ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ လီဆူပြည်သူ့စစ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တပ်မ ဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများ ပြုလုပ်လာနေကြောင်း ဒေသခံများနှင့် KIA ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်မှ စတင်ကာ ဝိုင်းမော်မြို့နယ်နှင့် ဆဒုံးမြို့နယ်ကို ဆက်သွယ်သည့် လမ်းကြောင်းတလျှောက်ရှိ လီဆူပြည်သူ့စစ်စခန်း အနည်းဆုံး ၃ ခုကို KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်းများက တိုက်ခိုက်နေခြင်း ဖြစ်သည်။
အဆိုပါ စစ်စခန်းများသည် ဦးရွှေမင်း ဦးဆောင်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပါတီဝင် လက်နက်ကိုင်များ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ ပူးတွဲစခန်းထိုင်သည့် နေရာများလည်း ဖြစ်ကြောင်း ဝိုင်းမော်မြို့ ဒေသခံများထံမှ သိရ သည်။
ယမန်နေ့ (ဩဂုတ် ၂ ရက်) နံနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်ကလည်း ဝိုင်းမော်-ဆဒုံး ကားလမ်းတောင်ဘက် အင်ဝမ့်ယန် ရွာမြောက်ဘက်ရှိ လီဆူပြည်သူ့စစ်စခန်းကို KIA တပ်မဟာ ၅ လက်အောက်ခံတပ်ရင်း ၃ က တိုက်ခိုက်သိမ်းပိုက်ပြီး စခန်း အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA ပြန်ကြားရေးဌာနနှင့် နီးစပ်သည့် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားသည်။
တိုက်ပွဲကြောင့် လက်နက်ကြီးကျည်အချို့ အင်ဝမ့်ယန်ရွာအနီး ကျရောက်ပေါက်ကွဲမှု ရှိခဲ့ပြီး အင်ဝမ့်ယန် ရွာသူရွာသားများ လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဝိုင်းမော်မြို့နယ် ဒေသခံအချို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်ကလည်း ဝိုင်းမော်မြို့အရှေ့ဘက် ဝိုင်းမော်-ဆဒုံး ကားလမ်းဘေးက ဝူယန်ရွာရှိ လီဆူပြည်သူ့စစ်စ ခန်းကို KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) များက ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ တိုက်ပွဲမှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သလို လီဆူပြည်သူ့စစ်အဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့ ကြောင်း၊ KIA ဘက်ကလည်း တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း ဝိုင်းမော်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတရွာမှ ဒေသခံ တဦးက ပြောသည်။
“ပြည်သူ့စစ်တွေကျတော့ လက်နက်ကြီး မရှိတော့ ဂိတ်ထဲကနေပဲ သေနတ်နဲ့ပဲ ပြန်ပစ်ပြီး ရှောင်ကြတယ်ပေါ့။ လာတိုက် တာက PDF နဲ့ KIA လို့ ပြောကြတယ်။ လာဝန်းရံပြီးမှ ပစ်ကြတယ်။ တော်တော်လေးကြာအောင် ပစ်ကြတယ်။ အသေ အပျောက်ကတော့ အတိအကျ မသိဘူး။ လီဆူတွေဘက်က ၆ လောင်းလောက်သေတယ် ပြောတယ်။ သူတို့က တဖောင်း ဖောင်းနဲ့ပစ်လိုက် ၁၀/၁၅ မိနစ်လောက် ငြိမ်သွားလိုက်၊ ပြန်ပစ်လိုက် အဲဒီလိုပဲ ဖြစ်နေတာ။ အဲဒါ ၂ နာရီခွဲကနေ မိုးလင်းခါ နီးထိ အဲဒီလိုပဲ ဖြစ်နေတာ။ လက်နက်ကြီးကတော့ အချက် ၃၀/၄၀ လောက် ပစ်မယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။
ဇူလိုင် ၁၄ ရက်တုန်းကလည်း ဝိုင်းမော်-ဆဒုံး ကားလမ်းတောင်ဘက် နန်းဇော်ယာန်ရွာအနီးရှိ လီဆူပြည်သူ့စစ်စခန်းကို KIA ဘက်က စစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် လီဆူပြည်သူ့စစ်များ စခန်းကို လက်လွှတ်ခဲ့ရကြောင်း၊ KIA က ယင်းစစ်စခန်းကို တိုက်ခိုက်မီးရှို့ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် ၁ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ဝိုင်းမော်မြို့နယ်ဒေသခံများက ပြောသည်။
တိုင်းရင်းသားအရေး လေ့လာသူတဦးက KIA သည် ဝိုင်းမော်မြို့နယ်နှင့် ဆဒုံးမြို့နယ်ကြားက ကားလမ်းကြောင်းတွင် စိုးမိုး နယ်မြေတိုးချဲ့သည့် အနေဖြင့် စစ်ကောင်စီ လက်အောက်ခံ လီဆူပြည်သူ့စစ်စခန်းများကို တိုက်ခိုက်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ဝိုင်းမော်မြို့နယ်နှင့် ဆဒုံးမြို့နယ်ကို ဆက်သွယ်သည့် ကားလမ်းတလျှောက် တိုက်ပွဲများကြောင့် KIA နှင့် စစ်ကောင်စီကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း အမှတ် (၅၈) ခြေလျင်တပ်ရင်းနှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ကားလမ်းဘေးရှိ ဝူယန်ရွာ၌ အင်အားဖြည့်တင်း အထိုင်ချထားကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
ဝိုင်းမော်တွင် အာဏာသိမ်းတပ် စစ်ရေးလှုပ်ရှားနေသဖြင့် ဒေသခံများစိုးရိမ်နေ
ကေအိုင်အေနှင့် နွေဦးတော်လှန်ရေး
စစ်ကောင်စီကြောင့် ကချင်အရပ်သား ထောင်ချီ ထွက်ပြေးနေရ