ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် စစ်ကိုင်းနှင့် မကွေးတိုင်းမှ မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို အလုပ်ထုတ်ခြင်း၊ အလုပ် မခန့်ခြင်းများကို ကြုံတွေ့နေရကြောင်း အလုပ်သမား အဖွဲ့အစည်းများထံမှ သိရသည်။
စစ်ကိုင်းတိုင်း ၅/ နှင့် မကွေးတိုင်း ၈/ မှတ်ပုံတင်ကိုင်ဆောင်သူတချို့ကို ခိုင်လုံသည့် အကြောင်းပြချက် မပေးဘဲ အလုပ်ထုတ်မှုများ ပြုလုပ်နေကြောင်း အလုပ်သမားအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများထံသို့ တိုင်ကြား လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) မှ ဗဟို ကော်မတီဝင်တဦးက “Myanmar Lucky Fortune Garment က ဒီနေ့မှာပဲ ၄ ယောက်ကို ခေါ်ပြီး ထုတ်တယ်။ မင်းတို့က ၅/ နဲ့ ၈/ ကိုင် ဆောင်ထားတဲ့ လူတွေဆိုပြီး ထုတ်လိုက်တယ်။ အကြောင်း ပြချက်က ဘာလဲလို့မေးတော့ အလုပ်သမားကို အကြောင်း ပြချက် ဘာမှမပြောဘူး။ ဒီနေ့မှာ ၄ ဦး ထုတ်တယ်။ နောက်နေ့မှာလည်း ထပ်ဖို့ ရှိတယ်လို့ အလုပ်သမားတွေက ပြော တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုး စန္ဒာစိုး ကလည်း “၇ လပိုင်း လစာထုတ်တဲ့ အထိတော့ ၅/ တွေကို ပေးလုပ်မယ်ပေါ့။ လစာထုတ်ပြီးရင်တော့ အလုပ် ထုတ်မယ်ဆိုတာကို Supervisor တွေ All Super တွေက ပြောပြီ ဆိုပြီးတော့ Report တက်လာတယ်။ အသစ်ကို လက်ခံနိုင်တဲ့ နေရာမှာလည်း ၅/ နဲ့ ၈/ ၉/ (မန္တလေး) တွေကို အလုပ် လက်မခံဘူး ဖြစ်နေတာ” ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်များသည် လှိုင်သာယာ၊ မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ စက်ရုံများတွင် ဖြစ်ပေါ်ရုံသာမက မိုးယံရွှေ လမင်းနှင့် မြတ်ဆုကုဋေတွင်လည်း ၅/ နှင့် ၈/ ကိုင်ဆောင်ထားသည့် အလုပ်သမားများကို အလုပ်ထုတ်ရန် ညွှန်ကြား ချက်များ ရှိကြောင်း မိုးယံနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီသို့ ပြောသည်။
ရွှေပြည်သာမြို့နယ် စက်ရုံမှ အလုပ်သမားတဦးက “ကျနော်တို့ စက်ရုံမှာတော့ အဲဒီ ၅/ နဲ့ ၈/ တွေကို အလုပ်အသစ် နေရာ ထပ်မခန့်ဖို့ အစည်းအဝေးမှာ ညွှန်ကြားလာတာ ရှိတယ်” ဟု ဆိုသည်။
ထိုသို့ လုပ်ဆောင်ရသည့် အကြောင်းအရင်း ခိုင်ခိုင်လုံလုံကိုမူ စက်ရုံဘက်က ပေးလာခြင်း မရှိသော်လည်း ယခု သတင်း စကားများကို အလုပ်သမားများထံ အကြောင်းကြားလာသည့် စက်ရုံလိုင်းတာဝန်ခံများက ၎င်းတို့၏သဘော ထားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားချက်များ ရှိကြောင်း သိရသည်။
အလုပ်သမား အရေး ဆောင်ရွက်နေသူ တဦးက “တချို့သော Supervisor တွေက သူတို့ရဲ့ Social media ပေါ်မှာ တင်တာ ရှိတယ်။ စစ်ကိုင်းက စစ်ကောင်စီကို တော်လှန်ပုန်ကန်တဲ့ တိုင်းဖြစ်တာကြောင့် ၅/ ဆိုရင် ငါ့လက်ထက် ငါ့နေရာမှာ လုံးဝ အလုပ် မရစေရဘူး ဆိုပြီး ဆိုရှယ်မီဒီယာတွေမှာ ထုတ်ပြောတာ တွေ့တယ်။ မြေပြင်စက်ရုံမှာတော့ အကြောင်းအရင်းကို မပြောဘူး အလုပ် ထုတ်တယ်။ ရှိနေပြီးသားသူကို ထပ်ထုတ်ဖို့ အထိကို သူတို့က ပြင်တာပေါ့” ဟု ပြောသည်။
