စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေဒူးကျေးရွာနှင့် မှော်တော်ကျေးရွာမှ ပျူစောထီးများက စစ်ဘေးရှောင်ပြည်သူများကို လက်ခံပေးထားမှုဖြင့် ဒေသခံအမျိုးသမီး ၉ ဦးအား ဖမ်းဆီးထားပြီး ၁ ဦးလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက မြေးဒူးကျေးရွာနှင့် မှော်တော်ကျေးရွာမှ ပျူစောထီးများအပါ အင်အား ၁၅၀ ခန့် ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းသည် ဝါးရုံဘုတ်ကျေးရွာသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျီစုကျေးရွာမှ စစ်ဘေးရှောင်များကို လက်ခံထားသည်ဆိုသော အကြောင်း ပြချက်ဖြင့် အဆိုပါ အမျိုးသမီး ၉ ဦးကို မြေဒူးကျေးရွာရှိ ပျူစောထီးစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူဒေသ စစ်ဘေးရှောင်များကို ကူညီနေသူ တဦးက “မှော်တော်ကနေ မြောက်ဘက်ကို စစ်တပ်နဲ့ ပျူတွေပေါင်းပြီး စစ်ကြောင်းထွက်တာကနေ ဝါးရုံဘုတ်ကို ဝင်စီးကြတာ။ အဲဒီလို ဝင်မွှေပြီးတော့ အမျိုးသမီး ၉ ယောက်ကို မြေဒူးပျူစောထီးစခန်းဘက်ကို ဖမ်းခေါ်သွားကြတာ။ ကျီစုဘက်က စစ်ဘေးရှောင်တွေကို လက်ခံထားလို့ ဖမ်းခေါ်သွားကြတာ။ ဖမ်းခေါ်သွားပြီး ၁ ယောက်ကို ၂ သိန်းနဲ့ လာရွေးဖို့ ပျူဘုန်းကြီး ဝါသဝရဲ့တပည့် ပျူခေါင်းဆောင်က ပြောသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့အချိန်ထိ ဖမ်းဆီးခံရသူများကို မြေဒူးကျေးရွာရှိ ပျူစောထီးစခန်း၌ ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မိသားစုဝင်များ အနေဖြင့်မူ ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် ဆက်သွယ်မေးမြန်း မှုကို မဖြေပေးရဲ ဖြစ်နေကြောင်း သိရသည်။
ဒေသခံတဦးက “ဘယ်သူဘယ်ဝါတွေ အဖမ်းခံလိုက်ရတယ်ဆိုတာကို မေးလို့မရဘူး ဖြစ်နေတယ်။ ၃ ယောက်လောက်တော့ သိရပေမယ့် ကာယကံရှင်အသိုင်းအဝိုင်းက မေးလို့မရသလို မပြောရဲကြဘူး ဖြစ်နေတယ်။ သူတို့မှာလည်း ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ အခုလို ပြန်ပေးဆွဲပြီး ငွေအတောင်းခံရတော့ ကြောက်နေကြတာလည်း ပါတယ်။ ဒီဘက်က ရွာတွေကို ပျူစောထီးနဲ့ တပ်က တပ်စွဲထားတာတွေ များလာတော့ ရွာသားတွေက မပြောရဲကြဘူး ဖြစ်နေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၈၊ ၁၉ ရက်များကလည်း စစ်ကောင်စီတပ်များသည် ကန့်ဘလူမြို့နယ်တောင်ပိုင်း၊ ကာဘိုးတိုက်နယ်အ တွင်းရှိ ကျီစုရွာကို စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ဝင်ရောက်စီးနင်းခဲ့မှုအပြီး၌ ရုပ်အလောင်း ၁၂ လောင်း တွေ့ရှိခဲ့ရသလို နေအိမ် ၃၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘုန်းကြီးကျောင်းနှင့် ဗလီကျောင်း ၂ ကျောင်းလည်း ပစ်ခတ်ဖျက် ဆီးခံရကြောင်း သိရသည်။
ထိုသို့ စီးနင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့မှာ ဝါးရုံ ဘုတ်ကျေးရွာရှိ ဆွေမျိုးအသိုင်းအဝိုင်း နီးစပ်သူများထံ ခိုလှုံနေကြရကြောင်း ဒေသခံများက ဆိုသည်။
