများမှ ဒေသခံ ၆၀ ကျော် စစ်ကောင်စီတပ် ဖမ်းဆီး