အလုပ်သမား အဖွဲ့အစည်းများထံ တိုင်ကြားချက် ရောက်နေသည့် စက်ရုံများမှာ လှိုင်သာယာမြို့နယ်မှ Myanmar Bestex Garment ၊ China Morning နှင့် ရွှေပြည်သာမြို့နယ်က Green Wings International Co.Ltd ၊ Myanmar Lucky Fortune Garment တို့ ဖြစ်ကြောင်း သိရသည်။
Green Wings lnternational စက်ရုံသည် ၅/ နှင့် ၈/ သာမက ၂/ (ကယား) နှင့် ၉/ မန္တလေး၊ နေပြည်တော် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို မိမိနေရပ်သို့ ပြန်ရမည်ဖြစ်ပြီး နစ်နာကြေးလည်း မပေးနိုင်ကြောင်းကို သူဌေး အပါအ ဝင် Supervisor ၊ All Super များက ဩဂုတ်လ ၁ ရက်တွင် အစည်းအဝေးပြုလုပ်ကာ ခေါ်ယူပြောဆိုမှု ရှိကြောင်း အလုပ်သမား အဖွဲ့များထံမှ သိရသည်။
အလားတူပင် မင်္ဂလာဒုံမြို့နယ်မှ Ti စက်ရုံနှင့် EMC တွင်လည်း ယင်းဖြစ်စဉ်များ ဖြစ်ပေါ်နေကြောင်း သတင်းထွက်ပေါ် နေသဖြင့် EMC စက်ရုံကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် အဆိုပါ ဖြစ်စဉ်မျိုး ညွှန်ကြားချက် မရှိကြောင်း ငြင်းချက် ထုတ်ထားသည်။
EMC စက်ရုံမှ တာဝန်ရှိသူ တဦးက “ကျနော်တို့က ဝန်ထမ်းလျှော့ဖို့ အစီအစဉ်တော့ ရှိတယ်။ ဒါပေမယ့် ၅/ တွေရယ် လို့ ထုတ်တာ မဟုတ်ဘူး။ လုပ်သက်နည်းတဲ့လူတွေ နည်းနည်းလျှော့တာပဲ ရှိတယ်။ ၅/နဲ့ ၈/ ရယ်လို့ မဟုတ်ဘူး။ ပြီးခဲ့ တဲ့ ၁ ပတ်က ထုတ်ထားတာ။ အဲဒီလူတွေလည်း ပါရင် ပါမှာပေါ့နော်။ ပါတယ်ဆိုတာက အကုန်လုံးရောနေတာကိုး အဲဒီလူတွေလည်း ပါမှာပေါ့” ဟု ပြောသည်။
၅/နှင့် ၈/ ကိုင်ဆောင်ထားသူများကို အလုပ်ထုတ်ပယ်သည် ဆိုသည့် စက်ရုံများနှင့် ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ် နေဆဲ ဖြစ်ပြီး ညွှန်ကြားချက် တစုံတရာ ပြုလုပ်ထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့ကို ဘာမှ ညွှန်ကြားထားတာ မရှိဘူး။ ရှိတယ်ဆိုရင် ဒီကိစ္စက သေးတဲ့ ကိစ္စမဟုတ်တော့ ကျနော်တို့လည်း သိမှာပါ။ အဲဒီစက်ရုံတွေ ကိစ္စကိုတော့ သေချာမသိနိုင်သေးဘူး။ စုံစမ်းနေတုန်းပဲ ရှိသေးတယ်။ ကျနော်တို့ကို ဘာမှ တိုင်တန်းတာ မရှိသေးပါဘူး။ ဒီကိစ္စကို Brand တွေကသာ သိသွားမယ်ဆိုရင် စုံစမ်းစစ်ဆေးပြီး အရေးယူတာတွေ လုပ်မှာဆိုတဲ့အတွက် နဂိုကတည်းက ယောကျာ်း၊ မိန်းမတောင် ခွဲလို့ မရတဲ့ အနေအထားမှာ ဒီကိစ္စသာ တကယ် မှန်ခဲ့တယ်ဆိုရင် ဒီစက်ရုံက အချိန်တန်ရင် အော်ဒါ ရမှာ မဟုတ်ဘူး” ဟု ပြောသည်။
ထိုကဲ့သို့ လုပ်ဆောင်နေသည့် စက်ရုံများကို အချက်အလက် ကောက်ယူစုဆောင်းနေပြီး အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ (ILO) နှင့် နိုင်ငံတကာ အစိုးရ အဖွဲ့များထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ထံမှ သိရသည်။
ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများ အဆောင်များတွင် နေထိုင်ရာ၌လည်း ၅/နှင့် ၈/ ကိုင်ဆောင်ထားသူများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများက နေထိုင်ခွင့် မပေးတော့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်ကို တော်လှန်ရာတွင် အင်အားကောင်းသော ဒေသဖြစ်နေသဖြင့် ယခုကဲ့သို့ ရွှေ့ ပြောင်း အလုပ်သမားများ အပေါ်တွင်ပါ စစ်ကောင်စီက ဦးတည် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ပုလဲမြို့နယ်က တော်လှန်ရေး ခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်နဂါးက သုံးသပ်သည်။
ဗိုလ်နဂါးက “လက်ရှိအာဏာသိမ်းထားတဲ့ အုပ်စုရဲ့ ဖိအားကြောင့်လို့ ယူဆပါတယ်။ ဒီအုပ်စုက ကျနော်တို့ ၅/တွေကို နည်းမျိုးစုံနဲ့ ပြဿနာ ရှာနေတဲ့ အခါကျတော့ ဒီအပေါ်မှာ စက်ရုံ အလုပ်ရုံတွေအနေနဲ့ စိုးရိမ်ကြောက်လန့်မှုကြောင့် ဒါမျိုး ဖြစ်လာတယ်လို့ ယူဆတယ်။ ကျနော်တို့ စစ်ကိုင်းက တိုင်းပြည်လွတ်မြောက်ရေးအတွက် တော်လှန်ရေးရဲ့ တပ်ဦး တခုလို့ ပြောလို့ရတယ်။ အဲဒီတော့ အငြှိုးတကြီး တိုက်ခိုက်တာ။ ဒီတိုင်းပြည်ကို ဘယ်တော့မှ လက်မလွတ်ချင် တော့ လူထုလွတ်မြောက်ရေးကို အဓိက လှုပ်ရှားနေတဲ့ စစ်ကိုင်းကို ဖိနှိပ်တာပေါ့” ဟု ဆိုသည်။
ထို့ပြင် မှတ်ပုံတင်အမှတ် ၅/ များကို အလုပ်မလျှောက်ရန် အလုပ်ခေါ်စာကို မေလအတွင်းက မန္တလေးတိုင်း ပြင်ဦး လွင်မြို့နယ်တွင်လည်း ဖြစ်ပေါ်ခဲ့သည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ ISP Myanmar ၏ ထုတ်ပြန်ထားချက်အရ အာဏာသိမ်း ကာလအတွင်း ဇူလိုင် ၁၅ ရက်အထိ နေအိမ်၊ အဆောက်အအုံ ၂၈,၄၉၁ လုံး မီးရှို့ခံရပြီး ထိုထဲတွင် စစ်ကိုင်းတိုင်းသည် မီးလောင်ပျက်စီးမှု အများဆုံးဖြစ်ပြီး ၇၂ ရာခိုင်နှုန်းကျော် နေအိမ်များသည် စစ်ကိုင်းတိုင်းအတွင်းက နေအိမ်များ ဖြစ်ကြောင်း သိရသည်။
ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခံရသည့် ဒေသသည် မကွေးတိုင်း ဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ ၅,၇၀၅ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စုစုပေါင်းပမာဏ၏၂၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ISP Myanmar က ဆိုထားသည်။
You may also like these stories:
ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် အလုပ်ကိုင်အခွင့်အလမ်း ဆိုးရွားစွာဆုံးရှုံးနေဟု ILO ဆို
တိုက်ပွဲမပြတ်တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ ခက်ခဲကျပ်တည်းလာ
မြင်းမူနယ် လက်ပံကျင်းရွာကို စစ်ကောင်စီဝင်စီး လူ ၁၀၀ ကျော် ဖမ်းထား
ကန့်ဘလူ ဒေသခံ အမျိုးသမီး ၉ ဦးအား ပျူစောထီးအဖွဲ့ ဖမ်းဆီး
မန္တလေးမြို့မှ နေအိမ်တအိမ်ကို စီးနင်း၍ မြို့ပြပြောက်ကျားလူငယ်များအား ဖမ်းဆီး