ဇီးကုန်းမြို့ခံတဦးက “စစ်ရှောင်တွေကို လက်ခံလို့ ဖမ်းတယ်ဆိုတာက သဘာဝမကျတဲ့ လုပ်ရပ်တွေပဲ။ လက်ရှိ စစ်ကိုင်းတိုင်းမှာက စစ်ဘေးနဲ့ မီးဘေးသင့်နေကြတဲ့သူတွေ အများကြီးလေ။ အချို့ရွာတွေဆိုရင် ရွာလုံးကျွတ်မီးတိုက်ခံရလို့ နေစရာစားစရာမရှိ ဖြစ်နေကြ တာ။ အဲဒီတော့ ကိုယ်နဲ့ဆွေမျိုး နီးစပ်ရာတွေမှာ ခိုလှုံနေကြရတာပဲ။ စစ်ရှောင်တွေကို လက်ခံလို့ ဖမ်းတယ်ဆိုတာက အကြောင်းပြချက်တခုပဲ။ တကယ်တမ်းက သူတို့ ပျူအဖွဲ့တွေ အင်အားတိုးချဲ့ဖို့ စစ်သင်တန်းတက်ဖို့ ပြောတာကို လက်မခံ လို့ ဖမ်းတာလို့ပဲ မြင်တယ်” ဟု ပြောသည်။
လက်ရှိတွင် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များ၌ မဘသဆရာတော် ဦးဝါသဝ ဦးဆောင်ကာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းနေလျက်ရှိရာ ကျွန်းလှမြို့နယ်တွင် ကျွန်းလှမြို့နှင့် နယ်လှ၊ သံဘို၊ ဘို့ကုန်း၊ ကျီကုန်း၊ ကန့်ဘ လူမြို့နယ်တွင် ဇီးကုန်းမြို့နှင့် ချပ်ကြီး၊ ချပ်သင်း၊ ပင့်သာ၊ နတ်အင်း၊ ထန်းကုန်း၊ မှော်တော်၊ တောက္ကရှပ်၊ ကံရိုး၊ မင်းကုန်း (ခ)၊ တင်ကုတ်ကြီး၊ ပျဉ်းတော်၊ ကြိုကြာ၊ ညောင်ပင်ကြီး၊ ဆိပ်ဖူးမြောင်၊ မြေဒူး၊ နတ်ပေး၊ ဒါန်းပင်၊ ညောင်ဇင်၊ သင်ပေါင်း ကျင်း၊ ဝက်သိုး(တ)၊ ထန်းတပင်၊ တန့်ဆည်မြို့နယ်တွင် နားဋောင်းကျ၊ ကျွန်းလည်၊ ကဘဲ၊ ဘေရင်း၊ မူးခွ၊ မူးတိမ် စသည့် ကျေးရွာများကို ပျူစောထီးရွာများအဖြစ် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကန့်ဘလူအနောက်ခြမ်း ကျေးရွာများအား ပျူစောထီးခေါင်းဆောင် မဘသဘုန်းကြီး ဦးဝါသဝက ခြိမ်းခြောက်ပြီး ပျူစောထီးသင်တန်းများ တက်ခိုင်းနေကြောင်း၊ ဇူလိုင် ၂၆ ရက်ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာ သော Mi-17 ထောက်ပို့ရဟတ်ယာဉ်သည် ဦးဝါသဝကျောင်းထိုင်ရာ မှော်တော်ကျေးရွာ စာသင်ကျောင်းအတွင်း ဆင်း သက်ပြီး ပျူစောထီးများအတွက် စစ်ကောင်စီမှ ထောက်ပံ့သော လက်နယ်ငယ်များကို ချထားပေးခဲ့သေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသော်လည်း ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ကန့်ဘလူ ဒေသခံတဦးက “အခုက ကန့်ဘလူနယ်ထဲမှာ စစ်တပ်နဲ့ ပျူစောထီးက အနီးကပ်မြင်ရမှပဲ ခွဲနိုင်တော့တာ။ အဝေးကဆိုရင် ခန့်မှန်းဖို့ ခက် လာတယ်။ ဘာကြောင့်လဲဆိုတော့ ပျူတွေအားလုံး ယူနီဖောင်းတွေ ဝတ်ပေးထားကြတာ။ လက်ရှိ ကန့်ဘလူနယ်ထဲက ပျူစောထီးတော်တော်များများ ယူနီဖောင်းတွေ အကုန်ဝတ်ထားကြပြီ။ ရောနေကြတော့ ခွေးလား၊ ပျူလား ခွဲမရတော့ဘူး ဖြစ်နေတာ” ဟု ပြောသည်။
စစ်ကောင်စီဘက်ကမူ စစ်ကောင်စီ ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ဒေသခံပြည်သူ များ၏ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြလာပါက စိစစ်ခြင်း၊ ဖွဲ့စည်းခွင့်ပြုခြင်း၊ လိုအပ်သည့်လက်နက် တပ် ဆင်ပေးခြင်း၊ စစ်မြေပြင်စည်းကမ်းနှင့် စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးကြောင်း၊ လိုအပ်လျှင် ဥပဒေအရ ဒေသ ကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန်သာ ရှိကြောင်း ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
You may also like these stories:
ကန့်ဘလူခရိုင်အတွင်းက လုပ်ငန်းရှင်များကို နေရပ်ပြန်ရန် ပျူစောထီးများ ခြိမ်းခြောက်
မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ
ကန့်ဘလူ မင်းကုန်းရွာကို ပျူစောထီးများ အကြမ်းဖက်ဖိနှိပ်